သတင်း

သိန္နီ မြို့ပေါ်ရပ်ကွက်များတွင် MNDAA  က တပ်သားသစ်ထပ်တောင်း

ကိုးကန့်တပ်များဆုတ်ခွာမည်ဟု သတင်းထွက်နေသော်လည်း သိန္နီမြို့ပေါ်တွင် အုပ်ချုပ်ရေး ပုံမှန် လည်ပတ်နေကာ တပ်သားသစ်များပါတောင်းခံနေကြောင်း မြို့ခံများက ပြောကြသည်။

ရှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့ စစ်ကောင်စီလက်ထဲ ပြန်ရောက်ရန် တရုတ်က ဖိအားပေးနေသည်ဟု  သတင်း ထွက်နေချိန်မှာပင် ထိုမြို့ကို သိမ်းထားသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA)  က မြို့ပေါ် ရပ်ကွက်များတွင် တပ်သားသစ်ထပ်မံ စုဆောင်းနေသည်ဟု ဒေသခံများက ပြောကြသည်။

ယခုရက်ပိုင်း MNDAA အရာရှိများ မြို့ခံတို့နှင့်တွေ့ဆုံချိန် တပ်သားသစ်များပေးရန်  ပြောဆိုလာခြင်း ဖြစ်သည်ဟု သိန္နီဒေသခံများက ဆိုသည်။

 “ရပ်ကွက်တစ်ခုကို ၇ ယောက် ပေးရမယ်ဆိုပြီး တောင်းထားတယ်။ အရင်ကလည်း တောင်းထားတာ ရှိတော့ အခု လူတွေက မရှိတော့ဘူး။ အခု မြို့ခံတွေနဲ့  ပြန်ညှိနေရတယ်။ ၂ ယောက်တော့ အနည်းဆုံး ပေးရမယ်လို့ သတင်းထွက်နေတယ်” ဟု  ဒေသခံတစ်ဦးက ပြောသည်။

သိန္နီတိုက်နယ်ဟု MNDAA က သတ်မှတ်ထားသည့် ထိုဒေသရှိ ကျေးရွာတိုင်းကို  အလားတူ တောင်းထားသည်ဟု သိရကြောင်း ၎င်းဒေသခံက ဆိုသည်။

“လားရှိုးနဲ့ သိန္နီကြားက ရွာတွေပါ လူသစ်တောင်းနေပြီ၊ ပေးရတော့မယ်။ သူတို့ အကုန်လုံးကို တောင်းထားတာ”

တပ်သားသစ် မပေးနိုင်သည့် ကျေးရွာနှင့် ရပ်ကွက်များက လူသစ်ရရှိရေးအတွက် ငွေကြေးဖြင့် ငှားရမ်း ထည့်ဝင်ကြရမည်ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

မြို့ပေါ်ရပ်ကွက် ၄ ခု၊ ကျေးရွာအုပ်စု ၃၆ စု ရှိသည့် သိန္နီမြို့တွင် လူဦးရေ ခြောက်သောင်းကျော် နေထိုင်ပြီး အများစုမှာ ရှမ်းတိုင်းရင်းသားများဖြစ်သည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တည်ရှိခဲ့သည့် လားရှိုးမြို့ပေါ် ၁၂ ရပ်ကွက်ကို MNDAA  က စစ်ကောင်စီလက်သို့ ပြန်လွှဲထားသော်လည်း မြို့ပြင် ကျေးရွာများကို MNDAA ထိန်းချုပ်ရာ သိန္နီခရိုင်အတွင်း ထည့်သွင်းထားပြီး တပ်သားသစ်များ ကောက်ခံနေခြင်း ဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။  

တရုတ်ဖိအားကြောင့် လားရှိုးမြို့မှ ပြန်လည်ဆုတ်ခွာသွားခဲ့ရသည့် MNDAA အနေဖြင့် လာမည့် စက်တင် ဘာလတွင်  သိန္နီမြို့မှပြန်ဆုတ်ခွာရမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း မြို့ထဲတွင် အုပ်ချုပ် ရေးပိုင်းများ ပုံမှန်အတိုင်းလည်ပတ်လျက်ရှိသည်ဟု သိန္နီမြို့ခံ နောက်တစ်ဦးကဆိုသည်။           

“မြို့ထဲမှာတော့ သူတို့အုပ်ချုပ်ရေးပိုင်းက ပုံမှန်ပါပဲ။ လူတွေတောင်းနေတယ်။ ဆေးရုံတွေ၊ စာသင် ကျောင်းတွေလည်း ထပ်ပြီး တိုးချဲ့နေတယ်။ မြို့ကနေ ဆုတ်ခွာမယ့် အခြေအနေတော့ မတွေ့ရပါဘူး။ ရွှေ့ရလည်း လားရှိုးလို မြို့ပေါ်ရပ်ကွက်လောက်ပဲဖြစ်မှာပါ”    

အဆိုပါကိစ္စများနှင့်ပတ်သက်၍ ပိုမိုသိရှိနိုင်ရေးအတွက် MNDAA ပြန်ကြားရေးတာဝန်ရှိသူများကို ဆက်သွယ် မေးမြန်းခဲ့သော် လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။

အထိနာထားသည့် စစ်ကောင်စီတပ်က စစ်သားသစ် အကြီးအကျယ် စုဆောင်းနေသလို ထိန်းချုပ်နယ်မြေ ကျယ်ပြန့်လာသည့် လက်နက်ကိုင်အဖွဲ့များသည်လည်း ၎င်းတို့၏ နယ်မြေအတွင်း တပ်သားသစ် စုဆောင်းနေသည်။

“၁၀၂၇ စစ်ဆင်ရေး” အတွင်း တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအတွက် အရေးပါသည့် သိန္နီ၊ လားရှိုး၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကြူကုတ်(ပန်ဆိုင်း) အပါအဝင် မြို့ပေါင်း ၇မြို့ကို MNDAA တပ်ဖွဲ့ က သိမ်းပိုက်ထားသည်။

MNDAA က လားရှိုးမြို့မှ ဆုတ်ခွာရစဉ်ကလည်း ကျောက်ကပ်ဆေးစက်အပါအဝင် ဆေးပစ္စည်းများကို ယူဆောင်သွားပြီး သိန္နီဆေးရုံကြီးသို့ပြောင်းရွှေ့ခဲ့ကြသည်။

သိန္နီမြို့သည် ပြည်ထောင်စုလမ်းမကြီးအတိုင်း လားရှိုးမြို့နှင့် တစ်ဆက်တည်းတွင် ရှိပြီး ၂၆ မိုင်ကျော် ကွာဝေးကာ ရှမ်းမြောက်ဒေသ အရှေ့နှင့် အနောက်သွားရာ လမ်းဆုံအနီး တည်ရှိသည်။

တရုတ်သို့ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ကျောက်မဲ-သိန္နီ-လားရှိုးလမ်းကြောင်းနှင့် သိန္နီ-လားရှိုး -ချင်းရွှေဟော်လမ်းပေါ်တွင် အချက်အချာကျစွာ တည်ရှိသောမြို့လည်းဖြစ်သည်။

သိန္နီမြို့ကို ၂၀၂၄  ခုနှစ် ဇန်နဝါရီလအတွင်း MNDAA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ပြီး ကိုးကန့် အထူးဒေသ (၁) အတွင်း ထည့်သွင်းထားခြင်းဖြစ်သည်။

အဆိုပါမြို့သိမ်းတိုက်ပွဲတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)နှင့်အတူ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၊ ကိုးကန့်တပ် (MNDAA) ၏ အမှတ် (၅၀၁) တပ်ရင်းတို့ ပူးပေါင်းပါဝင်ခဲ့သည်။

စစ်ကောင်စီက သိန္နီနှင့်တဆက်တည်းဖြစ်သော  မန္တလေး-လားရှိုးကုန်သွယ်ရေးလမ်းမပေါ်ရှိ သီပေါ၊ နောင်ချို၊ ကျောက်မဲမြို့တို့ကိုလည်း ပြန်ပေးရန် TNLA ကို ဖိအားပေးနေရာ သိန္နီမြို့အခြေအနေနှင့် ပတ်သက်ပြီး သတင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။

စစ်ကောင်စီသည် တရုတ်ဖိအား အကူအညီဖြင့် လားရှိုးမြို့ကို ကျည်တစ်ချက်မှ မဖောက်ရဘဲ ပြန်လည်ရယူနိုင်ခဲ့ပြီးနောက် TNLA ထိန်းချုပ်သည့် မန္တလေး-လားရှိုးကုန်သွယ်ရေးလမ်းမပေါ်ရှိ သီပေါ၊ နောင်ချို၊ ကျောက်မဲနှင့် မြန်မာပြည် အလယ်ပိုင်းသို့ ထိုးဖောက်နိုင်မည့် မိုးကုတ်၊ မိုးမိတ်မြို့များကို ပြန်ပေးရန် တောင်းဆိုခဲ့သည်။ သို့သော်လည်း TNLA က ငြင်းဆန်ခဲ့သည်။  

Related Articles

Back to top button