
စစ်ကောင်စီက မန္တလေး-လားရှိုးကုန်သွယ်ရေးလမ်းမပေါ်ရှိ သီပေါ၊ နောင်ချို၊ ကျောက်မဲနှင့် မြန်မာပြည် အလယ်ပိုင်းသို့ ထိုးဖောက်နိုင်မည့် မိုးကုတ်၊ မိုးမိတ်မြို့များကို ပြန်ပေးရန် တောင်းဆိုထားရာ ထို ၅ မြို့ကို ပြန်မပေးဘဲ ဆက်လက်ကာကွယ်သွားမည်ဖြစ်ကြောင်း တအာင်းတပ်(TNLA) က မေ ၄ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ဧပြီ ၂၈၊ ၂၉ တွင် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ တွေ့ဆုံဆွေးနွေးစဉ် စစ်ကောင်စီ တောင်းဆိုချက်ကို TNLA က ငြင်းဆန်ခဲ့သည်၊ ဩဂုတ်လတွင် ထပ်မံ တွေ့ဆုံဆွေးနွေးမည်ဟု ဆိုသည်။
အတူပူးပေါင်းတိုက်ခိုက်ခဲ့သည့် မဟာမိတ်များ နှင့် လူထု၏အသံကို အလေးထားရမည်ဖြစ်သည်ဟု ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ၏ တွဲဖက်အထွေထွေအတွင်းရေးမှူး-၂ ဗိုလ်မှူးကြီးတားပန်လက ပြောသည်။
“ကျွန်တော်တို့နဲ့ တူတူ တိုက်ပွဲဝင်ခဲ့ကြတဲ့ မဟာမိတ်တွေရဲ့အသံကိုလည်း အလေးထားရမှာဖြစ်သလို ကျွန်တော်တို့ တိုက်ပွဲအောင်မြင်အောင် ဒီနယ်မြေကနေ စစ်အာဏာရှင်တွေထွက်သွားအောင် ပူးပေါင်း ဆောင်ရွက်ခဲ့ကြတဲ့ လူထုတွေရဲ့အသံတွေလည်း ကျွန်တော်တို့ အလေးထားရမှာဖြစ်ပါတယ်။ အဲဒါ ကြောင့်မို့လို့ ဟိုဟာပေးနိုင်မလား ဒီဟာပေးနိုင်မလားဆိုတာမျိုးတော့ လောလောဆယ် မရှိသေးပါဘူး” ဟု ဗိုလ်မှူးကြီးတားပန်လက သတင်းသမားများကို ပြောသည်။
စစ်ကောင်စီကမူ ဗိုလ်မှူးကြီးတားပန်လ၏ ပြောဆိုချက်များကို တုံ့ပြန်ခြင်း မရှိသေးပေ။
စစ်ကောင်စီနှင့် ဆွေးနွေးမှုများဆက်လုပ်နေသော်လည်း “၁၀၂၇ စစ်ဆင်ရေး” တွင် ကြွေးကြော်ခဲ့သည့် အတိုင်း အာဏာရှင်အမြစ်ဖြတ်ရေးကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး အခြားတော်လှန်ရေးအဖွဲ့ များကိုလည်း ညီညီညွတ်ညွတ်ပူးပေါင်းကြရန် ဗိုလ်မှူးကြီးတားပန်လက တိုက်တွန်းသည်။
၁၉၈၉၊ ၉၀ ခုနှစ်များက ပြုလုပ်ခဲ့သည့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်များသည် ၂၀၀၉၊၂၀၁၀ ကာလများ အရောက်တွင် ပျက်ပြယ်သွားပြီးနောက် တိုက်ပွဲများ ပြန်ဖြစ်လာကြောင်း၊ အာဏာရှင်စနစ် ရှိနေသရွေ့ စစ်ပွဲသံသရာလည်နေဦးမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“ပစ်လိုက် ရပ်လိုက်နဲ့ ငြိမ်းချမ်းရေးသံသရာ အပစ်အခတ်ရပ်စဲရေးသံသရာ၊ စစ်ရေးသံသရာက ဆက်ဖြစ် နေတယ်။ ဆိုတော့ အဲဒီလိုမျိုး မဖြစ်ရလေအောင် ကျွန်တော်တို့ သေသေချာချာ ညီညီညွတ်ညွတ်နဲ့ အပြီးသတ်တိုက်ပွဲဆင်နွှဲရမှာဖြစ်ပါတယ်။ အဲဒါမျိုးမှ ကျွန်တော်တို့တွေ ဒီသံသရာကနေ လွတ်မြောက်ပြီး မျှော်မှန်းတဲ့ ဖက်ဒရယ်ပြည်ထောင်စုဆီ ရောက်ရှိမှာ ဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးတားပန်လက ဆိုသည်။
“ကျွန်တော်တို့က အပြီးသတ် အာဏာရှင်စနစ်ချုပ်ငြိမ်းရေး မဆောင်ရွက်ဘူးဆိုရင်တော့ … သေချာတယ် … ကျွန်တော်တို့ရဲ့ နောက်ထပ်မျိုးဆက်တွေလည်း စစ်ဘေးစစ်ဒဏ်ခံနေရပြီးမှ တကယ့်လူသားတစ်ယောက်လို နေနိုင်မှာမဟုတ်ပါဘူး။ အဲဒါကြောင့်မို့ ကျွန်တော်တို့က အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး ဆောင်ရွက်ရမှာဖြစ်ပါတယ်”
လတ်တလောတွင် စစ်ကောင်စီနှင့်အပစ်ရပ်မှု ဆွေးနွေးထားသည်မှာ မြောက်ပိုင်း ၃ ဖွဲ့အနက် ကိုးကန့်တပ် (MNDAA) တစ်တပ်သာရှိပြီး ပြည်နယ်မြောက်ပိုင်း၏မြို့တော် လားရှိုးမှ ဆုတ်ခွာပေးလိုက်ရသည်။
စစ်ကောင်စီက ကျန်မြောက်ပိုင်းအဖွဲ့ဝင် ၂ ဖွဲ့ဖြစ်သော အာရက္ခတပ်တော် (AA) နှင့် တအာင်းတပ် (TNLA) တို့ သိမ်းပိုက်ထိန်းချုပ်ထားသည့်ဒေသများကို လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်နေသည်။
အလားတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေးတပ်များ သိမ်းပိုက်ထားသည့် မြို့များကိုလည်း လေကြောင်းမှ တိုက်ခိုက်နေ၍ အစုလိုက်အပြုံလိုက်သေဆုံးမှုများ မကြာသေးခင်က ဖြစ်ပွားထားသည်။
၂၀၂၃ အောက်တိုဘာလက စတင်သည့် “ ၁၀၂၇ စစ်ဆင်ရေး” နှစ်ကြိမ်အတွင်း TNLA က မန္တလေးတိုင်း မိုးကုတ်မြို့နှင့် ရှမ်းမြောက်မှ နမ့်ခမ်း၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်၊ မိုင်းလုံ၊ မိုင်းငေါ့နှင့် နမ့်ဆန်မြို့များကို သိမ်းပိုက်နိုင်ခဲ့ပြီး TNLA က ၎င်းတို့ထိန်းချုပ်နယ်မြေအဖြစ် အုပ်ချုပ်ရေးယန္တရားလည်ပတ်နေသည်။
ထို ၁၂ မြို့အနက်မှ အထက်မြန်မာပြည်၏ စီးပွားရေးနှင့် ကုန်သွယ်ရေးအချက်အချာကျသည့် မန္တလေး မြို့တရုတ်မြန်မာနယ်စပ်ရှိ အကြီးဆုံးနယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သော မူဆယ်နှင့် ချင်းရွှေဟော် သို့ သွားရာတွင်မန္တလေး- လားရှိုး ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှ နောင်ချို၊ သီပေါ၊ ကျောက်မဲမြို့တို့ကို ၎င်းတို့ထံပေးရန် စစ်ကောင်စီက တရုတ်ဖိအားကို အသုံးပြု၍ တောင်းဆိုခဲ့သည်။
တဖန် မိုးကုတ်မြို့နှင့် မိုးကုတ်အရှေ့ဘက် မိုင် ၃၀ ခန့် ကွာဝေးသည့် မိုးမိတ်မြို့တို့ကိုပြန်ပေးရန်လည်း တောင်းခဲ့သည်။
မြန်မာပြည်အလယ်ပိုင်းသို့ မိုးမိတ်မှ သွားနိုင်သည့် လမ်း ၂ ခု ရှိပြီး မိုးကုတ် – မိုးမိတ်လမ်းနှင့် တွင်းငယ် – မိုးမိတ်လမ်းတို့ ဖြစ်ကြသည်။
စစ်ကောင်စီအနေဖြင့် မိုးမိတ်မြို့ကိုရပါက မိုးမိတ်မြို့အထက်ဘက်ရှိ ကချင်လွတ်လပ်ရေးတပ် (KIA) သိမ်းထားသည့် မဘိမ်းမြို့၊ မိုးမိတ်- တွင်းငယ်လမ်းမှတဆင့် NUG သိမ်းထားသည့် တကောင်း၊ သပိတ်ကျင်း၊ စဉ့်ကူးမြို့တို့ကို ထိုးဖောက်နိုင်မည်ဟု ယူဆနေကြသည်။
အရည်အသွေးကောင်းသည့် ပတ္တမြားထွက်ရှိမှုကြောင့် ထင်ရှားသော မိုးကုတ်မြို့သည် ကျောက်မျက် တူးဖော်ရေးလုပ်ငန်းအများအပြားရှိပြီး လမ်းပန်းဆက်သွယ်ရေးအရ အချက်အချာကျသည်။

စစ်ဗိုလ်ချုပ်ကြီးများ စိတ် ကြိုက် ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ထားသော ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော မန်တုံနှင့် နမ့်ဆန်မြို့နယ်များသို့ ဆုတ်ခွာပေးရန် စစ်ကောင်စီက တောင်းဆိုခဲ့ခြင်းဖြစ်သည်။
TNLA ကမူ တောင်းဆိုမှုများကို ပယ်ချခဲ့ပြီး နှစ်ဖက်တပ်များရောက်သည့် နေရာတွင် ရပ်ရန် ၊ လေကြောင်းမှအပါအဝင် မည်သည့်တိုက်ခိုက်မှုများမှ ဆက်မလုပ်ရန်၊ နယ်စပ်ဂိတ်များ ဖွင့်ကာ ကုန်သွယ်ရေးရေးပြန်စရန်၊ ဒေသတည်ငြိမ်မှုရရှိရန်တို့ကို ဦးတည်ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။
လေတပ်က မေ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ နောင်ချိုနှင့် မိုးကုတ်မြို့နယ် ကျေးရွာများကို ဗုံးကြဲခဲ့သည်။
မေ ၂ ရက်နေ့ ည ၁၁း၄ဝ အချိန်တွင်လည်း နောင်ချိုမြို့နယ်၊ လုံဝယ်ကျေးရွာကို လေတပ်က ဗုံးကြဲသော်လည်း ထိခိုက်သေဆုံးသူ မရှိခဲ့ပေ။
မိုးကုတ်မြို့အနောက်ပိုင်း၊ ဆင်ခွာကျေးရွာကိုလည်း မေ ၃ ရက် ၉း၅၅ နာရီအချိန် ဗုံး ၂ လုံးကြဲချရာ ဘုန်းကြီးကျောင်း၂ ကျောင်းနှင့် ဓမ္မာရုံတို့ ထိမှန်ပျက်စီးခဲ့သည်၊ ကလေး ၁ ဦးဒဏ်ရာရရှိခဲ့သည်။ ယင်းနေ့ နံနက် ၉းဝဝ နာရီဝန်းကျင်က မိုးကုတ်မြို့အနောက်ပိုင်း၊ ကသဲရပ်ကွက်ကိုဗုံးကြဲခဲ့ရာ ဒေသခံ ၁ ဦး သေဆုံးခဲ့ပြီး ၁ ဦးထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၁၆ လုံးပျက်စီးခဲ့သည်။
မေ ၄ ရက် ညနေ ၅း၂ဝ နာရီအချိန်တွင် နောင်ချိုမြို့၊ ရပ်ကွက် (၇)တွင် ဗုံး ၁ လုံး၊ ညနေ ၅း၃၀ နာရီအချိန် သုံးဆယ်ကျေးရွာတွင် ဗုံး ၁ လုံး ကြဲချခဲ့သည်ဟု TNLA က ညပိုင်းတွင် ထုတ်ပြန်သည်။
စစ်ကောင်စီတပ်က ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲနေသောကြောင့် လူထုအနေဖြင့် စစ်ရေးသတိအမြဲရှိရန် လိုအပ်ပြီး လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း TNLA က ထုတ်ပြန်ထားသည်။
တရုတ်ဖိအား
စစ်ကောင်စီတပ်က ၎င်းတို့ လက်လွှတ်ထားရသည့် TNLA ထိန်းချုပ်မြို့များကို လက်နက်ကြီးများ ပစ်ခတ် ခြင်း၊ လေကြောင်းမှ ဗုံးကြဲခြင်းများအပြင် ဖြတ်တောက်ပိတ်ဆို့ရေးများပြုလုပ်ခဲ့သလို တရုတ်နိုင်ငံက လည်း ယမန်နှစ်ဇွန်လမှ စတင်၍ နယ်စပ်ဂိတ်များပိတ်ပြီး ဖိအားပေးခဲ့သည်ဟု TNLA က ဆိုသည်။
“နှစ်ဖက်လုံးက ပိတ်တယ်၊ စကစ ဘက်ကရောပိတ်တယ်၊ တရုတ်နိုင်ငံဘက်ကရော ပိတ်တယ်ဆိုတော့ လူထုတွေ တော်တော်လေးကျပ်ကျပ်တည်းတည်းဖြစ်နေရတယ်ပေါ့နော်၊ အဓိက ဖိအားကတော့ လူထုကို ကျရောက်တဲ့ ဖိအားဖြစ်တယ်” ဟု ဗိုလ်မှူးကြီး တားပန်လက ပြောသည်။
ထို့ပြင် တရုတ်နိုင်ငံက ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းအပါအဝင် ၎င်းတို့၏အကျိုးစီးပွားများကို ထိခိုက်မှု မရှိစေရေးကိုလည်း အမြဲဖိအားပေးလေ့ရှိသည်ဟု ၎င်းက ဆက်ပြောသည်။
“တရုတ်နိုင်ငံရဲ့ ချဉ်းကပ်မှုကတော့ တရုတ်နယ်စပ်မှာ တိုက်ပွဲမဖော်ဆောင်ရဘူး၊ ပြီးတော့ သူ့ရဲ့ ဂက်စ် ပိုက်လိုင်းတလျှောက်မှာ တိုက်ပွဲမဖြစ်ရဘူး၊ အဲဒါတင်မကဘူး သူရဲ့အကျိုးစီးပွားတွေ စက်ရုံတွေရှိတဲ့နေရာမှာ တိုက်ပွဲမလုပ်ရဘူးဆိုတာ တောက်လျှောက် နှစ် …ဆယ်နဲ့ချီပြီး လူကိုယ်တိုင် တွေ့လည်း ပြောတယ်။ မတ်ဆေ့ချ်နဲ့လည်း လှမ်းပို့တယ်၊ တောက်လျှောက်ပြောခဲ့တယ်” ဟု ဗိုလ်မှူးကြီးတာပန်လက ပြောသည်။
စစ်ကောင်စီနှင့် ဆွေးနွေးရခြင်းဖြစ်သော်လည်း အဓိကဖိအားများမှာ တရုတ်နိုင်ငံမှဖြစ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးရေးတွင်လည်း တရုတ်နိုင်ငံက အဓိက အခန်းမှပါဝင်နေသည်ဟု TNLA ၏ ပြောဆိုချက် အရ သိရသည်။
စစ်ကောင်စီနှင့် TNLA တို့၏ တွေ့ဆုံဆွေးနွေးမှုမှာ ယခုနှစ် ဖေဖော်ဝါရီလမှ စတင်သော်လည်း ယနေ့ အထိ သဘောတူညီမှုများမရသေးပေ။
နယ်စပ်ကုန်သွယ်ရေးအလားအလာ
လတ်တလောတွင် တရုတ်ဖိအားပေးမှုကြောင့် ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှ ကိုးကန့်တပ် (MNDAA) ဆုတ်ခွာသွားကာ စစ်တပ်ပြန်ဝင်ရောက်လာပြီးနောက် ရှမ်းမြောက်ဒေသမှတစ်ဆင့် တရုတ်နှင့် နယ်စပ်ကုန် သွယ်ရေးသည် ပြည်မအထိလမ်းပွင့်လာနိုင်ခြေရှိမရှိ နယ်စပ်ကုန်သည်များက စောင့်ကြည့်နေကြ သည်။
“ ၁၀၂၇ စစ်ဆင်ရေး” အတွင်း ရှမ်းမြောက်ရှိ တရုတ်နယ်စပ်ဂိတ်များနှင့် ကုန်သွယ်ရေးလမ်းကြောင်းများ ကို မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် တော်လှန်ရေးပူးပေါင်းတပ်များက ထိန်းချုပ်ခဲ့ပြီးနောက် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးရပ်ဆိုင်းသွားခဲ့ခြင်းဖြစ်သည်။
လားရှိုးမြို့ကို စစ်ကောင်စီလက်ထဲ ပြန်ထည့်ရန် ကိုးကန့်တပ်ကို တရုတ်က ဖိအားပေးခြင်းသည် နှစ်စဉ် ဒေါ်လာဘီလျံချီ ကုန်သွယ်သည့် နယ်စပ်ကုန်သွယ်ရေးပြန်ဖွင့်စေလိုသည့်ရည်ရွယ်ချက်လည်း တစ်ခုအပါဝင်ဖြစ်ကြောင်း မူဆယ်အခြေစိုက် အမည်မဖော်လိုသည့် နယ်စပ်ကုန်သည် အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
ရှမ်းမြောက်ရှိ နယ်စပ်ဂိတ်များအနက် မူဆယ်မြို့ပေါ်ရှိ နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်နှင့် မန့်ဝိန်းဂိတ် တို့ကို စစ်တပ်က ထိန်းချုပ်ထားသည်။ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ရှိ ကျင်စန်းကျော့ဂိတ်ကို မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့က ပူးပေါင်းထိန်းချုပ်ထားပြီး ချင်းရွှေဟော်၊ လောက်ကိုင်၊ မုံးကိုး၊ ကြူကုတ် (ပန်ဆိုင်း) တို့ကို ကိုးကန့်တပ်(MNDAA) က ထိန်းချုပ်ထားသည်။
လားရှိုးကို စစ်တပ်ပြန်ရသွားပြီးနောက် စစ်ကောင်စီဘက်က တရုတ်နယ်စပ်မှ မန္တလေးထိလည်းကောင်း၊ လားရှိုး-မိုးရယ်-ကျေးသီးဘက်မှ ရှမ်းတောင်ဒေသများသို့လည်းကောင်း နယ်စပ်ကုန်သွယ်မှုပြန်စတင်ရန် လျာထားချက်ရှိနေသည်ဟု သိရကြောင်း နမ့်ခမ်းအခြေစိုက် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်တစ်ဦးက လည်း ပြောထားသည်။
သို့ရာတွင် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ KIA ထိန်းချုပ်ထားသော ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာနှင့် လားရှိုးမြို့နှင့် ထိစပ်နေသော မန္တလေး-လားရှိုးလမ်းပေါ်ရှိ TNLA ထိန်းချုပ်သော သီပေါ၊ နောင်ချို၊ ကျောက်မဲမြို့တို့ကို ဖြတ်သန်းခွင့် မပေးပါက ပြည်မထဲအထိ နယ်စပ်ကုန်သွယ်ရေး စီးဆင်းနိုင်ရန် ခက်ခဲမည်ဖြစ်သည်။
တရုတ်က နယ်စပ်ကုန်သွယ်ရေးဂိတ်များပိတ်ဆို့ထားရာမှ ယခုနှစ်ဆန်းပိုင်းတွင် ပြန်လည်ဖွင့်ပေးခဲ့ပြီး လက်ရှိတွင် နယ်စပ်ကုန်သွယ်မှုပြန်စနေပြီး ကျွဲ၊ နွား၊ မီးသွေးနှင့် ကြံများတင်ပို့လျက်ရှိကာ အစား အသောက်နှင့်အဝတ်အထည်များတင်သွင်းနေကြောင်း၊ စစ်ကောင်စီထိန်းချုပ် မူဆယ်မြို့ပေါ် နယ်စပ်ဂိတ် များမှလည်း စက်ပစ္စည်း၊ အီလက်ထရွန်နစ်ပစ္စည်းများမှလွဲ၍ အခြားကုန်စည်များတင်သွင်းကြောင်း သိရသည်။
