အာဏာသိမ်းစစ်ကောင်စီက ပထမဆုံးအကြိမ် ရေအားလျှပ်စစ်စီမံကိန်း ၆ ခုကို တင်ဒါခေါ်ယူလိုက်ပြီး ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကယားပြည်နယ်နှင့် မန္တလေးတိုင်းတို့တွင် အကောင်အထည်ဖော်တည်ဆောက်မည့် စီမံကိန်းများဖြစ်သည်။
ဒီမိုကရေစီအစိုးရလက်ထက်တွင် သဘာဝပတ်ဝန်းကျင်ကိစ္စအကြောင်းပြ၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းများကို အခက်အခဲဖြစ်အောင် လုပ်ခဲ့ဖူးကြောင်း၊ နိုင်ငံရေးအရ အသုံးချခြင်းဖြစ်ကြောင်း စွပ်စွဲပြောဆိုဖူးသည့် အာဏာသိမ်းခေါင်းဆောင်က ၎င်း၏လက်ထက်တွင် ရေအားလျှပ်စစ်စီမံကိန်း ၆ ခုအထိကို တစ်ပြိုင်နက် တင်ဒါခေါ်လိုက်ခြင်းဖြစ်သည်။
ယခုနှစ် ဇန်နဝါရီလအတွင်းက မန္တလေးမြို့အနီးရှိ ရဲရွာရေအားလျှပ်စစ်စီမံကိန်းကို သွားရောက်ကြည့်ရှုစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်သည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရနှင့် ၁၉၈၈ နောက်ပိုင်း ဗိုလ်ချုပ်မှုးကြီးသန်းရွှေစစ်အုပ်ချုပ်ရေးလက်ထက်များတွင် ရေအားလျှပ်စစ်ထုတ်လုပ်ရေးကို အားပေးခဲ့ကြောင်း တခုတ်တရထည့်သွင်းပြောဆိုခဲ့သည်။
သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်စီးနိုင်သော အခြေအနေများကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန့်ကျင်ကန့်ကွက်မှု ထွက်ပေါ်ခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်တွင် ကချင်ပြည်နယ်ရှိ မေခနှင့် မလိခမြစ်ဆုံရာ ဧရာဝတီမြစ်စတင်သည့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ၎င်း၏လက်ထက်အတွင်း ရပ်ဆိုင်းထားရန် ဗိုလ်ချုပ်ကြီးဟောင်း သမ္မတ ဦးသိန်းစိန်က ဆုံးဖြတ်ခဲ့သည်။ အမေရိကန်ဒေါ်လာ သန်းပေါင်း ၃ ထောင်ကျော် ကုန်ကျမည့် ထိုစီမံကိန်း၏ အဓိကရင်းနှီးမြှပ်နှံသူမှာ တရုတ်နိုင်ငံဖြစ်သည်။
ထို့အတူ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရလက်ထက်တွင်လည်း ဒေသခံလူထုနှင့် တက်ကြွလှုပ်ရှားများ၏ ဆန့်ကျင်ကန့်ကွက်မှုများကြောင့် ရေအားလျှပ်စစ်နှင့် ကျောက်မီးသွေးကဲ့သို့သော လျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းကြီးများကို ဆိုင်ငံ့ထားခဲ့ရမှုများရှိခဲ့သည်။
စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ယခုလ ၅ ရက်တွင် တင်ဒါခေါ်ယူလိုက်သည့် ရေအားလျှပ်စစ်စီမံကိန်း ၆ ခုမှာ ဖုန်အင်ခ၊ ကဆန်၊ နမ့်မယ်ဆိုင်၊ နမ့်ကန်၊ နမ့်တဘက်နှင့် အထက်ဆည်တော်ကြီးတို့ဖြစ်သည်။
အဆိုပါ ရေအားလျှပ်စစ်စီမံကိန်းများကို စိတ်ဝင်စားသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် နိုဝင်ဘာ ၁၈ ရက်နေ့ နောက်ဆုံးထား တင်ဒါလျှောက်ထားရမည်ဟု ဆိုသည်။
သို့သော် လျှပ်စစ်မဂ္ဂါဝပ် မည်မျှထုတ်လုပ်မည်၊ မည်သည့်ဒေသမှ စီမံကိန်းများဖြစ်သည်ကိုမူ တင်ဒါဖိတ်ခေါ်ချက်တွင် ဖော်ပြထားခြင်း မရှိပေ။
ဖုန်အင်ခနှင့် ကဆန်စီမံကိန်းမှာ ကချင်ပြည်နယ်၊ နမ့်မယ်ဆိုင်နှင့် နမ့်ကန်မှာ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ နမ့်တဘက်မှာ ကယားပြည်နယ်နှင့် အထက်ဆည်တော်ကြီးမှာ မန္တလေးတိုင်းမှဖြစ်ကြောင်း လျှပ်စစ်ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ ကျွမ်းကျင်သူ အရာရှိဟောင်းတစ်ဦးက ပြောသည်။
အဆိုပါ ရေအားလျှပ်စစ်စီမံကိန်း ၆ ခုအနက် အချို့မှာ တရုတ်ကုမ္ပဏီနှင့် ထိပ်သီးစီးပွားရေးလုပ်ငန်းရှင် ဦးတေဇပိုင် ထူးကုမ္ပဏီတို့ လုပ်ကိုင်ဖူးကြောင်း၊ စစ်ကောင်စီအနေဖြင့် ပထမဆုံးအကြိမ် ရေအားလျှပ်စစ်စီမံကိန်းစတင်ခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
“တော်တော်များများက အသေးလေးတွေပါ။ မဂ္ဂါဝပ် ၂၀၊ ၂၅ လောက်ပဲ ရှိမယ်။ နမ့်တဘက်တစ်ခုပဲ ၂၄၀ လောက် ရှိမယ်” ဟု အထက်ပါအရာရှိဟောင်းက ပြောသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)



