စီးပွားရေးသတင်း

ဦးပိုင်ကုမ္ပဏီ မြေပေါ်တွင် BYD ကားများ တပ်ဆင်ထုတ်လုပ်ရန်စီစဉ်

မြန်မာစစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းကြီးတစ်ခုဖြစ်သည့် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီ(MEHL) ၏ ပဲခူးမြို့အနီးရှိ မြေပေါ်တွင် BYD အမှတ်တံဆိပ် တရုတ်လျှပ်စစ်ကားများ တပ်ဆင်ထုတ်လုပ်နိုင်ရန် စီစဉ်နေသည်။ 

လက်ရှိတွင် ထိုကားများကို မြန်မာနိုင်ငံတွင် တင်သွင်းရောင်းချနေပြီး Semi Knocked Down (SKD) စနစ်ဟုခေါ်သည့်  ပြည်ပမှ အစိတ်အပိုင်းတင်သွင်းလာ၍ တပ်ဆင်ထုတ်လုပ်ရန် BYD ကုမ္ပဏီထံမှ ခွင့်ပြုချက်ရပြီဖြစ်ကာ စစ်ကောင်စီ၏ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC) ခွင့်ပြချက်ရရန် စော့င့်ဆိုင်းနေကြောင်း Prime Auto ကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။ 

Prime Auto သည် ရန်ကုန်မြို့ အင်းစိန်ရွာမ၊ ပြည်လမ်း ၇ မိုင်ခွဲ နှင့် ၉ မိုင်တို့တွင် BYD ကောင်းအရောင်းခန်းများဖွင့်၍ ရောင်းချနေသည့် ကုမ္ပဏီဖြစ်သည်။ 

“ရင်းနှီးမြှုပ်နှံမှုပမာဏကလည်းအများကြီး လုပ်ရမှာဆိုတော့ မြေနေရာကို ကျွန်တော်တို့ရှာကြတာပေါ့။ ရှာရင်းနဲ့ ကျွန်တော်တို့က ပွင့်ပွင့်လင်းလင်းပြောရင် စီးပွားရေး ဦးပိုင်နဲ့နေရာလေးကို တွေ့တယ်။ တွေ့တော့လည်း မြို့ပြနဲ့လည်းဝေးတဲ့နေရာ၊ နောက်ပြီး စက်မှုဇုန်နေရာလည်းဖြစ်တယ်ပေါ့။ နောက်တစ်ခု မြေဧရိယာလည်း ကျွန်တော်တို့လိုချင်တဲ့နေရာလည်းရတော့ နှစ်ရှည်အငှားစာချုပ်ချုပ်ပြီး လုပ်ထားတာပါ” ဟု ၎င်းက ပြောသည်။ 

ဦးပိုင်က မြေနေရာနှင့် အဆောက်အဦးစိုက်မည်ဖြစ်ပြီး ရှယ်ယာ ၅၁ ရာခိုင်နှုန်းးပိုင်ဆိုင်မည်ဟူသော သတင်းနှင့်ပတ်သက်၍ ငြင်းဆိုပြီး နှစ်ရှည်မြေငှားရမ်းခြင်းသာဖြစ်ကြောင်း ၎င်းက ပြောသည်။

စစ်ကောင်စီထံမှ ခွင့်ပြုချက်ရပါက တည်ဆောက်ရေးကာလ ၁၈ လခန့်ကြာမြင့်နိုင်ကြောင်း ထိုနောက် ကာားထုတ်လုပ်မှု စတင်နိုင်ကြောင်း ၎င်းက ဆိုသည်။ ရင်းနှီးမြှုပ်နှံမှုပမာဏကို ပြောဆိုခြင်းမရှိပေ။ 

ဦးပိုင်ကုမ္ပဏီမြေပေါ်တွင် တရုတ်လျှပ်စစ်ကားထုတ်လုပ်မှုနှင့်ပတ်သက်၍ MEHL အထွေထွေမန်နေဂျာ ဦးလှမိုး Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း မသိရှိသေးကြောင်း တုန့်ပြန်ပြောဆိုသည်။ 

အာဏာသိမ်းပြီးနောက် နိုင်ငံခြားငွေအကျပ်အတည်းဆိုက်နေသည့် စစ်ကောင်စီသည် ဒေါ်လာသုံးစွဲမှု လျှော့ချရန် ဓာတ်ဆီနှင့် ဒီဇယ်ကဲ့သို့သော လောင်စာဆီစွမ်းအင်သုံးကားများကို  ၂၀၂၁ အောက်တိုဘာ မှစ၍ ပြည်ပမှ တင်သွင်းခွင့်ပိတ်ပင်ခဲ့သည်။ သို့သော် လျှပ်စစ်ကားများကို အခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းရန်ဖွင့်ပေးထားသည်။ 

ပြီးခဲ့သည့် ၂၀၂၃ နိုဝင်ဘာတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံ ကူမင်မြို့တွင်ပြုလုပ်သည့် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးတက်ရောက်သည့်ခရီးစဉ်တွင် ရှန်းကျန့်မြို့ရှိ BYD မော်တော်ကားထုတ်လုပ်ရေးကုမ္ပဏီသို့သွားရောက်လေ့လာခဲ့သည်။ 

BYD သည်လျှပ်စစ်ကားများကို အမေရိကန် တယ်ဆဲလာ (Tesla) ကုမ္ပဏီနှင့် အပြိုင်ထုတ်လုပ်နေပြီး၊  ကမ္ဘာ့လျှပ်စစ်ကားကားစျေးကွက်ကို ကြီးမားစွာထိုးဖောက်ဝင်ရောက်နေသည့် တရုတ်ကုမ္ပဏီဖြစ်သည်။ 

စစ်ကောင်စီသည် ယခုနှစ်ကုန်မှစ၍ လျှပ်စစ်ကားအလုံးလိုက်တင်သွင်းမှုကိုအားမပေးတော့ဘဲ SKD စနစ်ဖြင့် ပြည်တွင်းထုတ်လုပ်ရန်ဦးစားပေးတော့မည်ဖြစ်ရာ အခွန်ကင်းလွတ်ခွင့်မရနိုင်တော့ခြင်းကြောင့် ပြည်တွင်းထုတ်လုပ်မှုအတွက် ပြင်ဆင်လာကြောင်း အမည်မဖော်လိုသည့် ရန်ကုန်မြို့ ကားလုပ်ငန်းရှင် အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။ 

“အခုအာလုံးအခွန်လွတ်တယ်လေ။ နောင်နှစ်တွေဆိုရင် ကျန်တဲ့သူတွေက အခွန်ပေးမလွှတ်တော့ဘူး ဆိုတဲ့ မက်လုံး တွေရှိတော့ သူတို့က အလားလာ တော့ရှိပါတယ်။ ပြောချင်တာက ပြည်တွင်းမှာထုတ်လုပ်မှ အဲ့ဒီဟာအခွန်လွတ်ပြီးတော့ ပါမစ်လည်းရမယ်။ တင်သွင်းခွင့်ပါမစ်က အခုက ခက်တယ်လေ” ဟု ၎င်းက ပြောသည်။ 

SKD စနစ်ဖြင့် ကားထုတ်လုပ်ရန် စက်ရုံမြေအကျယ်ဝန်း ၃ ဧက၊ ထုတ်လုပ်ခွင့်ပေးမည့် ကားကုမ္ပဏီ၏ ခွင့်ပြုချက်ရရန်လိုအပ်သည်ဟု သိရသည်။ စစ်ကောင်စီသည် လျှပ်စစ်ကားများတင်သွင်းထုတ်လုပ်ရန် ဦးစားပေးနေသော်လည်း မြန်မာနိုင်ငံတွင် လျှစစ်မီအချိန်ကြာမြင့်စွာပြတ်တောက်မှုကြောင့် အခက်တွေ့ နေကြသည်။ 

စစ်တပ်၏ စီပွားရေးအင်ပါယာကြီးနှစ်ခုဖြစ်သည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် မြန်မာ့စီပွားရေးဦးပိုင်ကုမ္ပဏီ (MEHL) တို့သည်ကျောက်စိမ်းနှင့် အဖိုးတန်တွင်းထွက်သယံဇာတ၊ ကုန်ထုတ်လုပ်ငန်း၊ အာမခံ၊ ဘဏ်လုပ်ငန်း၊ ဆိပ်ကမ်းလုပ်ငန်း၊ ပို့ကုန်သွင်းကုန်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းအပါအဝင် စီးပွားရေးနယ်ပယ်စုံတွင် လုပ်ကိုင်နေဆဲဖြစ်သည်။

ဦးပိုင်နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့ကို အမေရိကန်၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့က အရေးယူပိတ်ဆို့ထားသည်။ 

ထိုကုမ္ပဏီများသည် နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများနှင့် အဆောက်အအုံများကို ရယူပိုင်ဆိုင်ထားပြီး နိုင်ငံတဝန်းစစ်တပ်က မတရားသိမ်းဆည်းထားသည့် ပုဂ္ဂလိကပိုင်မြေများကိုလည်း အငှားချပြီး စီးပွားရှာနေသည့် ကုမ္ပဏီများဖြစ်သည်။

Show More

Related Articles

Back to top button