သတင်း

ပန်ဝါတွင် မြေရှားသတ္တုတွင်းပြိုကျ၊ ၄ ဦးသေပြီး ၂၀ ကျော် ပျောက်ဆုံး

စစ်တပ်သြဇာခံပန်ဝါပြည်သူ့စစ် လုပ်ကိုင်သည့် သတ္တုတွင်း ပြိုကျခဲ့ရာ တရုတ်နိုင်ငံသား နှစ်ဦးအပါအဝင် လေးဦးသေဆုံးခဲ့ပြီး ၂၀ ကျော်ပျောက်ဆုံးနေသည်။

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် ပန်ဝါမြို့အနီးမှ မြေရှားသတ္တုတွင်းတစ်ခု ပြီးခဲ့သည့်အင်္ဂါနေ့ (ဇွန် ၄) ကပြိုကျခဲ့ရာ တရုတ်နိုင်ငံသား နှစ်ဦးအပါအဝင် လေးဦးသေဆုံးခဲ့ပြီး ၂၀ ကျော် ပျောက်ဆုံးနေကြောင်း ဒေသခံများထံ မှသိရသည်။

ပန်ဝါမြို့ မြောက်ဘက် ၅ မိုင်အကွာ၊ တရုတ်-မြန်မာ နယ်ခြားမှတ်တိုင် ၃ အနီးရှိ တောင်တန်းပေါ်တွင် သတ္တုတူးနေစဉ် တောင်တစ်ခြမ်းလုံးနီးပါး ပြိုကျသွားပြီးနောက် အလုပ်သမားများနှင့် တောင်ခြေမှ စျေးဆိုင်ခန်းအချို့ မြေအောက်သို့ရောက်ခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။

ယမန်နေ့နံနက်ပိုင်းအထိ မြေစာပုံများအောက်မှ အလောင်းလေးလောင်းကို ကယ်ဆယ်ရေးသမားများက ရှာဖွေတွေ့ရှိထားကြောင်း၊ ၎င်းတို့ထဲမှ နှစ်ဦးသည် မြေရှားသတ္တုတွင်းတာဝန်ခံ တရုတ်နိုင်ငံသားများ ဖြစ်ကြပြီး ထိုနှစ်လောင်းကို တရုတ်သို့ ပြန်လည်သယ်ယူသွားပြီဖြစ်ကြောင်း မြို့ခံတစ်ဦးက ဆိုသည်။

မြေရှားသတ္တုတွင်းပြိုကျပြီးနောက် သေဆုံးသူများ၏ ရုပ်အလောင်းများ  (ဓာတ်ပုံ-Kachin News Group)

အခင်းဖြစ်ပွားရာနေရာတွင် မိုးသည်းထန်စွာရွာသွန်းနေသောကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ အခက်တွေ့နေကြောင်း၊ ပျောက်ဆုံးနေသူများကို အသက်ရှင်လျက် ပြန်တွေ့ရန် မျှော်လင့်ချက်နည်းပါးကြောင်းလည်း ဒေသခံများကဆိုသည်။

“ တောင်အမြင့်ကြီးကနေ ပြိုကျတာ။ တစ်ခြမ်းပြိုပြီးတော့ အောက်က အကုန်လုံးပါသွားတာ။ ဂိတ်တွေရော၊ သစ်ခုတ်နေတဲ့သူတွေရော၊ စက်တွေရောပါသွားတာ”ဟု ပျောက်ဆုံးနေသူတစ်ဦး၏ မိသားစုဝင်ကပြောသည်။ 

မြေပြိုကျသည့် လုပ်ငန်းခွင်မှာ  စစ်တပ် လက်အောက်ခံ ပန်ဝါပြည်သူ့စစ်အဖွဲ့နှင့် ရန်ကုန်တိုင်း တာမွေမြို့နယ် အခြေစိုက် Myanmar Myo Ko Ko သတ္တုတူးဖော်ရေးကုမ္ပဏီတို့ အကျိုးတူလုပ်နေသည့် လုပ်ကွက်ဟု သိရသည်။

ပြည်သူ့စစ်အဖွဲ့နှင့်  ကုမ္ပဏီထံ ဆက်သွယ်မေးမြန်း၍ မရသေးပေ။​

အခင်းဖြစ်ရာနေရာအနီး စစ်ကောင်စီလက်အောက်ခံ ပန်ဝါပြည်သူ့စစ်အဖွဲ့က လုံခြုံရေးယူထားကာ ဓာတ်ပုံမှတ်တမ်းရိုက်ကူးမှုများကို ပိတ်ပင်တားဆီးလျက်ရှိကြောင်း၊ စစ်ဆေး၍ တွေ့ရှိလျှင် တရုတ်ယွမ် ၅၀၀၀ ဒဏ်ရိုက်ခံရမည်ဟု ပြောဆိုထားမှုများလည်းရှိကြောင်း သိရသည်။ 

ပန်ဝါပြည်သူ့စစ်အဖွဲ့ကို ဒေသတွင်းတွင် သြဇာကြီးသည့် စစ်ကောင်စီသစ္စာခံ ဇခုန်တိန့်ယိန်းက ခေါင်းဆောင်သည်။

ပန်ဝါပြည်သူ့စစ်ထိန်းချုပ်မြန်မာ-တရုတ် နယ်စပ်ဒေသကို ကချင်အထူးဒေသ (၁) ဟု စစ်အစိုးရက ၁၉၉၀ တွင်သတ်မှတ်ပေးခဲ့ပြီး ထိုစဉ်ကတည်းက စစ်တပ်နှင့်ဇခုန်တိန့်ယိန်း၏တပ်များအကြား မဟာမိတ်ဖွဲ့နိုင်ခဲ့သည်။

ယင်းမတိုင်မီက ဇခုန်တိန့်ယိန်းသည် ၁၉၆၃ မှ ၁၉၆၇ အထိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၌လည်း တပ်မှူးငယ်များအဖြစ် တာဝန်ယူခဲ့သည်။ ထို့နောက် ၎င်းတို့သည် ၁၉၆၈ တွင် KIA မှ ခွဲထွက်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) နှင့် ပူးပေါင်းခဲ့သည်။ 

၁၉၈၉ တွင်ပင် ဗကပ ပြိုကွဲပြီးနောက် ၁၉၉၀ ပြည့်နှစ်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူပြီး ဒီမိုကရေစီသစ်တပ်မတော်-ကချင် (NDA-K) အမည်ဖြင့် ဗကပ ၁၀၁ စစ်ဒေသကို ကချင်အထူးဒေသ (၁) အဖြစ် စစ်အစိုးရ၏သဘောတူညီချက်ဖြင့် အပိုင်စားရခဲ့သည်။၂၀၀၉ တွင် လက်ခံလိုက်ပြီး NDA-K ကို စစ်တပ်၏န ယ်ခြားစောင့်တပ်ရင်း (၃) ခုအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ 

ပန်ဝါပြည်သူ့စစ်အဖွဲ့ ကြီးစိုးထားသည့် ကချင်ပြည်နယ် အရှေ့ပိုင်းမှာ  မြေရှားသတ္တုကို အာဏာသိမ်းပြီးနောက်ပိုင်း အရှိန်အဟုန်ဖြင့် တူးဖော်နေခြင်းဖြစ်ပြီး  ယမန်နှစ် ၂၀၂၃က မြန်မာ့ မြေရှားကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၁.၄ သန်းရှိခဲ့သည်ဟု မေ ၂၃ က ထုတ်ပြန်ထားသည့် လန်ဒန်အခြေစိုက် သုတေသနအဖွဲ့ Global witness အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်နှင့် နယ်မြေချင်းထိစပ်နေသည့် ပန်ဝါ၊ ချီဖွေမြို့တို့တွင် ဥပဒေမဲ့တူးဖော်နေသာ လုပ်ငန်းအရေအတွက်မှာ ၃၀၀ ကျော်အထိရှိသည်၊ အာဏာသိမ်းခဲ့သည့် ၂၀၂၁နှင့် ၂၀၂၃ အကြားမှာ ၄၀ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်သည်ဟု ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။ 

တရုတ်နိုင်ငံသို့ မတင်ပို့မီ သန့်စင်ရန် ပုံထားသည့် မြေရှားသတ္တုအိတ်များ။ အရင်းအမြစ် – GLOBAL WITNESS

ထိုလုပ်ငန်းသည် ပြည်သူ့စစ်အဖွဲ့အတွက် ဘီလီယံနှင့်ချီသော ဝင်ငွေရလမ်းကြောင်းတစ်ခုလည်း ဖြစ်သည်ဟုလည်း Global Witness က ဆိုသည်။ 

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ မြေရှားအောက်ဆိုက် တင်ပို့မှုမှာလည်း နှစ်ဆမြင့်တက်လာပြီး ထိုပမာဏမှာ တရုတ်ပြည်အတွင်း ထုတ်ယူတူးဖော်မှု ခွဲတမ်းပမာဏထက်ပင် နှစ်ဆကျော်လွန်နေသည်ဟု အစီရင်ခံစာက ဆိုသည်။ 

ပြီးခဲ့သည့် ၂၀၂၁ တွင် တရုတ်နိုင်ငံသို့ တင်ပို့မှုမှာ တန်ချိန် ၁၉,၅၀၀ ရှိခဲ့ပြီး ၂၀၂၃ တွင်မူ တင်ပို့မှုပမာဏမှာ တန်ချိန် ၄၁,၇၀၀ ရှိသည်။ 

မြေရှားသတ္တုပါဝင်သော အမြဲတမ်းသံလိုက်များသည် လျှပ်စစ်ကား (EV) နှင့် လေစွမ်းအင်သုံးတာဘိုင်စက် တည်ဆောက်ရာတွင် အများဆုံးထည့်သွင်းအသုံးပြုနိုင်သည်။ 

ထို့အပြင် နေ့စဉ်သုံးပစ္စည်းများဖြစ်ကြသည့် ဖုန်း၊ ကွန်ပျူတာ လျှပ်စစ်ပစ္စည်းများတွင်လည်း ကုန်ကြမ်းအဖြစ် အသုံးဝင်သည်။

Show More

Related Articles

Back to top button