သတင်း

ကွတ်ခိုင်မြို့နှင့် သိန္နီအခြေစိုက် စကခ (၁၆) ကို မြောက်ပိုင်းသုံးဖွဲ့သိမ်းပိုက်

ယမန်နေ့တစ်ရက်အတွင်း ကွတ်ခိုင်မြို့ကို TNLA ထိန်းချုပ်လိုက်သလို မြို့တောင်ဘက် သိန္နီမြို့ရှိ စကခ (၁၆) ကို MNDAA, KNDF, PLA တို့က သိမ်းယူနိုင်ခဲ့သည်။

တိုက်ပွဲများပြင်းထန်နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကွတ်ခိုင်မြို့ကို အလုံးစုံ သိမ်းပိုက်နိုင်ခဲ့သလို သိန္နီမြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (၁၆) ကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်ဟု မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ယမန်နေ့ (ဇန်နဝါရီ ၇) တွင် ကြေညာလိုက်သည်။

ဒီဇင်ဘာလကုန်မှစတင်ကာ တိုက်ခိုက်နေသည့် မြို့အနောက်ဘက် အမှတ် (၁) ရပ်ကွက်ရှိ ကွတ်ခိုင်ဗျူဟာကုန်းကို ယမန်နေ့ည ၁၁ နာရီခန့်က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်ဟု မြောက်ပိုင်းအဖွဲ့ဝင် တအာင်းတပ် (TNLA) ၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး တာအိုက်ကျော်က ပြောသည်။

“မနေ့ကတော့ စခန်းထဲကို ဝင်လို့ရပြီးတော့ စခန်းသိမ်းလိုက်တယ်။ ဒါပေမဲ့ အသေးစိတ်ကတော့ ကျွန်တော်တို့ ဆက်သွယ်လို့ မရသေးဘူး။ ဘယ်လိုတွေဆက်ရှိလဲ မသိရသေးဘူး။ ဒါပေမဲ့ စစ်တပ်ကတော့ လုံးဝ မရှိတော့ဘူး” ဟု တာအိုက်ကျော်က ဆိုသည်။

ဗျူဟာစခန်းကျပြီးနောက် အဆိုပါ စခန်းနေရာနှင့် ကွတ်ခိုင်မြို့ကို TNLA က ရှင်းလင်းရေး ဆက်လက်ပြုလုပ်နေပြီး အသေးစိတ်အခြေအနေများကို ဆက်လက်ထုတ်ပြန်ပေးသွားမည်ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ဒီဇင်ဘာနောက်ဆုံးပတ်အထိ TNLA, MNDAA ပူးပေါင်းတပ်ဘက်က ကွတ်ခိုင်မြို့နယ် တာမိုးညဲ ပြည်သူ့စစ်ဌာနချုပ်၊ မုံးစီးဒေသ စစ်ကောင်စီတပ်စခန်းများ၊ မြို့ပေါ် အမှတ် (၈) ရပ်ကွက်ရှိ ကွတ်ခိုင်ပြည်သူ့စစ်အဖွဲ့ရုံးချုပ်ကို အပြီးသတ်သိမ်းပိုက်ထားရာ ထိုဗျူဟာကျအပြီး ကွတ်ခိုင်တစ်မြို့လုံး ရရှိခဲ့ခြင်း ဖြစ်သည်။

သီတင်းတစ်ပတ်ကြာ တိုက်ခိုက်ခဲ့ရသည့် အဆိုပါ မြို့သိမ်းတိုက်ပွဲတွင် စစ်တပ်၏ အခြေစိုက်တပ်ရင်းစခန်းအချို့နှင့် ယာယီစခန်း ၄ ခုထက်မနည်း သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အမြားလည်း သိမ်းဆည်းရမိခဲ့သည်ဟု TNLA ထံမှ သိရသည်။

အလားတူ ယင်းနေ့ ဇန်နဝါရီ ၇ တစ်ရက်တည်းမှာပင် ကွတ်ခိုင်မြို့တောင်ဘက် ၁၆ မိုင်အကွာ သိန္နီမြို့အခြေစိုက် အမှတ် (၁၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်စခန်းကိုလည်း ညီနောင်မဟာမိတ်သုံးဖွဲ့က သိမ်းပိုက်နိုင်ခဲ့သည်။

သိန္နီမြို့တွင် နောက်ဆုံးကျန်ရှိနေသည့် အဆိုပါ စကခ(၁၆) ကို ယမန်နေ့ နံနက် ၁၁ နာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်သော်လည်း သိန္နီမြို့ကို အလုံးစုံသိမ်းပိုက်နိုင်ခြင်း ရှိ၊ မရှိကိုမူ မသိရသေးပေ။

အတူပူးတွဲတိုက်ခိုက်ခဲ့သည့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ပြီးခဲ့သည့် ဇန်နဝါရီ ၁ ကတည်းက စကခ ၁၆ ကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ သိန္နီမြို့အထွက် နမ္မတူချောင်းတံတားထိပ်မှ စတင်ကာ ကောင်းဟော်ရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။

ထိုတိုက်ပွဲအတွင်း PLA နှင့်အတူ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ကိုးကန့်တပ် (MNDAA) ၏ အမှတ် (၅၀၁) တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အမှတ် ၆၉ ခြေလျင်တပ်ရင်းစခန်းကို ဇန်နဝါရီ ၄ တွင် သိမ်းနိုင်ခဲ့ပြီး စကခ ၁၆ ဌာနချုပ်ကို ဝင်ရောက် စီးနင်းခဲ့ကြောင်း၊  လက်နက်ဂို​ဒေါင်များ၊ သံချပ်ကာကားများ၊ လက်နက်ကြီးများနှင့် လက်နက်ခဲယမ်းအမြောက်အမြား သိမ်းပိုက်ရရှိခဲ့ကြောင်း PLA ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဇန်နဝါရီ ၆ ညနေတွင် စစ်ကောင်စီတပ်များအားလုံး ဆုတ်ခွာသွားပြီး ဇန်နဝါရီ ၇ နံနက် ၉ နာရီတွင် စကခ ၁၆ ဧရိယာတစ်ခုလုံးကို အောင်မြင်စွာ သိမ်းပိုက်ရရှိသည်ဟု ဖော်ပြထားသည်။

PLA အနေဖြင့် ၁၀၂၇ စစ်ဆင်ရေးအတွင်း သိန္နီမြို့သိမ်းတိုက်ပွဲ၊ ရေပူစစ်ဆေးရေးဂိတ်၊ ကောင်းဟော်ရွာ၊ စကခ (၁၆) ဌာနချုပ် သိမ်းပိုက်တိုက်ခိုက်မှုများတွင် ပါဝင်ခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် ရှမ်းမြောက်ဒေသတွင် နေရာအများစုကို မြောက်ပိုင်းအဖွဲ့များက ထိန်းချုပ်လိုက်ပြီဖြစ်သည်၊ ကျန်ရှိသည့် ဒေသများထဲတွင် မန္တလေး-လားရှိုး-မူဆယ်တစ်လျှောက် လားရှိုးနှင့် ကျောက်မဲမြို့၊ သီပေါတို့ ပါဝင်သည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့မှ စစ်ကြောင်းအချို့ လားရှိုးမြို့သို့ ဦးတည်ချီတက်နေသည် ဆိုသည့် သတင်းများ ယနေ့ ထွက်ပေါ်နေသော်လည်း အဆိုပါ သတင်း အတည်မပြုနိုင်သေးကြောင်း TNLA ဒုတိယဗိုလ်မှူးကြီး တာအိုက်ကျော်က ပြောသည်။

ယမန်နေ့က ကွတ်ခိုင်နှင့် သိန္နီမြို့များအပြင် မိုးမိတ်နှင့် နောင်ချိုမြို့နယ်များတွင်လည်း တိုက်ပွဲများ ရှိခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းမှ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

စစ်တက္ကသိုလ်များရှိရာ ပြင်ဦးလွင်မြို့နှင့် ၁၉ မိုင်ခန့်သာ ဝေးသည့် နောင်ချိုမြို့နယ် ကျောက်မဲလေးရွာတွင် စစ်တပ်နှင့် TNLA, MDY-PDF ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေသည်။

“အဲဒီဘက်မှာတော့ တိုက်ပွဲက သုံးရက်လောက် ရှိနေပြီဖြစ်နေတာ၊ လေယာဉ်တွေနဲ့လည်း တောက်လျှောက် လာပစ်နေတာရှိတယ်၊ ဂျက်ဖိုက်တာရော MI 35 ‌ရော၊ Y 12 ရောနဲ့ တောက်လျှောက် လာပစ်နေတာရှိတယ်” ဟု TNLA မှ ဒုတိယဗိုလ်မှူးကြီးတာအိုက်ကျော်က ပြောသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားရာနှင့် ကျောက်မဲလေးရွာအနီးသို့ ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်မှုကြောင့် ကျောက်မဲလေးရွာမှ နေအိမ် ၃ လုံး မီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။

ထို့ပြင် မိုးမိတ်မြို့နယ်တွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး မြို့ပြင်ရှိ စစ်တပ်စခန်းများက ကျန်ကန်ရွာ၊ အထက်ညောင်ကုန်းရွာတို့ကို လက်နက်ကြီးဖြင့် အကြိမ် ၃၀ ကျော် ပစ်ခတ်ခဲ့သည်။

ထို့ပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာကို ပေါင် ၅၀၀ ဗုံး ၅ လုံးကြဲချခဲ့သည့်အတွက်  ကျောင်းဆရာမ၊ ဆရာမ ၅ ဦး သေဆုံးခဲ့ပြီး ၆ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။

၁၀၂၇ စစ်ဆင်ရေးစတင်ပြီး ၇၃ ရက်အတွင်း စစ်တပ်၏ စခန်းပေါင်း ၇၀ ကျော်ကို TNLA က သိမ်းပိုက်နိုင်ခဲ့ပြီး ကွတ်ခိုင်မြို့သည် နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊  မိုင်းလုံ၊ နမ္မတူနှင့် မိုင်းငေါ့မြို့တို့ ပြီးသည့်နောက် ၇ မြို့မြောက်အဖြစ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

TNLA နှင့် ပူးပေါင်းတပ်များက မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်ကို ထိန်းသိမ်းထားပြီး အဓိကကျသည့်မြို့များကိုလည်း ဝိုင်းပတ်ပိတ်ဆို့ထားနိုင်သည်။

နမ့်ဆန်နှင့် နမ္မတူမြို့များကို TNLA က သိမ်းပိုက်နိုင်ပြီးနောက် သီပေါမြို့ရှိ စစ်ကောင်စီတပ်များက အဆိုပါ မြို့များမှတစ်ဆင့် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ရှိသည့် ကျောက်မဲ၊ သီပေါနှင့် ပြည်နယ်မြို့တော် လားရှိုးမြို့များသို့ ဆက်သွယ်ထားသည့် တံတားများကို မိုင်းခွဲဖျက်ဆီးခဲ့သည်။

လမ်းတံတား ဖျက်ဆီးမှုကြောင့် စစ်ကောင်စီ၏ ထောက်ပို့အစီအစဉ်များ ခက်ခဲသွားရသလို အများပြည်သူ သွားလာမှုလည်း ခက်ခဲနေသည်။

အောက်တိုဘာ ၂၇ တွင် အစပြုသည့်၊ မဟာမိတ်သုံးဖွဲ့ ဦးဆောင်သည့် ၁၀၂၇ စစ်ဆင်ရေး နှစ်လကျော်အတွင်း စစ်ကောင်စီစခန်းပေါင်း ၃၀၀ ကျော်နှင့် မြို့ပေါင်း ၁၆ မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိသည့်အပြင် စစ်သည်၊ အရာရှိ ရာထောင်ချီ လက်နက်ချခဲ့ကြသည်။

ဤသို့သော ထူးခြားသည့် စစ်ရေးအခြေအနေကြောင့် အာဏာသိမ်းစစ်ခေါင်းဆောင်က ၎င်းတို့၏ စခန်းများကို လာရောက် တိုက်ခိုက်သူများမှာ ညီနောင် ၃ ဖွဲ့အပြင် အခြားတပ်ဖွဲ့များ၊ ပြည်ပမှ ဒရုန်းပညာရှင်များ ပူးပေါင်းပါဝင်ကြောင်း နိုဝင်ဘာ ၃၀ ရက်နေ့တွင် ပြောကြားခဲ့သည်။

တိုက်ပွဲသတင်းအများစုကို စစ်ကောင်စီက ထုတ်ပြန်ခြင်း မရှိပေ။

Show More

Related Articles

Back to top button