သတင်း

တရုတ်ပိတ်ပင်မှုကြောင့် ကချင်၊ ရှမ်းတို့တွင် စက်သုံးဆီနှင့် ကုန်စည်အချို့ပြတ်

တရုတ်နှင့် စစ်ကောင်စီတို့က နှစ်ဖက်ညှပ်၍ ပိတ်ဆို့ထားရာ ကချင်၊ ရှမ်းမြောက်၊ ဝ၊ ကိုးကန့်ဒေသတွင် လောင်စာဆီ ပြတ်ကာ ပြည်သူများ ကုန်စည်ရှားပါးမှုကို ရင်ဆိုင်နေရသည်။

တရုတ်က မြန်မာနှင့် ထိစပ်နေသည့် နယ်စပ်ကုန်သွယ်ရေးဂိတ်များပိတ်ပစ်ခြင်း၊ ကုန်စည်စီးဆင်းမှု ကန့်သတ်ခြင်း တို့ကြောင့် တိုင်းရင်းသားတော်လှန်ရေးတပ်များ ထိန်းချုပ်ထားသော ကချင်နှင့် ရှမ်းပြည်နယ်မြောက်ဒေသများတွင် စက်သုံးဆီနှင့် မရှိမဖြစ်ကုန်စည်များ ရှားပါးပြတ်လပ်လာကြောင်း သိရသည်။

စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ခိုက်မှုရပ်တန့်ရန် နယ်စပ်အခြေစိုက် တော်လှန်ရေးတပ်များကို တရုတ်အစိုးရက ဖိအားပေးသည့်အနေဖြင့် မိုင်ပေါင်း ၁,၃၀၀ ကျော်ထိစပ်နေသော နယ်စပ်မျဉ်းပေါ်ရှိ ဂိတ်များမှ ကုန်စည်ကူးသန်းရောင်းဝယ်မှုကို တစ်ဆင့်ပြီးတစ်ဆင့် ကန့်သတ်လာသည်။

ဟိုင်ဂင်အပစ်ရပ်သဘောတူညီချက်ပျက်ပြယ်ကာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ပြန်လည်စတင်ခဲ့ပြီးနောက် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ တိုက်ခိုက်သိမ်းပိုက်ထားသော နယ်စပ်ဂိတ်များကို တရုတ်နိုင်ငံ၏ ပိတ်ဆို့မှုမှာ ဇူလိုင် ၉ ရက်တွင် အစပြုခဲ့သည်။

၁၀၂၇ စစ်ဆင်ရေး တစ်နှစ်တင်းတင်းပြည့်ချိန် အောက်တိုဘာ ၂၇ တွင် “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA) ထိန်းချုပ်ထားသည့် “ဝ” ဒေသ၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဌာနချုပ်တည်ရှိရာ လိုင်ဇာ၊ ကိုးကန့်နှင့် မိုင်းလားဒေသစသည့် နယ်စပ်ဂိတ်များအပါဝင် ရှမ်းနှင့် ကချင်ပြည်နယ်တို့မှ နှစ်နိုင်ငံကုန်သွယ်နေသည့် နယ်စပ်ဂိတ်များကိုပါ ကန့်သတ်ထားသည်။

ထိုဒေသများသည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်နှင့် အဝင်အထွက်ပြုလုပ်နိုင်သည့် နယ်စပ်ဂိတ် ၁၅ ခု ထက်မနည်းရှိပြီး ဂိတ်ထက်ဝက်ခန့်ကို ပိတ်ထားကာ ကျန်ဂိတ်များကိုလည်း ကုန်သွယ်မှု ကန့်သတ်ထားကြောင်း ယူနန်ပြည်နယ်အခြေစိုက် Myanmar Now ၏ သတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။

မူဆယ် နယ်စပ်အခြေအနေ

စစ်ကောင်စီထိန်းချုပ်ထားသည့် မူဆယ်မြို့ရှိ နယ်စပ်ဂိတ်များနှင့် ရှမ်းပြည်အရှေ့ပိုင်း မိုင်းလားနယ်စပ်ဂိတ်မှ မြန်မာဘက်တင်ပို့မည့် တရုတ်ကုန်စည်များကို အောက်တိုဘာ ၂၂ ရက်တွင် ဟန့်တားပိတ်ပင်လိုက်ရာ ကုန်စည်ပြတ်လပ်မှုအဆိုးရွားဆုံးဖြစ်သွားကြောင်း နယ်စပ်ကုန်သည်များနှင့် ဒေသခံများက ပြောသည်။

စစ်တပ်ထိန်းချုပ်ထားသည့် မူဆယ်မြို့တွင် နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်နှင့် မန့်ဝိန်းဂိတ်ပေါက် ၃ ခုရှိပြီး စားသောက်ကုန်နှင့် အဝတ်အထည်များမှလွဲ၍ အခြားကုန်စည်အားလုံး တင်သွင်းခွင့်မရတော့ကြောင်း အမည်မဖော်လိုသည့် မူဆယ်နယ်စပ်မှ ကုန်သည်အမျိုးသားတစ်ဦးက ပြောသည်။

“ကားတွေဘာတွေဆင်းသွားတာက နည်းသွားပြီ။ ဒီဘက်မှာက လောလောဆယ် ဆီလည်းခက်ခဲတယ်။ နောက် ကုန်ကလည်းမရှိသလောက် ရှားသွားပြီ” ဟု သူက အောက်တိုဘာ ၂၈ ရက်နေ့တွင် ပြောသည်။

“မူဆယ်ကနေ မြန်မာပြည်ဘက်ကိုထွက်တာက ကုန်တင်ပြီးသွားလို့မရဘူး။ ပိတ်ထားတာ ၃ ရက်ရှိပြီ”

တရုတ်က ကုန်စည်စီးဆင်းမှု ကန့်သတ်ထားသလို မူဆယ်မြို့ကိုထိန်းချုပ်ထားသည့် စစ်ကောင်စီ ကလည်း မန္တလေးနှင့် အခြားဒေသများသို့ ကုန်စည်သယ်ဆောင်ထွက်ခွာခွင့် ပိတ်ပင်ထားကာ ခရီးသည်နှင့် အိမ်သုံးယာဉ်များသာ ထွက်ခွင့်ပြုထားသည်ဟု သိရသည်။

မြန်မာဘက်မှ တင်ပို့မည့် ပို့ကုန်များကို ပိတ်ပင်ခြင်းမရှိသော်လည်း ၁၀၂၇ စစ်ဆင်ရေးစကတည်းက တိုက်ပွဲများကြောင့် ကုန်သွယ်ရေးလမ်းကြောင်း ပြတ်တောက်သွားကာ ကုန်တင်ပို့နိုင်ခြင်း မရှိတော့ပေ။

လက်ရှိတွင် မူဆယ်မြို့ပေါ်သို့ ဆီအသစ်မဝင်သလို လက်ကျန်ဆီမရှိတော့သဖြင့် လိုသလောက်ဝယ်၍ မရတော့ကြောင်း၊ ဆီဆိုင်အများအပြားလည်းပိတ်ထားရကြောင်း သိရသည်။

နယ်စပ်ဂိတ်များမပိတ်မီက ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၅,၀၀၀ ဝန်းကျင်သာရှိသော်လည်း ယခုအခါ မူဆယ်မြို့ပေါ်တွင် ၈,၀၀၀ ကျပ်၊ မူဆယ်နှင့် လားရှိုးကြားရှိ မြို့နယ်များတွင် ၁၀,၀၀၀ ကျပ် အထက် ဈေးနှုန်းမြင့်တက်နေကြောင်း သိရသည်။

“မှန်းလို့တော့ခက်တာပေါ့။ ပုံမှန်မသွင်းရရင်တော့ အားလုံးတော့ရပ်ကုန်မှာပေါ့။ ခက်ခဲလာမှာပေါ့။ အစားသောက်တော့ လောလောဆယ်ရသေးပေမယ့် ကားတွေဆိုင်ကယ်တွေအကုန်လုံးက ဆီမရှိရင် ဘာမှ လုပ်လို့မရဘူး။ အကုန်ရပ်သွားမယ့်သဘောတော့ ရှိတာပေါ့။ ခရီးတောင်သွားမရတော့ဘူး” ဟု ၎င်းက ပြောသည်။

‘ဝ’ ဒေသအခြေအနေ

အောက်တိုဘာ ၂၄ မှစတင်၍ ဝ’ဒေသနှင့် ဆက်စပ်နေသည့် နယ်စပ်ဂိတ် ၄ ခုမှ ကုန်စည်တင်သွင်းခွင့်ကို တရုတ်ဘက်က ပိတ်ပင်လိုက်ပြီး လက်ရှိတွင် လူအဝင်အထွက်နှင့် ဟင်းသီးဟင်ရွက်ဝယ်ယူခွင့်သာ ပြုသည်ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“စက်သုံးဆီတစ်ခုပဲ ပြတ်လပ်တာတွေကြုံလာရပါတယ်။ တခြားကုန်ပစ္စည်းတွေကတော့ မကြားမိသေး ပါဘူး။ ဝ’ ဘက်ကလည်း ကုန်စျေးနှုန်း နဲ့ပတ်သက်ပြီး Statement တွေ ထုတ်ပြန်ထားပါတယ်။ နေ့စဥ် စားသောက်ကုန်ထဲက တချို့က ဝ’ထုတ်ပစ္စည်းတွေမို့ ပြတ်လပ်တာမျိုးမရှိသေးပါဘူး” ဟု သူက ဆိုသည်။

‘ဝ’တပ်ဖွဲ့သည် ရှမ်မြောက်ဒေသရှိ ဟိုပန်၊ ပန်လုံနှင့် နမ့်တစ်မြို့များနှင့် ဝ’တပ်ဖွဲ့ ထိန်းချုပ်နယ်မြေများ၌ ကုန်စည်များဈေးတင်မရောင်းရန် အောက်တိုဘာ ၂၅ ရက်တွင် သတိပေးစာထုတ်ပြန်ထားပြီး မလိုက်နာသူများကို စောင့်ကြည့်အရေးယူသွားမည်ဟု ဆိုသည်။

တစ်ချိန်က တရုတ်နှင့်ကုန်သွယ်ရာတွင် အခရာကျပြီး ယခု မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ ထိန်းချုပ်ထားသော မန္တလေး၊ လားရှိုး၊ မူဆယ်လမ်းမကြီးတစ်လျှောက်မြို့နယ်များတွင် အခြေခံစားသောက်ကုန်ပစ္စည်းများ ရှားပါးပြတ်လပ်ပြီး ဈေးအဆမတန်မြင့်တက်နေကြောင်း တအာင်း အမျိုးသမီးအဖွဲ့အစည်း(TWO)၏ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“လက်ရှိကုန်ဈေးနှုန်းကလိုက်လို့ကို မမှီဘူး၊ ဝယ်စားလို့မနိုင်တော့တဲ့ အခြေအနေမျိုးမှာတော့ ရှိတယ်” ဟု ၎င်းက ဆိုသည်။

“ကျွန်မတို့ ကြားရသလောက်ဆိုရင် တချို့ပြည်သူတွေ စားသောက်ကုန်အတွက် အရမ်းအခက်အခဲဖြစ်လို့ ဘုန်းကြီးကျောင်းတွေမှာ သွားစားရတယ်”

နိုင်ငံအရှေ့ဘက်တွင် တည်ရှိသည့် ရှမ်းပြည်နယ်သည် တိုင်းနှင့်ပြည်နယ်အားလုံးတွင် ဧရိယာအကျယ်ဆုံးဖြစ်ပြီး ရှမ်းမြောက်၊ ရှမ်းတောင်နှင့် ရှမ်းအရှေ့ဟူ၍ သုံးပိုင်းခွဲခြားနိုင်သည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း မူဆယ်၊ မိုင်းရယ်နှင့် တန့်ယန်းမြို့တို့မှလွဲ၍ စတုရန်းမိုင်ပေါင်း ၂၃,၃၉၇ ခန့် ကျယ်ဝန်းသည့် ရှမ်းမြောက်ဒေသကို တိုင်းရင်းသားတော်လှန်ရေးတပ်များက ထိန်းချုပ်ထားသည်။

ထို့ကြောင့် မန္တလေး၊ ပြင်ဦးလွင်မြို့တို့ဘက်မှ ရှမ်းမြောက်ဒေသဘက်သို့တင်ပို့မည့် ကုန်များကို ပြင်ဦးလွင်မြို့အထွက် ဝက်ဝံစစ်ဆေးရေးဂိတ်မှစ၍ အဝင်အထွက်ကန့်သတ်ထားရာ ရှမ်းမြောက်ဒေသကို တရုတ်နှင့် အာဏာသိမ်းစစ်ကောင်စီတို့က နှစ်ဖက်ညှပ်၍ ပိတ်ဆို့ထားသည့် အခြေအနေဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။

နမ့်ခမ်းမြို့အခြေအနေ

တအာင်းတပ် (TNLA) ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့တွင် ဆန်ဝယ်ယူ၍ ရသေးသော်လည်း စက်သုံးဆီ၊ စားသုံးဆီနှင့် ဆေးဝါးပြတ်လပ်နေကြောင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့် နီးစပ်သည့် နမ့်ခမ်းမြို့မှ အမျိုးသားတစ်ဦးက ပြောသည်။

“အဓိကကတော့ လောင်စာဆီပေါ့ဗျာ။ အဲ့ဒါပြတ်သွားရင်တော့ ထောက်ပို့တွေ (တော်လှန်ရေးအတွက် ထောက်ပံ့နေသူတွေ) အတော်ဒုက္ခရောက်မယ်။ ကျန်တဲ့ကုန်စည်တွေပိတ်ရင် မြန်မာပြည်ဘက်ကနေ ဝင်ရင် ကုန်ဈေးနှုန်းတက်တာတစ်ခုရှိမယ်။ အခြေခံလူတန်းစားတွေ ပိုဆိုးကုန်တော့မှာပေါ့ဗျာ” ဟု ၎င်းက ပြောသည်။

ကုန်စည်စီးဆင်းမှု ဖြတ်တောက်ခံထားရသည့် ရှမ်းမြောက်ဒေသသို့ ရှမ်းပြည်တောင်ပိုင်း တောင်ကြီး၊ ရပ်စောက်နှင့် ကျောက်ဂူဘက်မှ အကန့်သတ်ဖြင့် ကုန်ပစ္စည်းများအဝင်ရှိသော်လည်း ပုံမှန်ဈေးထက် အဆမတန်ဈေးကြီးကြောင်း သိရသည်။

ဒေသအခြေအနေပေါ်မူတည်၍ ကုန်ဈေးနှုန်းကွာခြားပြီး တရုတ်ဘက်က နယ်စပ်ဂိတ်များမပိတ်မီက ဒေသတွင်းစားသုံးမှုများသည့် ဆန်ကြမ်းတစ်အိတ်လျှင် ကျပ် ၈၀,၀၀၀ ဝန်းကျင်သာရှိရာမှ ယခုအခါ ၁၈၀,၀၀၀ မှ ၂၀၀,၀၀၀ အထိဈေးရှိကြောင်း ဒေသခံ အမျိုးသမီးနောက်တစ်ဦးက ပြောသည်။

ပေါ်ဆန်းမွှေးတစ်အိတ်လျှင် ၂၅၀,၀၀၀ မှ ၃၀၀,၀၀၀ အထိရှိသည်ဟု သိရသည်။

စားသုံးဆီနှင့် ဆေးဝါးများလည်းဈေးမြင့်တက်ကာ ပစ္စည်းများပြတ်လပ်နေကြောင်း သူက ဆိုသည်။

တရုတ်နယ်စပ်များပိတ်ထားသလို ပြည်မဘက်သို့လည်း ကုန်စည်ကူးသန်းရောင်းဝယ်ခွင့် မရှိသဖြင့် ဒေသထွက်ကုန်များဖြစ်သည့် မီးသွေး၊ ကြံ၊ ပြောင်းနှင့် လက်ဖက်တို့ အရောင်းရပ်ဆိုင်းထားရသည်။

ဝင်ငွေမရှိဘဲ ဈေးနှုန်းအဆမတန်ကြီးမြင့်နေသည့် မရှိမဖြစ်ကုန်စည်များကို ဝယ်ယူနေရသဖြင့် ဒုက္ခတွေ့နေကြောင်း အထက်ပါ အမျိုးသမီးက ပြောသည်။

လက်ဖက်စိုက်ပျိုးရေးလုပ်ငန်းကို ဆက်လက် လုပ်နေသော်လည်း ထွက်ကုန်များကို ကြာရှည်ခံသိုလှောင်ထားရန်သာ ကြိုးပမ်းနေရသည်ဟု သိရသည်။

ထိုသို့ကုန်စည်ပြတ်တောက်မှုကို ဖြေရှင်းရန် နည်းလမ်းရှာနေပြီး ဒေသတွင်းထွက်ကုန်များကို အပြန်အလှန် ရောင်းချသည့် စနစ်ဖြင့် ဖြေရှင်းနေရသည်ဟု တအာင်းတပ် (TNLA) ပြောခွင့်ရှိသူ လွေးယေဦးက Myanmar Now ကို ပြောထားသည်။

ကချင်ဒေသအခြေအနေ

ရှမ်းမြောက်ဒေသနှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ထားသော တရုတ်နယ်စပ်ဂိတ်များကို အောက်တိုဘာ ၁၈ ရက်က ပိတ်ပင်ထားခြင်းရာ ကချင်ပြည်နယ်တွင်လည်း စက်သုံးဆီပြတ်လပ်နေသည်ဟု KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့မှ ဒေသခံတစ်ဦးက ဆိုသည်။

“လိုင်ဇာ၊ လွယ်ဂျယ်က​နေ သံကျောက်တို့မီးသွေးတို့၊ သစ်တို့၊ ကျောက်စိမ်းတွေသွားလို့ရတယ်။ လူသွားလို့ မရပါ။ တရုတ်ကနေ ငှက်ပျော​စိုက်ဖို့ မြေသြဇာ၊ ဘိလပ်မြေတွေ၊ ဆောက်လုပ်ရေးပစ္စည်း တွေတော့ ဝင်နေတယ်။ တခြားစားသောက်ကုန်တွေအားလုံး ပိတ်ထားတယ်” ဟု သူကပြောသည်။

စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ခိုက်မှုများရပ်ရန် တရုတ်ကဖိအားပေးသည်ကို လက်မခံခြင်းကြောင့် ကချင်တော်လှန်ရေးတပ်ဖွဲ့ KIO/KIA ထိန်းချုပ်ထားသည့် နယ်စပ်ဂိတ်များအားလုံးကို တရုတ်အစိုးရက အောက်တိုဘာ ၁၈ ရက်ကတည်းက စတင်ပိတ်ပင်ထားကြောင်း စုံစမ်းသိရှိရသည်။

တရုတ်အစိုးရ၏ အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းခေါင်းဆောင်သည့် သံတမန်များက KIO/KIA ယာယီဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီးဂမ်ရှောင်နှင့် အောက်တိုဘာ ၁၇ ရက်နေ့တွင် ယူနန်ပြည်နယ် ယင်ကျန်းမြို့တွင် တွေ့ဆုံခဲ့ပြီး စစ်ကောင်စီကို မဆန့်ကျင်ရန် ဖိအားပေးခဲ့သည်။

ထိုးစစ်ရပ်ရန် ဖိအားပေးသည်ကို KIO/KIA က နားမထောင်ဘဲ ထိုးစစ်ဆင်မည့်နေရာများကို တရုတ်ထံ ကြိုတင်အကြောင်းမကြားခြင်းကြောင့် နယ်စပ်ဂိတ်များ ပိတ်ပင်ခြင်းဖြစ်သည်ဟု Myanmar Now ၏ သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

နယ်စပ်ဂိတ်များပိတ်ခြင်းနှင့်ပတ်သက်၍ KIA ပြောခွင့်ရ ‌ ဗိုလ်မှူးကြီးနော်ဘူကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် အခက်ခဲမရှိသေးကြောင်း တုံ့ပြန်သည်။

ကချင်ပြည်နယ် ကန်ပိုင်တည်နယ်စပ်ဂိတ်မြင်ကွင်းကို ၂၀၂၃ ခုနှစ်အတွင်းတွေ့ရစဉ်။ (ပုံ-Myanmar Now)

ကိုးကန့်ဒေသအခြေအနေ

လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) ကို တိုက်ခိုက်သိမ်းပိုက်ထားသည့် ကိုးကန့်တပ် (MNDAA) ကို တရုတ်အစိုးရက ဖိအားပေးသည့် အနေဖြင့် ကိုးကန့်ဒေသကို လျှပ်စစ်ဓာတ်အား၊ ရေ၊ အင်တာနက်၊ ထောက်ပံ့ရေးပစ္စည်းများ (လောင်စာဆီ၊ ဆေးဝါး)နှင့် ဆန် အပါအဝင် လူသုံးကုန်ပစ္စည်းများ ပိတ်ဆို့သလို လူအဝင်အထွက်ကိုလည်း ကန့်သတ်ထားသည်။

တရုတ်နှင့် နှစ်နိုင်ငံအဆင့်ကုန်သွယ်သည့် နယ်စပ်စခန်းပေါင်း ၅ ခုရှိသည့်အနက် အားလုံးနီးပါးကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားသည်။

မြန်မာနိုင်ငံသည် ပင်လယ်ရေကြောင်းအပြင် နယ်နိမိတ်ချင်း ဆက်စပ်နေသည့် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် နယ်စပ်ကုန်သွယ်ရေးစခန်း ၁၇ ခုမှ ကုန်သွယ်လျက်ရှိသည်။

ထိုလမ်းကြောင်းများမှ ကုန်သွယ်မှုတန်ဖိုးသည် တစ်နိုင်ငံလုံးကုန်သွယ်မှု စုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းကျော်ရှိသည်။

သို့သော် အာဏာသိမ်း စစ်ကောင်စီလက်ထက်တွင် နယ်စပ်ဂိတ်အားလုံးနီးပါးကို တော်လှန်ရေးတပ်များ က ထိန်းချုပ်ထားရာ ပင်လယ်ရေကြောင်းကုန်သွယ်ရေးကိုသာ အားပြုလာရသည့် အခြေအနေ ဖြစ်နေသည်။

Show More

Related Articles

Back to top button