စီးပွားရေးသတင်း

မိုးကုတ်တွင် အသေးစားကျောက်မျက်တူးဖော်ခွင့် TNLA စတင် ခွင့်ပြု 

ပတ္တမြားမြေ မိုးကုတ်တွင် စစ်တပ်နှင့် အပေါင်းအပါများလက်ဝါးကြီးအုပ်ခဲ့သည့် အကြီးစား ကျောက်မျက်လုပ်ကွက်များကို ပိတ်ပင်လိုက်ပြီး အသေးစားလုပ်ကွက်များ လုပ်ကိုင်ခွင့်ကို TNLA က ခွင့်ပြုလိုက်သည်။

အရည်အသွေးကောင်း ပတ္တမြားထွက်ရှိရာ မန္တလေးတိုင်း မိုးကုတ်မြို့ကို ထိန်းချုပ်ထားသည့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က မြို့နယ်အတွင်း ကျောက်မျက်လုပ်ကွက်ငယ်များကို လုပ်ကိုင်ခွင့်ပြုထားသည်ဟု စုံစမ်းသိရှိရသည်။

တစ်ချိန်က စစ်တပ်နှင့် အပေါင်းအပါများ လက်ဝါးကြီးအုပ်ခဲ့သည့် အကြီးစား ကျောက်မျက်လုပ်ကွက် လုပ်ကိုင်ခွင့်ကို ပိတ်ပင်ထားကြောင်း၊  အသေးစားလုပ်ကွက်များကိုမူ စက်တင်ဘာလမှစတင်ကာ ခွင့်ပြုပေးနေကြောင်း TNLA ပြောခွင့်ရ လွေးယေဦးက Myanmar Now ကို ပြောသည်။

“အသေးစားတွေ၊ ပြီးတော့ လက်လုပ်လက်စားပေါ့၊ အဓိကက စားဝတ်နေရေးတွေ ပြေလည်နိုင်ဖို့ ကျွန်မတို့က ဖွင့်ပေးထားတာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

အသေးစား တူးဖော်ခွင့်ရသူများသည် TNLA က သတ်မှတ်သည့် အခွန်နှုန်းထားကို ပေးဆောင်ရမည်၊ သတ်မှတ်စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်ဟု လွေးယေဦးက ပြောသည်။ 

လက်ရှိ  ခွင့်ပြုထားသည့် လုပ်ကွက်အရေအတွက်နှင့် ကောက်ခံမည့် အခွန်နှုန်းကိုမူ မသိရသေးပါ။

ဒေသခံများ ကျောက်မျက်တူးဖော်ခွင့် လိုင်စင်ကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများထံတွင် လျှောက်ထားနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

မိုးကုတ်မြို့နယ်အတွင်းရှိ ပတ္တမြားမိုင်းတွင်းတစ်ခုတွင် ကျောက်တူးနေသူတစ်ဦးကို ၂၀၁၉ ခုနှစ်အတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ − AFP)

ပိတ်ပင်ခြင်းမရှိသည့် ကျောက်တွင်းများ၊ လုပ်ငန်းလည်ပတ်ရန် အဆင်သင့်မဖြစ်သည့်တွင်းများကို မူလပိုင်ရှင်မရှိပဲ လုပ်ခွင့်မပြုရန် TNLA က စည်းကမ်း သတ်မှတ်ထားသည်။ သောက်သုံးရေထွက်သည့် နေရာများ၊ ရွာပိုင်မြေ၊ သစ်တောကြိုးဝိုင်းမြေ၊ သာသနိကမြေများတွင် တူးဖော်ခွင့်မပြုကြောင်း သိရသည်။

လုပ်ငန်းလုပ်ကိုင်သူများရှိနေပြီး ဒေသအခေါ် တစ်လုံးထိုးစက်အင်ဂျင်များဖြင့် တူးဖော်ကြကြောင်း မိုးကုတ်မြို့မှ အမျိုးသားတစ်ဦးက ပြောသည်။

“လိုက်မကြည့်ဖြစ်တော့ သိပ်မသိနိုင်သေးဘူး။ လုပ်တဲ့သူတော့လုပ်နေကြတာပဲ။ စက်ကြီးတွေတော့ ခွင့်မပြုသေးဘူး။ အသေးစားပဲ။ တစ်လုံးထိုးစက်လောက်ပဲ” ဟု အထက်ပါ ဒေသခံ အမျိုးသားက ဆိုသည်။

ဒေသခံများအတွက် တူးဖော်ခွင့်ချပေးသည်ဟု ဆိုသော်လည်း တအာင်းတပ်(TNLA)၊ ကိုးကန့်တပ် (MNDAA)၊ အာရက္ခတပ်တော်(AA)နှင့် ဝတပ်(UWSA) အပါအဝင် ၎င်းတို့နှင့်နီးစပ်သူများက ဦးဆောင်တူးဖော်ခွင့်ရသည်ဟု သတင်းကြားကြောင်း သယံဇာတတူးဖော်မှုများကို စောင့်ကြည်သူ အမျိုးသမီးတစ်ဦးက ဒေသခံအချို့ကို ကိုးကား၍ ပြောသည်။

ထို့ကြောင့် သယံဇာတတူးဖော်မှုကို ဒေသခံများကို ဦးစားပေးသင့်ပြီး ဒေသနှင့်ကိုက်ညီသည့် လုပ်ထုံးလုပ်နည်းများကို ရေးဆွဲသင့်ကြောင်း ၎င်းက ပြောသည်။ 

“သယံဇာတဆိုတာ ပြည်သူပိုင်တာပေါ့နော်။ ဒါပေမယ့် ဒေသမှာရှိတဲ့ပြည်သူက ပြည်သူပိုင်တယ် လို့သာပြောပြီးတော့ တကယ်တမ်း အဲ့ဒီဒေသမှာရှိတဲ့ပြည်သူက သယံဇာတနဲ့ပတ်သက်တဲ့အကျိုး တစ်စုံတစ်ရာ ရရှိခံစားရခြင်းမရှိဘူးဆိုရင် ဒါက သယံဇာတကို ဓားပြတိုက်တာပဲ” ဟု ၎င်းက ပြောသည်။ 

ရရှိသည့် အကျိုးအမြတ်ကို ဒေသအတွက် ပြန်လည်အသုံးချရမည်ဖြစ်ပြီး ယခင်အစဉ်အဆက်က ဂုဏ်သိက္ခာမဲ့စွာ လက်ဝါးကြီးအုပ်တူးဖော်ထုတ်လုပ်မှုများကဲ့သို့ မဖြစ်ရန် အရေးကြီးကြောင်း သူက ပြောသည်။

TNLA ပြောခွင့်ရ လွေးယေဦးကမူ   သဘာဝသယံဇာတများ တူးဖော်ရာတွင် ဒေသကိုအကျိုးပြုရန်၊ လူထုခံစားခွင့်ရရန် မူဝါဒများရေးဆွဲနေပြီး မူဝါဒ မထွက်လာမီ အကြီးစားကျောက်မျက်တွင်းများကို ရပ်ဆိုင်းထားသည်ဟု ပြောသည်။

၁၉၉၀ နောက်ပိုင်း ပုဂ္ဂလိကထံ ကျောက်မျက်တူးဖော်ခွင့်ပြုချိန်မှစ၍ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမီတက် (MEHL)၊  မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)၊ စစ်တပ်နှင့်ဆက်နွယ်သည့် ခရိုနီလုပ်ငန်းရှင်များ လုပ်ကိုင်ခွင့်ရခဲ့သည့် ကျောက်တွင်းများ၊ ဦးဆောင်တူးဖော်သူ၊ အကျိုးအမြတ်ခွဲဝေမှုများကိုလည်း စိစစ်နေသည်ဟု  လွေးယေဦးက ပြောသည်။

လတ်တလောတွင် စစ်တပ်အပေါင်းအပါများကို ကျောက်မျက်တူးဖော်ခွင့် TNLA က ပိတ်ပင်ထားသည်။ 

Myanmar Now က ရရှိထားသည့် မှတ်တမ်းများအရ ပတ္တမြားနဂါးကုမ္ပဏီ၊ ရတနာရှင်ကုမ္ပဏီ၊ ဇမ္မူကျော်အောင်ကုမ္ပဏီ၊ သက်နိုင်အောင်ကုမ္ပဏီများကို လုပ်ကိုင်ခွင့် ပိတ်ထားသည်။

ထို့ပြင် ပြောင်းပြင်ရွာ ဝန်းထရံဂဲတွင်း၊ အုန်းပင်(ကသဲကျောက်ဆောင်)၊ မိုးကုတ်ဂေါက်ကွင်း၊ ဗာဂါး သစ်တောကြိုးဝိုင်းတို့တွင်လည်း ကျောက်မျက်တူးဖော်ခွင့်  ပိတ်ထားသည်။

TNLA က သတ်မှတ်ထားသည့် ကျောက်မျက်တူးခွင့် စည်းကမ်းချက်များနှင့် တူးဖော်ခွင့်ပိတ်ထားသည့် ကုမ္ပဏီများနှင့် လုပ်ကွက်များ

ပတ္တမြားနဂါးကုမ္ပဏီကို စစ်တပ်ဩဇာခံ PNO ပအိုဝ်းပြည်သူ့စစ် ဒုတိယစစ်ဦးစီးချုပ် နေဝင်းထွန်းက ပိုင်ဆိုင်သည်။ ထိုကုမ္ပဏီသည် ၂၀၁၈ တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောက်မျက်လုပ်ကွက်နှင့် ကျောက်မျက်ရတနာ ထုတ်လုပ်မှု အများဆုံးကုမ္ပဏီ ၁၀ ခုတွင် အပါအဝင်ဖြစ်သည်။

ပြည်သူ့စစ်ခေါင်းဆောင်သည် မိုးကုတ်တွင် နိုင်ငံပိုင် မြန်မာကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း(MGE) နှင့် ဖက်စပ်လုပ်ကိုင်သည့် ကျောက်မျက်လုပ်ငန်း ၃ ခု၊ မိုင်းရှူးတွင် ကျောက်တွင်းတစ်ခု၊ နေပြည်တော်တွင် ကျောက်မျက်ဖြတ်တောက်သည့် စက်ရုံတစ်ရုံ ပိုင်ဆိုင်ထားသည်ဟု လန်ဒန်အခြေစိုက်  Global Witness ၏ ၂၀၂၁ ထုတ် အစီရင်ခံစာတွင် ဖော်ပြသည်။  

စစ်တပ်ပိုင် MEHL လက်အောက်တွင် Myanmar Ruby Enterprise, Thit Sar Pan, Da na Theiddhi Star, Du Won Star, Jasmine, Pone Nyat, Si Tra Star နှင့် Thein Nhget Star ကျောက်မျက်ကုမ္ပဏီ ၈ ခုအထိရှိသည်။ MEC နှင့် MEHL ကုမ္ပဏီတို့သည် ၂၀၁၈ နှစ်အထိ ကျောက်မျက်လုပ်ကွက်များဆုံးနှင့် ကျောက်မျက်ထုတ်လုပ်မှုအများဆုံ ကုမ္ပဏီများထဲတွင် နံပတ် ၁ စာရင်းဝင်ဖြစ်သည်။

Global Witness ၏ အစီရင်ခံစာအရ မိုးကုတ်ဒေသရှိ ကျောက်မျက်မိုင်းတွင်း ၁၇ နေရာထက်မနည်းတွင် စစ်တပ်နှင့်ဆက်နွယ်သည့် ကုမ္ပဏီများက တူးဖော်ခွင့်ရရှိခဲ့သည်။ ထိုလုပ်ငန်းများအားလုံးကို ရပ်ဆိုင်ထားသည်ဟု လွေးယေဦးကပြောသည်။

မိုးကုတ်ဒေသထွက် ကျောက်တစ်လုံးကို စစ်ဆေးနေသည်ကို ၂၀၁၉ ခုနှစ်အတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ AFP)

ယခုနှစ် ဇွန် ၂၅ ရက်မှစတင်ကာ ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) အဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းအတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တစ်လအကြာတွင် မိုးကုတ်မြို့နယ်တစ်ခုလုံးကို TNLA က တိုက်ခိုက် ထိန်းချုပ်လိုက်သည်။

ကျောက်မျက်ကို ရှမ်းပြည်နယ် မိုင်းရှုးနှင့် မိုးကုတ်ဒေသနှစ်ခုမှ အဓိကထွက်ရှိပြီး မိုးကုတ်ဒေသသည် စုစုပေါင်းထွက်ရှိမှု၏ ၉၀ ရာခိုင်နှုန်းကျော်ရှိသည်။ မိုးကုတ်မြို့ကို လက်လွှတ်ဆုံးရှုံးလိုက်ရခြင်းသည် စစ်ကောင်စီအတွက် နယ်မြေဆုံးရှုံးမှုအပြင် စီးပွားရေးအရ အရှိုက်ထိစေသည့် ထိုးနှက်ချက်ဖြစ်သည်။

၂၀၁၄ မှ ၂၀၁၇ အထွက်နှုန်းကို တွက်ချက်ပါက နှစ်စဉ် ကျောက်မျက်လုပ်ငန်းမှာ အမေရိကန်ဒေါ်လာ ၄၃၆ သန်းမှ ၄၁၅ သန်းထိရှိနိုင်သည်၊  မှောင််ခိုလုပ်ငန်းများထည့်ပေါင်းပါက ဒေါ်လာ ၁ ဒသမ ၇၃ ဘီလျံမှ ၂ ဘီလျံကျော်ထိရှိနိုင်သည်ဟု Global Witness ၏ ၂၀၂၁ ဒီဇင်ဘာထုတ် ပဋိပက္ခပတ္တမြားများအမည်ရ အစီရင်ခံစာတွင် ဖော်ပြထားသည်။

မိုးကုတ်မြို့ ဒေသခံများထဲတွင် တအာင်း/ပလောင် တိုင်းရင်းသားများလည်း ပါဝင်ပြီး  TNLA  သည် ထိုမြို့တွင် ကာလရှည် လှုပ်ရှားခဲ့သည့် လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။ ၎င်းတို့လှုပ်ရှားသည့် အခြားမြို့များနည်းတူ မိုးကုတ်တွင်လည်း စီးပွားရေးလုပ်ကိုင်သူများထံမှ ငွေကြေး ကောက်ယူခဲ့သည်။

၂၀၂၀ နှစ်ကုန်ပိုင်းတွင် TNLA က ကိတ်မုန့်ဆိုင်ပိုင်ရှင်တစ်ဦးကို မြို့လယ်ဈေးအနီးတွင် ဖမ်းဆီးသွားပြီး   ငွေဖြင့် ပြန်လည်ရွေးယူခိုင်းခဲ့သည်။ 

၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်က အာဏာသိမ်းပြီး လမ်းပေါ်ထွက်ဆန္ဒပြသူများကို ပစ်သတ်ရာမှ လက်နက်ကိုင်ခုခံမှု ပေါ်ပေါက်လာရာ TNLA နှင့် အဖွဲ့အများအပြားက ခုခံလိုသူတို့ကို  စစ်ပညာသင်ပေးခဲ့သည်။

အာဏာသိမ်းစစ်တပ်ကို TNLA က အကြီးအကျယ် ထိုးစစ်ဆင်ရာ အောင်ပွဲ အများအပြား ရရှိသလို ပြည်သူတို့၏ ထောက်ခံမှုကိုလည်း ရရှိနေသည်။

Show More

Related Articles

Back to top button