သတင်း

စစ်တပ်နှင့် အပေါင်းပါများ၏ မိုးကုတ်ပတ္တမြားလုပ်ကွက်များ TNLA လက်အောက်ရောက်

စစ်တပ်နှင့် အပေါင်းပါများ လက်ဝါးကြီးအုပ်ထားသည့် ဒေါ်လာသန်းချီတန် ကျောက်မျက်လုပ်ကွက် အားလုံးကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ထိန်းချုပ်မည်။

ကမ္ဘာပေါ်တွင် အရည်အသွေးအကောင်းဆုံးနှင့် အဖိုးတန်ဆုံးပတ္တမြားများထွက်ရှိသည့် မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် မဟာမိတ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ပြီးနောက် စစ်တပ်နှင့် အပေါင်းပါများ လက်ဝါးကြီးအုပ်ထားသည့် ကျောက်မျက်လုပ်ကွက်များကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း ကျောက်မျက်လုပ်ငန်းရှင်များက ပြောသည်။

ယခုနှစ် ဇွန် ၂၅ ရက်မှစတင်ကာ ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) အဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းအတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ သီတင်းပတ် ၄ ပတ်အကြာ ဇူလိုင် ၂၄ ရက်တွင် မိုးကုတ်မြို့နယ်တစ်ခုလုံးကို TNLA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

ရှမ်းပြည်နယ်အတွင်းမှ ခွဲထုတ်၍ မန္တလေးတိုင်းအတွင်း ထည့်သွင်းခံခဲ့ရသည့် မိုးကုတ်မြို့နယ်သည် အေးမြစိုစွတ်သည့် ရာသီဥတုရှိပြီး ကမ္ဘာကျော်ပတ္တမြားနှင့် အခြားအရည်အသွေးမြင့် ကျောက်မျက်ရတနာများ ထွက်ရာဒေသဖြစ်သည်။

၁၉၉၀ ပြည့်နှစ် နောက်ပိုင်းမှစကာ စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်း မြန်မာ့စီးပွားရေးဦးပိုင် (MEHL) နှင့်  မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)၊ စစ်တပ်နှင့် နီးစပ်သည့် ဆက်ဆံရေးရှိသော ကမ္ဘောဇဘဏ်သူဌေး အောင်ကိုဝင်းနှင့် ပတ္တမြားနဂါးကုမ္ပဏီပိုင်ရှင် ပအို့ပ်ပြည်သူ့စစ်အဖွဲ့မှ နေဝင်းထွန်းအပြင် ခရိုနီကြီးများနှင့် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များက မိုးကုတ်ရှိ အဖိုးတန်ကျောက်မျက်လုပ်ကွက်များကို ထင်တိုင်းကြဲ လက်ဝါးကြီးအုပ်ခဲ့ကြသည်။

မိုးကုတ်မြို့ကို TNLA နှင့် မဟာမိတ်တပ်များ ယခုအပတ်တွင်း ဝင်ရောက်လာစဉ် ဒေသခံလူထုက သောင်းသောင်းဖြဖြ ကြိုဆိုနေပုံ။

မိုးကုတ်မြို့ကို လက်လွှတ်ခဲ့ရခြင်းကြောင့် အာဏာသိမ်းစစ်ကောင်စီနှင့် အပေါင်းပါများအတွက် အကျိုးအမြတ်အလွန်များသည့် စီးပွားရေးလုပ်ငန်းများကို ဆုံးရှုံးသွားကြောင်း အမည်မဖော်လိုသည့် အစိုးရအရာရှိဟောင်းတစ်ဦးက ပြောသည်။

“စစ်ကောင်စီ ဆုံးရှုံးမှုအများကြီး ဖြစ်စေပါမယ်။ (မိုးကုတ်ကျောက်တွင်းမှာ) သူတို့ကိုယ်တိုင်တွေက ခရိုနီအမည်ပေါက်တဲ့ လုပ်ငန်းတွေကနေ ကြီးမားတဲ့ဝင်ငွေတွေ ရနေကြတာပါ” ဟု ၎င်းက ဆိုသည်။

၂၀၁၄ မှ ၂၀၁၇ အထွက်နှုန်းကို တွက်ချက်ပါက နှစ်စဉ် ကျောက်မျက်လုပ်ငန်းမှာ အမေရိကန်ဒေါ်လာ ၄၃၆ သန်းမှ ၄၁၅ သန်းထိ ရှိနိုင်သည်ဟု သိရသည်။

မှောင်ခိုလုပ်ငန်းများထည့်ပေါင်းပါက ဒေါ်လာ ၁ ဒသမ ၇၃ ဘီလျံမှ ၂ ဘီလျံကျော်ထိ ရှိနိုင်သည်ဟု သယံဇာတထုတ်လုပ်မှုကို လေ့လာစောင့်ကြည့်သည့် ဗြိတိန်အခြေစိုက် Global Witness ၏ ၂၀၂၁ ဒီဇင်ဘာထုတ် ပဋိပက္ခပတ္တမြားများအမည်ရ အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၁၅ နိုင်ငံတကာလေလံပွဲတစ်ခု၌ပင် မိုးကုတ်မှ ပတ္တမြားသည် အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော်ဖိုး ရောင်းထွက်ခဲ့သည်။

မိုးကုတ်မြို့မြင်ကွင်း (Wikimedia)

ကျောက်မျက်သည် ရှမ်းပြည်နယ် မိုင်းရှူးနှင့် မိုးကုတ်ဒေသနှစ်ခုမှ အဓိကထွက်ရှိပြီး မိုးကုတ်ဒေသသည် စုစုပေါင်းထွက်ရှိမှု၏ ၉၀ ရာခိုင်နှုန်းကျော်ရှိသည်။ မိုးကုတ်မြို့ကို လက်လွတ်ဆုံးရှုံးလိုက်ရခြင်းသည် စစ်ကောင်စီအတွက် နယ်မြေဆုံးရှုံးမှုအပြင် စီးပွားရေးအရ အရှိုက်ထိစေသည့် ထိုးနှက်ချက်ဖြစ်သည်။

၁၉၉၀ မတိုင်မီက ကျောက်မျက်လုပ်ငန်းကို နိုင်ငံပိုင် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း (MGE) ကသာ လုပ်ကိုင်ခွင့်ရှိသော်လည်း မိုးကုတ်ဒေသခံများသည် မျိုးရိုးစဉ်ဆက် ကျောက်တွင်းများကို ရာစုနှစ်နှင့်ချီ ပိုင်ဆိုင်လုပ်ကိုင်ခဲ့ကြသည်။

ရှစ်လေးလုံးအရေးတော်ပုံအပြီး နဝတအစိုးရလက်ထက် ၁၉၈၈ ခုနှစ် ဒီဇင်ဘာတွင် ဗိုလ်ချုပ်ခင်ညွန့်၊ စွမ်းအင်နှင့် သတ္တုဝန်ကြီး ဗိုလ်ချုပ်မောင်မောင်ခင်နှင့် ရှမ်းမြောက်တိုင်းမှူး ဗိုလ်မှူးချုပ်ထွန်းကြည်တို့က မိုးကုတ်ရှိ ကျောက်တွင်းများကို ပုဂ္ဂလိကလုပ်ငန်းများ တူးဖော်ခွင့်ပေးရန် စီစဉ်ခဲ့ကြသည်။

သန်းရွှေခတ်က ရရှိခဲ့သော ၄၉၁ ကာရက်ရှိ နဝတပတ္တမြား။

ထိုစဉ်က ရတနာကုဋေကဋာ၊ လင်းရောင်ခြည်၊ ရွှေပြည်အေး၊ ရွှံပန်း၊ သန်းတစ်ရာ၊ ကျောက်ဆောင်၊ ပန်လင်နှင့် ပန်ရှိုး ဟူသည့် ကျောက်မျက်တူးဖော်ရေးစခန်းများကို နိုင်ငံပိုင်တူးဖော်မည်ဖြစ်ပြီး မိုးကုတ်ရှိ နေရာပေါင်း ၄၆ ခုတွင် ပုဂ္ဂလိကလုပ်ငန်းများကို တူးဖော်ခွင့်ပြုရန် စီစဉ်ခဲ့ကြောင်း Myanmar Now က ရရှိထားသည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စစ်အစိုးခေတ် ကျောက်မျက်တူးဖော်ရေးဆိုင်ရာ လျှို့ဝှက်မှတ်တမ်းများတွင် တွေ့ရသည်။

ပုဂ္ဂလိကကို ကျောက်မျက်တူးဖော်ခွင့်ပြုရန် စီစဉ်သည့် ၁၉၉၀ နောက်ပိုင်းတွင် စစ်တပ်သည် MEHL နှင့် MEC တို့ကို ထူထောင်ခဲ့ပြီး မိုးကုတ်မြို့နယ်ရှိ တန်ဖိုးအရှိဆုံး ကျောက်တွင်းများကို သိမ်းယူခဲ့ကြကြောင်း လန်ဒန်အခြေစိုက် Global Witness ၏ ၂၀၂၁ ထုတ် အစီရင်ခံစာတွင် ဖော်ပြသည်။

မိုးကုတ်တွင် ကျောက်တွင်းများ တရားဝင်ပိုင်ဆိုင်ခွင့်ရရန် စစ်တပ်သည် အခရာကျဆုံးဖြစ်လာသလို ၎င်းတို့ တိုက်ရိုက်ထိန်းချုပ်မှုအောက်ရှိ နိုင်ငံတော်ပိုင် ကျောက်မျက်လုပ်ကွက်အများအပြားကိုလည်း စစ်တပ်ပိုင်လုပ်ငန်းကြီးနှစ်ခုထံ လုပ်ကိုင်ခွင့်လွှဲပြောင်းပေးခဲ့သည်။

ကချင်ပြည်နယ် ဖားကန့်ဒေသရှိ ကျောက်စိမ်းလုပ်ကွက်များကဲ့သို့ပင် မိုးကုတ်တွင် ကျောက်တူးရန် စစ်တပ်ပိုင်လုပ်ငန်းများထံ လျှောက်ထားကြရသည်။ ကျောက်လုပ်ကွက်များကို တရားဝင်စီမံပိုင်ခွင့် ရထားသကဲ့သို့ စစ်တပ်ပိုင်လုပ်ငန်းများက တန်ခိုးထွားခဲ့ကြသည်ဟု ဆိုသည်။

Global Witness။

စစ်တပ်ပိုင် MEHL လက်အောက်တွင် Myanmar Ruby Enterprise, Thit Sar Pan, Da na Theiddhi Star, Du Won Star, Jasmine, Pone Nyat, Si Tra Star နှင့် Thein Nhget Star ကျောက်မျက်ကုမ္ပဏီ ၈ ခုအထိ ရှိသည်။ MEC နှင့် MEHL ကုမ္ပဏီတို့သည် ၂၀၁၈ နှစ်အထိ ကျောက်မျက်လုပ်ကွက်အများဆုံးနှင့် ကျောက်မျက်ထုတ်လုပ်မှုအများဆုံးကုမ္ပဏီများထဲတွင် နံပါတ် ၁ စာရင်းဝင်ဖြစ်သည်။

လုပ်ကွက်ကြီးမားစွာရယူ၍ အဆင့်ဆင့်စာချုပ်ချုပ်ဆိုကာ ကျောက်မျက်တူးဖော်ကြခြင်းဖြစ်ကြောင်း ယခင်အရပ်သားအစိုးရလက်ထက် သဘာဝသယံဇာတထုတ်လုပ်မှုပွင့်လင်းမြင်သာရေး (MEITI) တွင် ပါဝင်ခဲ့သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

“ရလာတဲ့ တန်ဖိုးပေါ်မှာ နောက်ထပ်တူးတဲ့ သူက တစ်ချိုးယူ၊ သူတို့ (စစ်တပ်က) နှစ်ချိုးယူတာမျိုးနဲ့ အဆင့်ဆင့် စာချုပ်တွေပြန်ချုပ်ပြီး အကျိုးတူပြန်လုပ်တာ အများကြီးရှိတယ်။ လုပ်ကွက်ကြီးနေတဲ့အခါကျတော့ သူတို့မလုပ်နိုင်တော့ဘူး။ Sub-Contract (တစ်ဆင့်ခံကန်ထရိုက်) ပြန်ချပေးတာပေါ့” ဟု သူက ဆိုသည်။

ဒေသခံများလုပ်ခွင့်မရဘဲ စပ်တပ်နှင့်နီးစပ်သူများ လုပ်ပိုင်ခွင့်ရခဲ့ကြပြီး ကမ္ဘာကျော် ပတ္တမြားနှင့် အဖိုးတန်ကျောက်များထွက်သည့် မိုးကုတ်ဒေသတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးခဲ့ကြောင်း ၎င်းက ပြောသည်။

Global Witness ၏ အစီရင်ခံစာအရ မိုးကုတ်ဒေသရှိ ကျောက်မျက်မိုင်းတွင်း ၁၇ နေရာထက်မနည်းတွင် စစ်တပ်က ထိန်းချုပ်ထားကြောင်း တွေ့ရသည်။ ၁၉၉၀ က နိုင်ငံပိုင်တူးဖော်ရန်သာ ခွင့်ပြုရန် စီစဉ်ခဲ့သည့် မိုးကုတ်မြို့လယ်ရှိ ရွှေပြည်အေး၊ လင်းရောင်ခြည်၊ ပန်ရှိုး၊ သန်းတစ်ရာနှင့် ရတနာကုဋေကဋာ အစရှိသည့် ကျောက်မိုင်းများသည် စစ်တပ်ပိုင်လုပ်ငန်းများဖြစ်လာခဲ့ကြောင်း လေ့လာတွေ့ရှိသည်။ 

နိုင်ငံတော်ပိုင် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း (MGE) လုပ်ကွက်များကို စစ်တပ်က လွှဲပြောင်းရယူမှုများရှိခဲ့ကြောင်း အထက်ပါ အမျိုးသမီးက ဆိုသည်။

စစ်တပ်ဩဇာခံ PNO ပအို့ဝ်ပြည်သူ့စစ် ဒုတိယစစ်ဦးစီးချုပ် နေဝင်းထွန်း၏ ပတ္တမြားနဂါးကုမ္ပဏီသည် ၂၀၁၈ တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောက်မျက်လုပ်ကွက်နှင့် ကျောက်မျက်ရတနာထုတ်လုပ်မှု အများဆုံးကုမ္ပဏီ ၁၀ ခုတွင် ပါဝင်ကြောင်း သိရသည်။

နေဝင်းထွန်းသည် ကျောက်မျက်လောကတွင် နာမည်ကြီးသူဌေးတစ်ဦးဖြစ်ပြီး မိုးကုတ်ရှိ ၎င်းပိုင်သည့် ကျောက်မျက်လုပ်ကွက်အနီး ဒေသခံများ ကပ်၍ပင်မရကြောင်း နေပြည်တော်၌ ကျောက်မျက်လုပ်ငန်းလုပ်ကိုင်နေသည့် မိုးကုတ်ဒေသခံတစ်ဦးက ပြောသည်။

ဦးနေဝင်းထွန်း (ပထမတန်းဝဲ) ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှတို့နှင့် ၂၀၂၃ ခုနှစ် မတ် ၇ ရက်နေ့တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ပြည်သူ့စစ်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခမ်းထီနေအိမ်၌ အတူတွေ့ရစဉ် (ဓာတ်ပုံ- စစ်ကောင်စီ)

နေဝင်းထွန်းသည် မိုးကုတ်တွင် နိုင်ငံပိုင် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း (MGE) နှင့် ဖက်စပ်လုပ်ကိုင်သည့် ကျောက်မျက်လုပ်ငန်း ၃ ခု၊ မိုင်းရှူးတွင် ကျောက်တွင်းတစ်ခုနှင့် နေပြည်တော်တွင် ကျောက်မျက်ဖြတ်တောက်သည့် စက်ရုံတစ်ရုံ ပိုင်ဆိုင်ထားသည်။

“ပတ္တမြားနဂါး နေဝင်းထွန်းခေတ်တုန်းကတော့ ဘယ်မိုးကုတ်သားမှ သူ့လုပ်ကွက်နားကို ကပ်လို့မရဘူး။ သူကတော့ မိုးကုတ်မှာ ကျောက်မျက်တူးတာမှ နာမည်ကြီးသူဌေးပဲ။ ခု နေပြည်တော်မှာရှိတဲ့ ဒက္ခိဏသီရိထဲမှာရှိတဲ့ ကျောက်တွေတောင် အောက်ဈေးနဲ့ ရောင်းတာ မကျန်တော့ဘူး” ဟု ၎င်းက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် စစ်တပ်နှင့် ဆက်လက်လက်တွဲနေသည့် နေဝင်းထွန်းသည် စစ်ကောင်စီထံမှ ချေးငွေယူကာ သတ္တုတူးဖော်ရေးစီမံကိန်းများ ဆက်လက်လုပ်ကိုင်ရန် စီစဉ်နေကြောင်း၊ လတ်တလောတွင် နေပြည်တော်ရှိ ၎င်းပိုင် ကျောက်မျက်လုပ်ငန်းမှာ ကုန်ကြမ်းမရှိဖြစ်လာကြောင်း အထက်ပါ မိုးကုတ်ဒေသခံက ပြောသည်။

မိုးကုတ်က ကျောက်စျေးကွက်။

၂၀၁၈ ထိ ခိုင်သစ္စာ၊ လျှန်ရှန်း၊ ငှက်ကလေးများ၊ မြင့်မြတ်သရဖူ၊ ဗာဂိုအိန်ဂျလ်၊ မြန်မာစံတော်ဝင်၊ သန်းထိုက်လူနှင့် အောင်လှိုင်ကြွယ်ဝ ကျောက်မျက်ရတနာကုမ္ပဏီများသည် လုပ်ကွက်အများဆုံးရသည့် ထိပ်တန်းကုမ္ပဏီများထဲတွင် ပါဝင်ကြောင်း Global Witness အစီရင်ခံစာတွင် တွေ့ရသည်။

ထိုကုမ္ပဏီများအနက် ငှက်ကလေးများကျောက်မျက်ကုမ္ပဏီကို စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ၏ သားဖြစ်သည့် ဦးကြိုင်ဆန်းရွှေက ပိုင်ဆိုင်ထားသည်ဟု သိရသည်။ ဦးကြိုင်ဆန်းရွှေသည် နောက်ထပ် ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီ ကြိုင်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ကုမ္ပဏီကိုလည်း ပိုင်ဆိုင်သည်ဟု အစီရင်ခံစာတွင် တွေ့ရသည်။

မိုင်းရှူးနှင့် မိုးကုတ်ကျောက်မျက်လုပ်ငန်းများတွင် မြန်မာစစ်တပ်အပြင် UWSA ‘ဝ’ တပ်ဖွဲ့၊ MNDAA ခေါင်းဆောင်ဟောင်း ရန်မိုးလျန်၊ စစ်ဗိုလ်ချုပ်များနှင့် နီးစပ်သည့် ကမ္ဘောဇအုပ်စု ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း၊ ထူးအုပ်စုကုမ္ပဏီ ဥက္ကဋ္ဌ ဦးတေဇတို့သည် နက်နက်ရှိုင်းရှိုင်းပါဝင်ပတ်သက်ခဲ့ကြသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် လိုင်စင်သက်တမ်းတိုးမှုရပ်ဆိုင်းခဲ့သည်။ လက်ကျန်သက်တမ်းကုန်သည်အထိ တူးဖော်ခွင့်ရှိသော်လည်း လိုင်စင်သက်တမ်းတိုးခွင့်မရှိတော့ပေ။ အာဏာသိမ်းပြီးနောက် စစ်တပ်နှင့် အဆင်ပြေသည့်ကုမ္ပဏီများသာ လုပ်ပိုင်ခွင့်ရှိကြောင်း ရန်ကုန်မြို့မှ အမည်မဖော်လိုသည့် ကျောက်မျက်လုပ်ငန်းရှင် အမျိုးသားတစ်ဦးက ပြောသည်။

“အတော်များများကတော့ သူတို့နဲ့အဆင်ပြေတဲ့လူမှ လုပ်လို့ရတာပဲလေ၊ NLD လက်ထက်ကတော့ လုပ်ကွက်သက်တမ်းကုန်ရင် ပြန်မတိုးပေးခဲ့ဘူး။ အခုတော့ အားလုံး သူတို့သဘောအတိုင်းပဲပေါ့။ တောထဲက ခိုးတွင်းတွေကတော့ ဒေသခံလက်နက်ကိုင်အဖွဲ့အစည်းတွေကို ပေးကမ်းလုပ်နေကြတာ” ဟု သူက ပြောသည်။

ကျောက်မျက်လိုင်စင်များ သက်တမ်းတိုးမပေးသလို စစ်တပ်အာဏာသိမ်းထားမှုကြောင့် မိုးကုတ်တွင် MEC နှင့် MEHL တို့သည် ကျောက်လုပ်ကွက်များကို ပိုမိုထိန်းချုပ်ခွင့်ရှိလာပြီး ပုံမှန်တူးဖော်နေကြောင်း သယံဇာတထုတ်လုပ်မှုပွင့်လင်းမြင်သာရေး (MEITI) တွင် ပါဝင်ခဲ့သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

“စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပွင့်လင်းမြင်သာအောင် ဝက်ဆိုက်တွေပေါ်မှာသာ မတင်တာ။ လုပ်ငန်းရှင်တွေပိုင်တာရော၊ အာဏာသိမ်းစစ်တပ်က ပိုင်တာတွေအားလုံးကရော နဂိုထုံးစံအတိုင်းပဲ ဘာမှမယုတ်လျော့သွားဘူး ပုံမှန်အတိုင်းပဲ တူးနေကြတယ်၊ လုပ်ငန်းလိုင်စင်ပြန်ချပေးတာရှိတယ်” ဟု ၎င်းက ဆိုသည်။

မိုးကုတ်မှ ကျောက်မျက်ထုတ်လုပ်မှုအသေးစိတ်ကို အတည်မပြုနိုင်သေးပါ။ စစ်ကောင်စီကျင်းပသည့် ကျောက်မျက်ပြပွဲများတွင် ပတ္တမြား၊ နီလာနှင့် ကျောက်မျက်ရတနာများ ရောင်းချမှုရှိပြီး အိန္ဒိယ၊ ထိုင်းနှင့် ဟောင်ကောင်သို့ တင်ပို့ရောင်းချမှုများရှိနေသည်ဟု သိရသည်။

မိုးကုတ်က ကျောက်တွင်းလုပ်ငန်းတစ်ခုကို ၂၀၂၀ နှစ်ဆန်းကတွေ့ရပုံ (Global Witness/MO)
မိုးကုတ်က ကျောက်တွင်းလုပ်ငန်းတစ်ခုကို ၂၀၂၀ နှစ်ဆန်းကတွေ့ရပုံ (Global Witness/MO)

တိုက်ပွဲဖြစ်များဖြစ်လာချိန် မိုးကုတ်တွင် အထိုင်ချသည့် နိုင်ငံပိုင် MGE နှင့် စစ်တပ်ပိုင်လုပ်ငန်းများမှ ဝန်ထမ်းများကို နေပြည်တော်သို့ ပြောင်းရွှေ့ထားကြောင်း နေပြည်တော်မှ ကျောက်မျက်လုပ်ငန်းရှင် အမျိုးသားတစ်ဦးက ပြောသည်။

မိုးကုတ်မြို့ကို ထိန်းချုပ်နိုင်ပြီးနောက် အုပ်ချုပ်ရေးနှင့် ကျောက်မျက်လုပ်ကွက်များနှင့်ပတ်သက်၍ မည်ကဲ့သို့ဆောင်ရွက်မည်ကို TNLA ပြောခွင့်ရ လွေးယေဦးထံ Myanmar Now က မေးမြန်းထားဆဲ ဖြစ်သည်။

အခြားတစ်ဖက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ချောင်းကြီး၊ မနား၊ ရွှေတိုင်ငါးရံ့အင်းနှင့် သဖန်းပင်နေရာတို့တွင် စုစုပေါင်းလုပ်ကွက် ၄၅ ခု ရောင်းချသွားမည်ဖြစ်ကြောင်း ၂၀၂၃ နှစ်ဆန်းတွင် ကြေညာထားသည်။ NUG နှင့် TNLA တို့အကြား သယံဇာတခွဲဝေမှု၊ လုပ်ကွက်များချပေးမှုအခြေအနေကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း ကျောက်မျက်လုပ်ငန်းရှင်များက ဆိုသည်။

တော်လှန်ရေးအဖွဲ့များ ထိန်းချုပ်လိုက်ချိန်တွင် စစ်တပ်လက်ဝါးကြီးအုပ်၍ လုပ်ကွက်ပျောက်ခဲ့သည့် မိုးကုတ်ဒေသခံများအတွက် တစ်ပိုင်တစ်နိုင်လုပ်ကွက်များ ခွင့်ပြုသင့်ကြောင်း၊ လုပ်ငန်းရှင်များလက်ထဲ ထည့်မည်ဆိုပါက အကျိုးထူးမည်မဟုတ်ကြောင်း ၎င်းတို့က ဆိုသည်။

စစ်ကောင်စီကမူ ဒေါ်လာဘီလျံချီပတ္တမြားမြေကို စွန့်လွှတ်လိုက်ရခြင်းကြောင့် မစားရသည့်အမဲကို သဲနှင့်ပက်ရန် ကြံစည်နိုင်ကြောင်း၊ အခြားလွတ်မြောက်နယ်မြေများကဲ့သို့ လေကြောင်းအားကိုးဖြင့် တန်ပြန်တိုက်ခိုက်လာနိုင်ကြောင်း သယံဇာတထုတ်လုပ်မှုပွင့်လင်းမြင်သာရေး (MEITI) တွင် ပါဝင်ခဲ့သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

“သူတို့ (စစ်တပ်) ကတော့ အဆိုးဆုံးထိ ယုတ်မာမှာပဲ။ သူတို့လုပ်စရာရှိတာလုပ်မယ်။ ဘယ်သူ့အပေါ်မှာမှ ညှာတာတဲ့စိတ်လည်း ဒီနေ့အချိန်ထိ မရှိဘူး။ မြေပြင်အဖြစ်အပျက်တွေကို မြင်နေတာဖြစ်တဲ့အတွက် သူတို့က ယုတ်နိုင်သမျှ အစွန်ဆုံးယုတ်မှာပဲ” ဟု ဆိုသည်။

Show More

Related Articles

Back to top button