ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က တပ်သားသစ်များ အတင်းအကျပ် စုဆောင်းမှု နေ့စဉ်လုပ်နေရာ ရက်သတ္တပတ် နှစ်ပတ်ရှိလာသဖြင့် ဒေသခံများအကြား ဝေဖန်မှုများ မြင့်တက်နေသည်။
စက်တင်ဘာ လကုန်ပိုင်းမှစတင်ကာ ဖားကန့်မြို့အနောက်တောင်ဘက် မိုင်အနည်းငယ်အကွာတွင်ရှိသည့် KIA ထိန်းချုပ်သည့် ဆိုင်းတောင်ကျေးရွာတွင် ဒေသခံများကို စစ်သားသစ်အဖြစ် စုဆောင်းရန် ခေါ်ယူနေ ခြင်းဖြစ်သည်ဟု သိရသည်။
အောက်တိုဘာလ ၄ ရက်နေ့က ဆိုင်းတောင်ရွာ ပြည်လုံးချမ်းသာစေတီတွင် လူငယ် ခုနစ် ဦး ထက်မနည်းကို KIA က ခေါ်ဆောင်သွားရာ အသက်မပြည့်သေးသည့် လူငယ်အချို့ပါဝင်သည်ဟု ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“နေ့စဉ်ရက်ဆက် တစ်နေ့နှစ်ကြိမ် သုံးကြိမ်ပတ်ဆွဲနေတာ။ မိန်းကလေး၊ ယောက်ျား လူငယ်တွေ။ တချို့ဆို အသက် မပြည့်ကြဘူး (အသက်) ၁၆၊ ၁၇ တွေ” ဟု အဆိုပါ အမျိုးသားက ဆိုသည်။
သီတင်းကျွတ်လပြည့်နေ့ဖြစ်သည့် အောက်တိုဘာလ ၆ ရက်နေ့တွင်လည်း ဆိုင်းတောင်ရွာ လူငယ်အချို့ KIA ၏ တပ်သားသစ်အဖြစ် စုဆောင်းခံခဲ့ရသည်ဟု သိရသည်။
အောက်တိုဘာလ ၇ ရက်နေ့တွင် ဆိုင်းတောင်ရွာကြီးရှိ နေရာ သုံး နေရာထက်မနည်းနှင့် ဆိုင်းတောင်ရွာအနီး မှော်ရှန်ကျေးရွာတို့တွင် လူငယ်အချို့ဖမ်းဆီးခံရရာ မိန်းကလေးအချို့ပါ ခေါ်ဆောင်သွားခံရသည်ဟု ဖားကန့်ဒေသခံများက ပြောသည်။
KIA ထိန်းချုပ်သည့် ဆိုင်းတောင်ကျေးရွာအုပ်စုတွင် တပ်သားသစ် စုဆောင်းမှုမှာ အများဆုံးဖြစ်နေပြီး မြို့ အနောက်တောင်ဘက် ဝှေခါရွာနှင့် အနောက်ဘက်ရှိ တာမခန်ရွာတို့တွင်လည်း အလားတူလူစုနေသည်ဟု သိရသည်။
“လူတစ်ရာအထက်ပါသွားပြီလို့ ခန့်မှန်းပါတယ်။ ဒါက ဆိပ်မူတင်နော်။ ဝှေခါကျေးရွာမှာရော နေ့ခင်း ညဘက် လူကိုရှင်းလို့။ တာမခံကျေးရွာဘက်လည်း တစ်ရက်ထဲ အယောက် ၆၀ လောက်ဆွဲတယ်” ဟု အထက်ပါ ဒေသခံ အမျိုးသားက ပြောသည်။

ဆိုင်းတောင်ရွာအပါအဝင် ဖားကန့်အနောက်ဘက်ကျေးရွာများကို ပြီးခဲ့သည့် စက်တင်ဘာလအတွင်း KIA နှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
ဖားကန့်မြို့နယ်အတွင်း KIA ထိန်းချုပ်ကျေးရွာများနှင့် ကျောက်စိမ်းတူးဖော်သည့် မှော်များတွင် သီတင်း နှစ်ပတ်အတွင်း KIA က လူ ၅၀၀ ခန့် တပ်သားစုဆောင်းခဲ့သည်ဟု ဒေသခံများက ခန့်မှန်းထားကြသည်။
KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အာဏာရှင်စနစ်ချုပ်ငြိမ်းရေး စစ်ပွဲကာလဖြစ်သည့်အတွက် စစ်သားစုဆောင်းမှုများ ရှိနေခြင်းဖြစ်သည်ဟု ဆိုသည်။
“လူသစ်စုဆောင်းတာကတော့ ဖားကန့်မှမဟုတ်ပါဘူး၊ တစ်နိုင်ငံလုံးအတိုင်းအတာမှာရှိပါတယ်။ စစ်ကော်မရှင်ဘက်ကလည်း လူသစ်စုဆောင်းတာရှိတယ်။ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတိုင်း မှာလည်း လူသစ်စုဆောင်းတာရှိပါတယ်။ ကျွန်တော်တို့ KIO/KIA လည်း လူသစ်စုဆောင်းတာရှိပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
“တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျွန်တော်တို့ တိုက်ပွဲဝင်တဲ့အချိန်မှာ ကိုယ်က ဘာဖြစ်လို့ စစ်တပ်မှာ မဝင်တာလဲ၊ ကျွန်တော်တို့တော်လှန်ရေးထဲမှာ မဝင်တာလဲ ကျွန်တော်တို့ KIO/KIA မှာ မဝင်တာလဲ ဒါတွေက စဉ်းစားဖို့တောင်မှ လိုပါတယ်” ဟု ၎င်းက ပြောသည်။
စစ်အာဏာရှင်ကိုဖြုတ်ချနေသည့်တိုက်ပွဲတွင် စစ်သားသစ်စုဆောင်းခြင်းသည် တာဝန်တစ်ခုဖြစ်သည့် အတွက် KIA သည် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်နေခြင်းဖြစ်သည်ဟုလည်း ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောသည်။
လတ်တလောတွင် ဆိုင်းတောင်ကျေးရွာအုပ်စုရှိ ကောင်းစံ၊ တောင်းကော့၊ နမ့်မှော်၊ မမုံ၊ ဖားပြင်၊ စပေါ့၊ မက်လင်ချောင်၊ ဆိုင်းဂျာဘွမ်စသည့် ကျေးရွာအများစုတွင် KIA ၏ တပ်သားသစ်စုဆောင်းမှုကြောင့် အပြင် မထွက်ရဲကြသလို အလုပ် လုပ်ကိုင်ရန် ခက်ခဲနေကြသည်ဟု ဒေသခံအချို့က ပြောသည်။
အာဏာသိမ်းစစ်တပ်၏ နည်းလမ်းများအတိုင်း KIA က လိုက်မလုပ်သင့်ကြောင်း အထက်ပါ ဖားကန့် ဒေသခံ အမျိုးသားက မှတ်ချက်ပေးသည်။
“စကစ ပုံတူလိုက်လုပ်နေသမျှတော့ တော်လှန်ရေးရဲ့ ပုံရိပ်ကျဆင်းမှာပဲ။ ပြည်သူလူထုကလည်း ထောက်ခံမှာမဟုတ်ဘူး။ ပြည်သူကို ရင်ဝယ်သားလိုအုပ်ချုပ်မှ ပြည်သူ့ထောက်ခံမှုကိုရမှာဖြစ်တယ်။ ပြည်သူကထောက်ခံမှလည်း တော်လှန်ရေးအောင်မြင်မှာဖြစ်တယ်လို့ ပြောပါရေစေ” ဟု ၎င်း အမျိုးသား က ဆိုသည်။
ဖားကန့်မြို့နယ်၏ ပြည်သူ့လွှတ်တော်အမတ် ကိုအောင်ဟိန်းမင်းက စစ်တပ်လုပ်သလို အတင်းအကျပ် လူသစ်စုဆောင်းခြင်းကိစ္စကို ကန့်ကွက်ကြောင်း ယမန်နေ့က ၎င်း၏ ဖေ့ဘွတ်လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
“အလျှော့အတင်းလုပ်လို့ရတဲ့ အခွန်ကိစ္စတွေ၊ အတင်းအကျပ်လူသစ်စုဆောင်းတဲ့ ကိစ္စတွေဟာ အတော် အရုပ်ဆိုးပါတယ်။ ပြည်သူက မချစ်ရင်တောင် ကြောက်နေရတဲ့ အဖွဲ့အစည်းတော့ မဖြစ်သင့်ပါဘူး” ဟု ၎င်းက ဆိုသည်။
စစ်တပ်ကို တိုက်ထုတ်ပြီးရယူထားသည့် ဒေသများတွင် စစ်အုပ်ချုပ်ရေးထက် ပိုမိုကောင်းမွန်သည့် လွတ်မြောက်နယ်မြေများအဖြစ် စံပြဖြစ်မှ ပြည်သူများက လွတ်မြောက်ရေးအတွက် ပိုမိုအားထုတ်ကြ မည်ဖြစ်ကြောင်း ၎င်းက ရေးသားထားသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၃၀ ရက်နေ့က ဆိုင်းတောင်ကျေးရွာအုပ်စု၊ နမ့်မှော်ရွာအနီး ကျောက်စိမ်းမှော်တွင် KIA က တပ်သားသစ်စုဆောင်းရေးပြုလုပ်စဉ် ထွက်ပြေးသည့် အမျိုးသားတစ်ဦးသည် ပေရာချီမြင့်သည့် မြေစာပုံပေါ်မှပြုတ်ကျကာ သေဆုံးခဲ့ရသည်။

ဖားကန့်မြို့တွင် ယမန်နှစ် စက်တင်ဘာလကုန်ပိုင်းမှစတင်ကာ တိုက်ပွဲများ ငြိမ်သက်သွားပြီး ယခုနှစ် မေလဆန်း တွင် စစ်တပ်၏ စစ်ကူအချို့ရောက်ရှိလာပြီးနောက် တိုက်ပွဲများ ပြန်လည်ပြင်းထန်လာသည်။
ဖားကန့်မြို့ အရှေ့ဘက် လုံးခင်းကျေးရွာအနီး တိုက်ပွဲများ ဖြစ်ပွားနေပြီး လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုကြောင့် ဒေသခံအချို့ ဒဏ်ရာရခဲ့ကြပြီး စစ်ရေးတင်းမာနေသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အမှတ် (၁) စစ်ဒေသကိုပါ ကွပ်ကဲနေသော KIA ၏ ယမန်နှစ် မတ်လမှ စတင်သော ထိုးစစ်အတွင်း ကချင် ၁၅ မြို့၊ ရှမ်းမြောက် တစ်မြို့ကို သိမ်းထားကာ ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့် စစ်မျက်နှာပြင်အများအပြား ရှိနေသည်။
ဗန်းမော်ထိုးစစ်သည်လည်း ကိုးလကျော်ကြာမြင့်နေပြီး သိမ်းပိုက်ထားသော တပ်နေရာများ KIA က လက်လွှတ် လိုက်ရသည်။
တော်လှန်ရေးကာလ လေး နှစ်ကျော် ကြာမြင့်လာချိန် စစ်ရေး ဆက်လက်ပြင်းထန်နေသည့်အတွက် စစ်တပ် နှင့် တော်လှန်ရေးတပ်များတွင် တပ်အင်အားများ လိုအပ်လာကြသည်။
နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် တော်လှန်ရေးအဖွဲ့များက တပ်သားသစ်အလိုရှိကြောင်း အပြိုင်အဆိုင်ခေါ်ယူနေကြသလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများကလည်း စိုးမိုးနယ်မြေများတွင် လူသစ်စုနေကြသည်။
ရှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့ကို သိမ်းထားသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA) က ဇွန်လအတွင်း မြို့ပေါ် ရပ်ကွက်များ၌ တပ်သားသစ်များစုဆောင်းခဲ့သည်။
အလားတူ မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို သိမ်းထားသော တအာင်းတပ်မတော် (TNLA) က မြို့စောင့်တပ် ဖွဲ့မည်၊ တစ်အိမ်တစ်ယောက် စစ်မှုထမ်းရမည်ဟု ယခုနှစ် မတ်လအတွင်းက ပြောဆိုခဲ့သောကြောင့် မြို့ခံများ စိုးရိမ်ပူပန်ခဲ့ကြသည်။
အသက် ၁၈ နှစ်နှင့်အထက် အမျိုးသား၊အမျိုးသမီးများ အနည်းဆုံး နှစ် နှစ်ကြာမည့် စစ်မှုထမ်းစနစ်ကို အာရက္ခတပ်တော်(AA)က ယခုနှစ် မတ်လအတွင်း ပြဋ္ဌာန်းလိုက်ပြီး စတင်ကျင့်သုံးနေသည်။
သမိုင်းတစ်လျှောက် နိုင်ငံတစ်ဝန်းတွင် မကြုံစဖူး စစ်ရေးဖိအားများနှင့် ရင်ဆိုင်နေရသည့် စစ်ကော်မရှင်သည် ပြည်သူများ စစ်မှုမထမ်းမနေရဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း အသက်သွင်းခဲ့သည်။ ထိုဥပဒေအရ အကျုံးဝင်သော နိုင်ငံတစ်ဝန်းရှိ အသက် ၁၈ မှ ၃၅ နှစ်အတွင်း အမျိုးသားတိုင်း စစ်မှုထမ်း ခိုင်းခြင်းဖြင့် စစ်အင်အားလိုအပ်မှုကို ဖြေရှင်းနေသည်။



