သတင်း

TNLA က မြို့စောင့်တပ် ဖွဲ့ရန် ပြောလာ၍ မိုးကုတ်ဒေသခံများ စိုးရိမ်

ရှမ်း၊ ဗမာ၊ ကချင်အများစု နေထိုင်သော မိုးကုတ်တွင် TNLA ၏ မြို့စောင့်တပ်ဖွဲ့မည်ဟု ခေါ်ယူအသိ ပေးမှုကို စိုးရိမ်ထိတ်လန့်နေကြပြီး ကန့်ကွက်သွားရန် ပြင်ဆင်နေကြသည်။

မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို သိမ်းပိုက်ထားသော တအာင်းတပ်မတော် (TNLA) က မြို့စောင့်တပ်ဖွဲ့မည်၊ တစ်အိမ်တစ်ယောက် စစ်မှုထမ်းရမည်ဟု ပြောဆိုလာသောကြောင့် မြို့ခံများ စိုးရိမ်ပူပန်နေကြသည်။

မတ် ၆ ရက်နေ့တွင် TNLA က ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ခေါ်ယူကာ မြို့စောင့်တပ်အတွက် အသက် ၁၈ နှစ်မှ ၄၅ နှစ်ကြား အမျိုးသား၊ အမျိုးသမီးများ ပါဝင်ရမည်ဟု ပြောဆိုကြောင်း၊ အုပ်ချုပ်ရေးမှူးများက မတ်လ ၁၀ ရက်နေ့တွင်  မြို့ခံများကို ထပ်ဆင့်အသိပေးခဲ့ကြောင်း မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

“မြို့စောင့်တပ်အဖြစ် လက်နက်ပေးထားမယ့်အကြောင်း ပြောတယ်၊ (မြို့ခံတွေက) လက်မခံကြဘူး။ … မဖြစ်မနေ ဝင်ရမှာ….မဝင်ရင် အိမ်တွေ ဝင်ဆွဲမဲ့ပုံစံ တဲ့။ အဲ့ဒီလို ဖြစ်လာရင် မြို့ခံတွေ ညီညွတ်ဖို့၊ ကာကွယ်ဖို့ တိုင်ပင်နေကြတာ”ဟု ၎င်းက ဆိုသည်။​

မြို့ခံအများစု၏ဆန္ဒဖြင့် TNLA ထံ ကန့်ကွက်စာတင်ရန် ပြင်ဆင်နေကြောင်း ၎င်းက ဆက်ပြောသည်။ 

မိုးကုတ်မြို့ကို  “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းအတွင်း ၂၀၂၄ ခုနှစ် ဇူလိုင် ၂၄ ရက်နေ့တွင် TNLA နှင့် မဟာမိတ်တပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် TNLA က မြို့အုပ်ချုပ်ရေး လည်ပတ်နေကာ မြို့ခံအများစု ပြန်လည်နေထိုင်နေကြသည်။ 

TNLA က ဒေသခံတို့ကို စစ်သင်တန်းပေးမည်ဟု အသိပေးထားကြောင်း အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။

“အများစုကတော့ လက်မခံတာများတယ်။ ဘယ်သူမှတော့ တပ်ထဲမဝင်ချင်ကြဘူး။ နောက်ပြီး သူတို့ ပြောပုံအရတော့ တစ်လ သင်တန်းပေးမယ်၊ ပေးပြီးတော့ ကိုယ့်ရပ်ကွက်ကိုယ့်ရွာကို စောင့်ပေးရမယ် ပြောတယ်”ဟု  ထိုအမျိုးသားက ပြောသည်။

TNLA ၏ မြို့စောင့်တပ်ဖွဲ့ရန် အစီအစဉ်ကို  မိုးကုတ်ဒေသကျေးရွာတချို့တွင်လည်း ကန့်ကွက်နေကြသည်ဟု ဒေသခံအမျိုးသမီးနောက်တစ်ဦးက ပြောသည်။

“မြို့စောင့်တပ်ဆိုတဲ့ ပုံစံမျိုးနဲ့ ခေါ်နေတာ။ တချို့လည်း လုံးဝမလုပ်နိုင်ဘူး၊ တချို့တွေလည်း ဝင်မယ်ပေ့ါ၊ ဒါပေမဲ့ ကိုယ်ပိုင်နံပါတ် မထုတ်ပေးနဲ့၊ ကိုယ်ပိုင်နံပါတ် ထုတ်ပေးလိုက်ခြင်းအားဖြင့် သူတို့တပ်သားဖြစ်သွားတယ်လို့ ခံယူကြတာ” ဟု  ထိုအမျိုးသမီးက ပြောပြသည်။

“၁၀၂၇ စစ်ဆင်ရေး” ၂ ကျော့အတွင်း ၁၂ မြို့ သိမ်းပိုက်နိုင်ခဲ့သည့် TNLA က ၎င်းတို့ထိန်းချုပ်မြို့တိုင်း တွင် မြို့စောင့်တပ်ဖွဲ့စည်းထားရှိပြီး မိုးကုတ်တွင် ဗမာနှင့်အခြားလူမျိုးပေါင်းစုံနေထိုင်သောကြောင့် အခက်တွေ့နိုင်ကြောင်း ရှမ်းမြောက်ရှိ ဒေသခံတချို့က ဆိုသည်။

၂၀၂၄ ခုနှစ် ဇူလိုင်လဆန်းက မိုးကုတ်မြို့အနီးတွေ့ရသည့် TNLA တပ်ဖွဲ့ဝင်နှင့် မိုးကုတ်ဗျူဟာ မှ PDF ၂ ဦး ။ (ဓာတ်ပုံ- Myanmar Now)

မိုးကုတ်တွင် မြို့စောင့်တပ်ဖွဲ့ရန်အခြေအနေနှင့်ပတ်သက်၍ ပိုမိုသိရှိ ဖော်ပြနိုင်ရန် TNLA ပြောခွင့်ရ လွေးယေဦးထံ Myanmar Now က ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

ပင်လယ်ရေမျက်နှာပြင်ထက် အမြင့်ပေ ၃၈၀၀ ကျော်သော မိုးကုတ်မြို့တွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာအထိ စာရင်းများအရ ဗမာ၊ ကချင်၊ ရှမ်းတို့ အများဆုံးနေထိုင်ကြသည်၊ အရည်အသွေးကောင်းပတ္တမြား ထွက်ရှိသည့်ဒေသဖြစ်ကာ ဒေသခံအများအပြားမှာ ကျောက်မျက်တူးဖော်ခြင်း၊ ကျောက်မျက် ရောင်းဝယ်ခြင်း စသည့်လုပ်ငန်းများ လုပ်ကိုင်ကြသည်။ 

မိုးကုတ်ဒေသခံများထဲတွင် တအာင်း/ပလောင် တိုင်းရင်းသားများလည်း ပါဝင်ပြီး  TNLA သည် အာဏာ မသိမ်းမီကတည်းက ထိုမြို့တွင် ကာလရှည် လှုပ်ရှားခဲ့သည့် လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။

အရွယ်ကောင်းများ စစ်မှုထမ်းရမည်ဆိုလျှင် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများသာ ကျန်ရှိမည် ဖြစ်ရာ စားဝတ်နေရေးအတွက် ပူပန်စရာဖြစ်လာနိုင်မည်ဟု အထက်ပါမိုးကုတ်မြို့ခံ အမျိုးသမီးက ယူဆ သည်။ 

အာဏာပိုင်အဆက်ဆက်က ကျောက်မျက်လုပ်ငန်း လုပ်ပိုင်ခွင့်ချပေးရာတွင် ဒေသခံတို့ကို ဦးစားမပေးခဲ့ခြင်း၊ ကိုဗစ်ကပ်ဘေး၊ စစ်တပ်အာဏာသိမ်းခြင်း၊ ဒေသတွင်း တိုက်ပွဲဖြစ်ပွားခြင်းတို့ကြောင့် မိုးကုတ်သည် ကျောက်ထွက်သည်ဟု နာမည်ကြီးသော်လည်း စီးပွားရေးထိခိုက်သည့်မြို့ ဖြစ်နေသည်။

မိုးကုတ်ဒေသခံများ စီးပွားရေးလုပ်ငန်း  မပြေလည်ကြသေးကြောင်း အထက်ပါ  အမျိုးသမီးက ဆိုသည်။

“သူတို့ (TNLA) အစည်းအဝေးမှာပြောတာက ပြည်သူလူထုလည်း ပြန်ပြီးတော့ စီးပွားရေး အဆင်ပြေနေလို့၊ ပြောသွားတာလည်း ငြင်းဆိုရမဲ့အပိုင်းတွေရှိတယ်။ စီးပွားရေးက ဘယ်သူမှ လုပ်ခွင့်မရှိဘူး။ အဝေးက သားသမီးတွေက ပြန်ပို့လို့သာ အဆင်ပြေတာ။ စီးပွားရေးက သူတို့ (TNLA) ပဲ အဓိက လုပ်ကြတာ” ဟု သူက ဆိုသည်။

TNLA ဘက်ကမူ စစ်တပ်နှင့် အပေါင်းအပါများ လက်ဝါးကြီးအုပ်ခဲ့သည့် အကြီးစား ကျောက်မျက်လုပ် ကွက် လုပ်ကိုင်ခွင့်ကို ပိတ်ပင်ထားပြီး မြို့နယ်အတွင်း အသေးစားကျောက်မျက်လုပ်ကွက်များ လုပ်ကိုင် ခွင့်ပြုထားသည်ဟု ယမန်နှစ် နိုဝင်ဘာလက Myanmar Now ကို ပြောထားသည်။

မိုးကုတ်မြို့ အရှေ့ဘက်နှင့်တောင်ဘက်တွင် TNLA ထိန်းချုပ်သည့် ကျောက်မဲမြို့နယ်နှင့် မြောက်ဘက် တွင် မိုးမိတ်မြို့နယ်၊ အနောက်ဘက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သိမ်းထားသည့်   သပိတ်ကျင်းမြို့နယ်တို့ ရှိသည်။ 

 ၂၀၂၂ ခုနှစ်က အခမ်းအနားတစ်ခုတွင် တွေ့ရသော TNLA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ- မြတ်ပန်း/Myanmar Now)

တအာင်းအမျိုးသားတိုင်း စစ်မှုထမ်းရမည့်ဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့တွင် TNLA က တရားဝင်ထုတ်ပြန်ထားသည်။

အသက် ၁၆ နှစ်မှ ၃၅ နှစ်အတွင်းရှိသော တအာင်း/ ပလောင် အမျိုးသားတိုင်း စစ်မှုထမ်းရမည်ဖြစ်ပြီးညီအစ်ကိုနှစ်ဦးနှင့်အထက်ရှိသည့် မိသားစု ဆိုပါက TNLA တပ်အတွင်း တစ်ဦးက မဖြစ်မနေ ဝင်ရောက် ရမည်ဖြစ်ပြီး ကင်းလွတ်ရန် ချွင်းချက်တချို့ ရှိသည်။

တအာင်းလူမျိုးမဟုတ်သူများဆိုပါက  TNLA ၏ နိုင်ငံရေးနှင့် စစ်ရေးရပ်တည်ချက်များကို လက်ခံသူ တိုင်း စစ်မှုထမ်းနိုင်သည်ဟု ဆိုထားသည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးအတွက် ၁၉၅၈ ခုနှစ်မှ စတင်၍ တော်လှန်ရေးစခဲ့ကြပြီး ၂၀၁၁ ခုနှစ်တွင် TNLA ကို သွေးသစ်လောင်း ပြန်လည်ဖွဲ့စည်းခဲ့ကာ ယနေ့တွင် အင်အား ၈၀၀၀ မှ ၁၀၀၀၀ ကြား ရှိနိုင်သည်ဟု လေ့လာသူများက သုံးသပ်ထားကြသည်။

TNLA သည် တပ်မဟာ ၇ ခု၊ တပ်ရင်း ၃၈ ရင်း ဖွဲ့စည်းထားပြီး တစ်ရင်းလျှင် အင်အား ၁၀၀ မှ ၁၅၀ ကြား ရှိမည်ဟု ခန့်မှန်းရကာ ခေတ်မီချေမှုန်းရေး ရိုင်ဖယ်များ တပ်ဆင်ထားနိုင်ကာ အကူပစ်လက်နက်အနေနှင့် ၆၀ မမ၊ ၁၀၇ မမတို့ကို သုံးစွဲနိုင်သည်ကို တွေ့ရကြောင်း လေ့လာသူတို့က ဆိုသည်။

စစ်ပွဲများ ကျယ်ပြန့်လာသော နိုင်ငံအတွင်း စစ်ကောင်စီကလည်း အဓမ္မစုဆောင်းနေသလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက စစ်သားစုဆောင်းမှုများ ရှိနေကာ တော်လှန်ရေးတပ်များကလည်း လူသစ်ခေါ် ယူနေကြသည်။

Show More

Related Articles

Back to top button