
ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့အနီး စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA) တို့ကြား ပြင်းထန်သည့်တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် အပြီးသတ်ခါနီးပြီဖြစ်သည့် သူဌေးရေအားလျှပ်စစ်စီမံကိန်း ရပ်ဆိုင်းသွားသည်ဟု ဒေသခံများထံမှ သိရသည်။
ထိုစီမံကိန်းသည် သံတွဲမြို့ အရှေ့မြောက်ဘက် ၁၂ မိုင်အကွာ သူဌေးချောင်းပေါ်တွင်ရှိပြီး ရခိုင်ပြည်နယ်၏ ပထမဆုံးသော ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံလည်းဖြစ်သည်။
လူဦးရေတစ်သန်းခန့်ကို လျှပ်စစ်ဓာတ်အား ပေးနိုင်မည်၊ နှစ်စဉ် လျှပ်စစ်ဓာတ်အား ကီလိုဝပ် နာရီ ၃၈၆ သန်း ထွက်ရှိမည်ဟု ခန့်မှန်းထားသည့် အဆိုပါစီမံကိန်းကို ဂျပန်နိုင်ငံအခြေစိုက် The Kansai အတိုင်ပင်ခံ အင်ဂျင်နီယာအဖွဲ့နှင့် ပေါင်းကာ ၂၀၀၈ ကတည်းက စတင်တည်ဆောက်နေခြင်းဖြစ်သည်။
အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း ယင်းစီမံကိန်း ဆက်လက်လည်ပတ်နေရာ စီမံကိန်း၏ ၄ ပုံ ၃ ပုံ ပြီးစီးနေပြီဖြစ်ကြောင်း၊ ၂၀၂၅ – ၂၀၂၆ ဘဏ္ဍာနှစ်တွင် စီမံကိန်းတစ်ခုလုံး ပြီးစီးနိုင်မည်ဟု ခန့်မှန်းထားကြောင်း စစ်ကောင်စီက ၂၀၂၂ အောက်တိုဘာလအတွင်းက သတင်းထုတ်ပြန်ခဲ့သည်။
AA သည် သူဌေးရေးအားလျှပ်စစ်စီမံကိန်းအနီးရှိ စစ်ကောင်စီတပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် တည်ဆောက်ရေးလုပ်ငန်းများ ရပ်သွားသည်ဟု ဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။
“တိုက်ပွဲဖြစ်နေတဲ့ကြားထဲမှာ ဝန်ထမ်းတွေက မနေရဲဘူးပေါ့။ ယန္တရားတွေက အပြင်က ပုဂ္ဂလိကတွေက ငှားပြီးလုပ်ရတာတွေလည်းရှိတယ်။ အဲ့ဒီတော့ ပုဂ္ဂလိကသူဌေးကလည်း ဒီနေရာကို AA က သိမ်းလိုက်ရင် ဒါတွေကျန်ခဲ့မယ်။ မထားရဲဘူး။ အဲ့ဒါကြောင့်လည်း ရွှေ့တာဖြစ်မှာပေါ့” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အဆိုပါ သံတွဲဒေသခံ အမျိုးသားက ဆိုသည်။
ထိုစီမံကိန်းထဲမှ ဝန်ထမ်းများ အနီးတစ်ဝိုက်ကျေးရွာများနှင့် မြို့ပေါ်သို့ ပြောင်းရွှေ့နေရသလို နိုင်ငံခြားသားဝန်ထမ်းများသည် သံတွဲမြို့ပေါ် ဟိုတယ်နှင့် တည်းခိုခန်းများဆီသို့ ပြောင်းရွှေ့နေကြောင်း သိရသည်။
တည်ဆောက်ရေးလုပ်ငန်းအတွက် နိုင်ငံပိုင်ယန္တရားများအပြင် ပုဂ္ဂလိကပိုင် စက်ယန္တရားကြီးများကို ငှားရမ်းအသုံးပြုခဲ့ကြောင်း၊ ယခုလအတွင်း တိုက်ပွဲများဖြစ်ပွားလာသဖြင့် ပြည်မဘက်သို့ တွဲကားကြီးများဖြင့် ပြောင်းရွှေ့နေကာ သံတွဲမြို့ပေါ်တွင်လည်း ယာဉ်ယန္တရားများစွာတွေ့ရကြောင်း ဒေသခံ အမျိုးသားက ဆိုသည်။
စီမံကိန်းအတွင်း ဂိုဒေါင် ၈ လုံးတွင် ဘိလပ်မြေ၊ သစ်နှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများရှိနေပြီး ဧပြီ ၂၉ တွင် စတင် ပြောင်းရွှေ့ရန် ပြောဆိုထားကာ ထိုကာလအတွင်း အပစ်ရပ်ထားကြမည်ဟု သတင်းများထွက်နေကြောင်း သူက ဆိုသည်။
“ဒီရက်ပိုင်းအတွင်းမှာ ကျန်တဲ့ပစ္စည်းတွေကို ၃ ရက်အတွင်း အပြီးရွှေ့ပါဆိုပြီးတော့ တပ်က ပြောတယ်တဲ့။ သူတို့က (AA က) ရေအားလျှပ်စစ်စီမံကိန်းမှာ လူတွေဖယ်ခိုင်းပြီးတော့ အဲ့ဒီမှာ နေရာဝင်ယူမယ် ထင်တယ်။ အဲ့ဒီနေရာကြီးက လူခိုလို့ကောင်းတာပေါ့” ဟု သူက ဆိုသည်။

စီမံကိန်းအပြီးသတ်ခါနီးနေပြီး မကြာမီ လျှပ်စစ်ဓာတ်အားပေးနိုင်မည့်အခြေအနေမှာ စစ်ရေးအခြေအနေကြောင့် ကြန့်ကြာနိုင်သလို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ပါက တည်ဆောက်ဆဲလုပ်ငန်းများ ပျက်စီးနိုင်ခြေရှိနေကြောင်း ဒေသခံများက ယူဆသည်။
ဧပြီ ၂၈ တွင် စစ်တပ်ဘက်က လေကြောင်း၊ ကုန်းကြောင်းနှင့် ရေကြောင်းကပါ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဧပြီ ၂၉ နှင့် ၃၀ ရက်တွင် လက်နက်ကြီးသံတချို့ ကြားရရုံမှလွဲ၍ တိုက်ပွဲငြိမ်နေကြောင်း ဒေသခံများက ဆိုသည်။
တိုက်ပွဲအနီးကျေးရွာများမှ ဒေသခံများသည် ရေအားလျှပ်စစ်စီမံကိန်း၏ အနောက်ဘက် ၉ မိုင်အကွာ ရွှေလှေတိုက်နယ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေပြီး သံတွဲမြို့နယ် ပင်လယ်ကမ်းရိုးတန်းများအနီးရှိ စစ်ကောင်စီ၏ ရေတပ်က ယနေ့နံနက်ပိုင်းတွင် လက်နက်ကြီးဖြင့် ပစ်ခတ်မှုများရှိကြောင်း ၎င်းတို့က ဆိုသည်။
သံတွဲမြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသော်လည်း လက်နက်ကြီးသံများကြားနေရခြင်းကြောင့် မြို့ခံများက စိုးရိမ်ကာ ဘေးလွတ်ရာ တိမ်းရှောင်သူတချို့ရှိနေကြောင်း သံတွဲမြို့နယ်နှင့် ထိစပ်နေသည့် တောင်ကုတ်မြို့ခံ အမျိုးသမီးတစ်ဦးက ဒေသခံများကို ကိုးကား၍ ပြောသည်။
“လွတ်နိုင်မယ့် ရွာဘက်တွေကို ရှောင်တဲ့သူတွေ ရှောင်တယ်။ မရှောင်တဲ့လူတွေကတော့ အများကြီးရှိပါသေးတယ်။ မြို့ထဲမှာ ဘာမှမဖြစ်သေးတာဆိုတော့ အခြေအနေကို ဆက်ပြီးကြည့်နေသေးတာပေါ့” ဟု ၎င်းက ဆိုသည်။
စီမံကိန်းရပ်ဆိုင်းသွားပြီး လုပ်သားများထွက်ခွာနေမှုကို စစ်ကောင်စီ ရခိုင်ပြည်နယ်ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။
AA သည် ၂၀၂၃ နိုဝင်ဘာ ၁၃ တွင် ဒေသတွင်းရှိ စစ်ကောင်စီတပ်များကို စတင်တိုက်ခိုက်ခဲ့သည်။
ပြည်နယ်မြောက်ပိုင်း စစ်စခန်းအများအပြားကို AA က သိမ်းပိုက်ပြီးနောက် တောင်ပိုင်းမြို့နယ်များဖြစ်သည့် ကျောက်ဖြူ၊ အမ်း၊ သံတွဲမြို့နယ်တို့ရှိ စစ်ကောင်စီစခန်းများကို ထိုးစစ်ဆင်နေသည်။
ပြည်နယ်မြောက်ပိုင်းမြို့နယ်များဖြစ်သည့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြေပုံနှင့် ရမ်းဗြဲ၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို AA က သိမ်းပိုက် ထိန်းချုပ်ထားသည်။