
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်တွင် ယမန်နေ့(ဇန်နဝါရီ ၇) က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် စာသင် ကျောင်းပေါ် ကျရောက်ပေါက်ကွဲပြီး ဆရာ၊ ဆရာမ ၅ ဦး သေဆုံးခဲ့ပြီး ၆ ဦး ဒဏ်ရာရရှိကြောင်း တအာင်းတပ် (TNLA) က သတင်းထုတ်ပြန်သည်။
တအာင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ နမ့်ဆန်မြို့အနောက်ဘက် မိုင် ၂၀ ခန့်အကွာမှ မြို့သစ်ကျေးရွာကို မွန်းလွဲ ၂း၃၅ အချိန်တွင် စစ်လေယာဉ်က ဗုံး ၅ လုံး ကြဲချခဲ့သည်။
တအာင်းအမျိုးသားပညာရေးကော်မတီ (TNEC) စာသင်ကျောင်းနှင့် လူနေအိမ်များပေါ်တွင် ဗုံးများ ကျရောက် ပေါက်ကွဲခဲ့စဉ် ထိုသို့ အရပ်သားများ ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်ကာ လူနေအိမ် ၇ လုံး ပျက်စီးခဲ့သည်။
စာသင်ကျောင်းအတွင်း TNEC ၏ ကျောင်းဆရာ၊ ဆရာမ လွေးလှာမျံမ်၊ လွေးနန်းဒိတ်၊ လွေးမိုးအေး၊ မိုင်းအမှုန်း၊ မိုင်းယဲထိုည် တို့ ၅ ဦး သေဆုံးခဲ့ပြီး ဒေသခံများဖြစ်သော ယာအေနေ၊ ယာအေမို၊ ယာမူ၊ လွေးမျစိန်၊ တာဆိုမြတ်၊ တာကျော်လွန်တို့ ဒဏ်ရာပြင်းထန်စွာရခဲ့သည်ဟု TNLA ထုတ်ပြန်ချက်က ဆိုသည်။
TNLA ၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး တာအိုက်ကျော်က တိုက်ပွဲမရှိသည့်အချိန်တွင် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခြင်းဖြစ်ကြောင်း ပြောသည်။
“တိုက်ပွဲမဖြစ်ပွားဘဲနဲ့ နမ့်ဆန်မြို့နယ်ထဲက မြို့သစ်ကျေးရွာကို သူတို့ ပေါင် ၅၀၀ ဗုံး ၅ လုံး လာကြဲချတာရှိတယ်။ ထိခိုက်မှုတွေလည်းရှိတယ်။ ဒေသခံ ၅ ဦး သေဆုံးပြီးတော့ ဒဏ်ရာရတာတွေလည်း ရှိတယ်။ နေအိမ် ၇ လုံးလောက်လည်း ပျက်စီးသွားတယ်”
ထိုသူများ၏ အသက်အရွယ်နှင့် ကျည်စထိမှန်သော ဒဏ်ရာအခြေအနေ အသေးစိတ်မသိရသေးပေ။
အဆိုပါကျေးရွာကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၉ ရက်ကလည်း စစ်ကောင်စီလေတပ်က ပေါင် ၅၀၀ ဗုံး ကြဲချခဲ့သေးသည်။
ထိုစဉ်က ဒေသ ခံ ၂ ဦး သေဆုံးခဲ့ပြီး၊ ၇ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်၊ နေအိမ် ၂ လုံး မီးလောင်၍ ၂၃ လုံး ကျည်စထိမှန် ပျက်စီးခဲ့သည်ဟု သိရသည်။
စစ်ကောင်စီကမူ ထိုဒေသကို လေကြောင်းတိုက်ခိုက်မှု မရှိခဲ့ကြောင်း နိုဝင်ဘာ ၂၁ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ဖူးသည်။
“နိုဝင်ဘာ ၁၉ ရက် ညပိုင်းတွင် နမ့်ဆန်မြို့နယ်၊ မြို့သစ်ကျေးရွာအနီး၌ ထိတွေ့တိုက်ပွဲဖြစ်ပွားစဉ် အကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း” သိရှိရသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
ယမန်နေ့ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
အိမ်ခြေ ၁၀၀ ကျော်ရှိသော မြို့သစ်ရွာတွင် တအာင်း ခေါ် ပလောင်လူမျိုးအများစု နေထိုင်သည်။
ရှမ်းပြည်နယ်အတွင်း တအာင်းအမျိုးသားပညာရေးကော်မတီ (TNEC) က ဦးစီးပြီး ဒေသတွင်း တိုင်းရင်းသားဘာသာစကားများ ဦးစားပေးသင်ကြားပေးမည့် စာသင်ကျောင်းပေါင်း ၁၀၀ ကျော်ကို ဖွင့်လှစ်ထားရာ ဗုံးကျရောက်ပေါက်ကွဲသည့် ကျောင်းသည်လည်း တစ်ကျောင်းအပါအဝင်ဖြစ်သည်။
ထိုကျောင်းအနေဖြင့် အာဏာဖီဆန်ရေး ဆန့်ကျင်လှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသည့် ဆရာ၊ ဆရာမများကိုလည်း လာရောက်သင်ကြားရန် ဖိတ်ခေါ်ထားကာ လုံခြုံရေးအတွက် ဒေသအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အကူအညီဖြင့် ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု သိရသည်။
