နိုင်ငံရေးသတင်း

တရုတ်တစ်နိုင်ငံတည်းမူကို လိုက်နာသည်ဟု အာဏာရှင်ဟောင်း ဦးသန်းရွှေပြော 

မြန်မာအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာလိုက်နာသည်ဟု ယမန်နေ့ (မေ ၂) က နေပြည်တော်၌ တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang နှင့် တွေ့ဆုံစဉ် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေက ပြောဆိုသည်။ 

ထို့ပြင် တရုတ်၏ အဓိကအကျိုးစီးပွားများနှင့် ပတ်သက်သော ကိစ္စရပ်တိုင်းတွင် တရုတ်နိုင်ငံအပေါ် အခိုင်အမာထောက်ခံသည်ဟု နအဖစစ်အစိုးရ (နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ) ခေါင်းဆောင်ဟောင်း ဦးသန်းရွှေက ပြောကြားသည်ဟုလည်း တရုတ်ကွန်မြူနစ်ပါတီ ဝါဒဖြန့်ချိရေးဌာန၏ သတင်းဌာနတစ်ခုဖြစ်သည့် CGTN က ရေးသားသည်။

“တရုတ်နိုင်ငံဟာ မြန်မာအားကိုးအားထားပြုရတဲ့ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း၊ လုပ်ဖော်ကိုင်ဖက်ကောင်း အမြဲဖြစ်ခဲ့ပါတယ်” ဟု ၁၉၉၂ မှ ၂၀၁၁ အထိ မြန်မာနိုင်ငံကို အုပ်စိုးခဲ့သူ စစ်အာဏာရှင်ဟောင်းက ဆိုသည်။

လယ်ယာစိုက်ပျိုးရေး၊ သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြလမ်းတစ်လျှောက် အထင်ကရစီမံကိန်းများတွင် ပူးပေါင်းဆောင်ရွက်ရန် မြန်မာဘက်က မျှော်လင့်နေကြောင်း ဦးသန်းရွှေက ပြောကြားသည်ဟု တရုတ်သတင်းဌာနက ရေးသားဖော်ပြသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang ကလည်း တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုအပေါ် လေးစားကာ နိုင်ငံရေးတည်ငြိမ်မှုနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခိုင်ခိုင်မာမာထောက်ခံသည်ဟု ဦးသန်းရွှေနှင့်တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။ 

အိမ်နီးချင်း မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ အထင်ကရ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများရှိနေပြီး အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ရေနံနှင့် သဘာဓာတ်ငွေ့ပိုက်လိုက်ကြီးနှစ်ခု ဖြတ်သန်းဖောက်လုပ်ခွင့်ပြုခဲ့သည်။ 

အမေရိကန်ဒေါ်လာ ဘီလျံနှင့်ချီ တန်သော ထိုပိုက်လိုင်းကြီးများ လည်ပတ်နေပြီဖြစ်ကာ တရုတ်နိုင်ငံသို့ ရခိုင်ပြည်နယ်မှ သဘာဝဓာတ်ငွေ့များ တင်ပို့ရောင်းချနေသည့်နည်းတူ အရှေ့အလယ်ပိုင်းဒေသမှ ရေနံစိမ်းများလည်း ဖြတ်သန်းပို့ဆောင်လျက်ရှိသည်။

ဦးသန်းရွှေလက်ထက်တွင် ရေအားလျှပ်စစ်စီမံကိန်းပေါင်း ၆၀ ထက်မနည်းကို အကောင်အထည်ဖော်တည်ဆောက်ခဲ့ရာ အများစုမှာ တရုတ်ကုမ္ပဏီများနှင့် လုပ်ကိုင်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံရှိ အထင်ကရ တရုတ်စီမံကိန်းများအနက် စစ်ကိုင်းတိုင်း၊ မုံရွာမြို့အနီးမှ နာမည်ကျော် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းလည်း ပါဝင်သည်။

တရုတ်နိုင်ငံတော်ကောင်စီဝင်လည်းဖြစ်သူ Qin Gang သည် လွန်ခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးသစ်ဖြစ်လာပြီးနောက် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်လာရောက်ခြင်းဖြစ်သည်။ ယမန်နေ့က နေပြည်တော်၌ မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် တရုတ်အနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် မြန်မာဘက်မှ ရပ်တည်ကြောင်း ပြသရန် လာရောက်ဖြစ်သည်ဟု Qin Gang က ပြောဆိုကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

တရုတ်နိုင်ငံခြားနှင့် တွေ့ဆုံစဉ် အာဏာသိမ်းစစ်ခေါင်းဆောင် မည်သို့တုံ့ပြန်ပြောဆိုသည်ကိုမူ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိပေ။ တရုတ်နိုင်ငံခြားရေးဝန်ကြီးသည် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် သီးသန့်ဆွေးနွေးပွဲကျင်းပသည်ဟု သိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang သည် နေပြည်တော်ရောက်မလာမီ တစ်ရက်တွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူ နိုလင်းဟေဇာနှင့် တွေ့ဆုံခဲ့သည်။ ထို့ပြင် Qin Gang သည် နေပြည်တော်ခရီးစဉ်မတိုင်မီ မူဆယ်မြို့အနီးရှိ တရုတ်-မြန်မာနယ်စပ်သို့လည်း သွားရောက်ခဲ့သည်။ 

ကုလအထူးသံ နိုလင်းဟေဇာနှင့် တွေ့ဆုံစဉ် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာ့အရေးတွင် လက်တွေ့ကျကျ ချင့်ချိန်ဆောင်ရွက်ရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့သည်။ မြန်မာ့အရေးဖြေရှင်းရာ၌ ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံလည်းဖြစ်သည့် တရုတ်၏ အခန်းကဏ္ဍ အရေးကြီးကြောင်း နိုလင်းဟေဇာက ပြောဆိုသည်။

နေပြည်တော်မှ အာဏာသိမ်း စစ်ခေါင်းဆောင်များအနေဖြင့် နှစ်နှစ်ကျော်ကာလအတွင်း အဆင့်မြင့်ဆုံး တရုတ်အရာရှိကို ပထမဆုံး တွေ့ဆုံရခြင်းဖြစ်ကာ ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်းက တရုတ်နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဝမ်ယိ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော်လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ခြင်း မရှိပေ။

မြန်မာနှင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ဆက်ဆံရေး တိုးတက်ကောင်းမွန်ရေး တရုတ်နိုင်ငံက ကြားဝင်ဆောင်ရွက်ပေးရန် ဆန္ဒရှိနေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက နေပြည်တော်၌ ပြောကြားခဲ့သည်ဟု တရုတ်သတင်းဌာနများက ရေးသားသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးသည် နေပြည်တော်ခရီးစဉ်ပြီးနောက် အိန္ဒိယနိုင်ငံသို့ ဆက်လက်သွားရောက်ကာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SOC) ၏ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး တက်ရောက်မည်ဖြစ်သည်။ 

တရုတ်နှင့် ရုရှားတို့ ဦးဆောင်ဖွဲ့စည်းထားသည့် SOC အဖွဲ့တွင် ပါဝင်ခွင့်ရရေး အာဏာသိမ်းစစ်ကောင်စီက ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် လျှောက်ထားခဲ့သည်။ မြန်မာနည်းတူ အနောက်နိုင်ငံများ၏ ဝိုင်းဝန်းဖယ်ကြဉ်ခံထားရသည့် ရုရှားနိုင်ငံက SOC အဖွဲ့အတွင်း ဆွေးနွေးဖက်နိုင်ငံအဖြစ် ပါဝင်ခွင့်ရရေး မြန်မာ၏လျှောက်ထားမှုကို စဉ်းစားပေးမည်ဟု ထုတ်ဖော်ပြောဆိုထားသည်။

မြန်မာပြည်သူအများအပြားသည် နိုင်ငံအနှံ့ အကြမ်းဖက်မှု ကျူးလွန်နေသော စစ်ကောင်စီနှင့် နီးစပ်လွန်းသည့် တရုတ်အစိုးရကို နှစ်သက်ကြခြင်း မရှိကြောင်း ရန်ကုန်တရုတ်သံရုံး၏ facebook စာမျက်နှာတွင် မှတ်ချက်ရေးသား ဝေဖန်လေ့ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button