
“ ၁၀၂၇ စစ်ဆင်ရေး” အတွင်း တအာင်းတပ်(TNLA) သိမ်းပိုက်ထားသည့် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် စသောဒေသများမှ ဆုတ်ခွာရန် စစ်ကောင်စီတပ်က တောင်းဆိုခဲ့သဖြင့် တရုတ်နိုင်ငံ ကူမင်းမြို့တွင် နှစ်ရက်ကြာတွေ့ဆုံဆွေးနွေးမှု မအောင်မြင်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ဧပြီ ၂၈ နှင့် ၂၉ ရက်တို့တွင် ထပ်မံတွေ့ဆုံဆွေးနွေးခဲ့သော်လည်း သဘောတူ ညီမှုမရဘဲ ပြီးဆုံးခဲ့ကြောင်း TNLA က ပြောသည်။
“စစ်ကောင်စီဘက်က ကျွန်မတို့ကိုတောင်းဆိုတာ လက်ရှိထိန်းချုပ်ထားတဲ့မြို့တွေကနေ ၂၀၀၈ အရပေးထားတဲ့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်တဲ့ နမ့်ဆန်၊ မန်တုံကို ပြန်ဝင်ဖို့၊ ပြန်လည်ဆုတ်ခွာသွားဖို့တောင်းဆိုပါတယ်” ဟု TNLA ပြောခွင့်ရ လွေးယေဦးက ပြောသည်။
“ဒီလိုတောင်းဆိုမှုက ကျွန်မတို့ဘက်ကလည်း သဘောတူညီနိုင်ဖို့ခက်ခဲတဲ့အတွက်ကြောင့် ဆွေးနွေးမှု ကတော့ အပြန်အလှန် ဆွေးနွေးနိုင်မှုမရှိဘဲ အဲ့ဒီနေရာမှာပဲ ရပ်နားသွားပါတယ်။ တစ်ဖက်မှာလည်း သြဂုတ်လကုန်မှာ ပြန်တွေ့ဖို့ ချိန်းဆိုထားတာမျိုးတွေလည်းရှိပါတယ်”
TNLA နှင့် ဆွေးနွေးမှုအကြောင်းကို စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိပေ။
တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်း ကမကထပြု၍ နှစ်ဖက်တွေ့ဆုံရန်စီစဉ်ခဲ့ပြီး စစ်ကောင်စီဘက်မှ ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး ဦးဆောင်သည့်အဖွဲ့နှင့် ပလောင်ပြည်နယ်လွတ်မြောက် ရေးတပ်ဦး PSLF ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားဦးဆောင်သည့် အဖွဲ့တို့ တက်ရောက်ဆွေးနွေးခဲ့ သည်။
ထိုဆွေးနွေးပွဲတွင် လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးများပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့် တိုက်ခိုက် ခြင်း၊ ထိုးစစ်ဆင်ခြင်းစသည့် ပစ်ခတ်တိုက်ခိုက်မှုများအားလုံးရပ်တန့်ရန်၊ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းပြန်လည်ဖွင့်လှစ်နိုင်ရန်၊ ဒေသတည်ငြိမ်အေးချမ်းရန်တို့ ဆွေးနွေးခဲ့သည်ဟု သိရသည်။
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်နှင့် မန်တုံမြို့နယ်ထိ TNLA တပ်များပြန်လည်ဆုတ်ခွာရန် စစ်တပ်ဘက်က တောင်းဆိုသဖြင့် ဆွေးနွေးမှုရှေ့မဆက်နိုင်ခဲ့ဘဲ လာမည့်ဩဂုတ်လတွင် ထပ်မံတွေ့ဆုံရန် သဘောတူထားသည်ဟု သိရသည်။
TNLA အနေဖြင့် စစ်ကောင်စီတောင်းဆိုမှုများကိုသဘောတူခြင်းမရှိဟု လွေးယေဦးက ပြောသည်။
“ စစ်ကောင်စီရဲ့တောင်းဆိုမှုကို ကျွန်မတို့ သဘောတူလက်ခံနိုင်ခြင်းမရှိလို့ ဆွေးနွေးမှုက ရပ်တန့်သွားတာ ဖြစ်တယ်ဆိုတော့က ကျွန်မတို့ဘက်ကတော့ မိမိတို့သိမ်းပိုက်ရရှိထားတဲ့မြို့နယ်တွေကိုတော့ အဆုံးထိ ကာကွယ်သွားမှာဖြစ်ပါတယ်”
စစ်ဗိုလ်ချုပ်ကြီးများ စိတ်ကြိုက်ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နမ့်ဆန် နှင့် မန်တုံ မြို့ တို့သည် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲတွင် ပါဝင်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့ကို ဒီဇင်ဘာ ၁၅ ရက်တွင်လည်းကောင်း၊ မန်တုံမြို့ကို ယမန်နေ့ (ဒီဇင်ဘာ ၂၂ ရက်) ညတွင်လည်းကောင်း TNLA က သိမ်းပိုက်ခဲ့ပြီး နောက် ပလောင်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသတစ်ခုလုံးသည် စစ်ကောင်စီလက်အောက်မှ TNLA ထိန်းချုပ်မှုအောက် ရောက်သွားခဲ့ပြီးဖြစ် သည်။
၁၀၂၇ စစ်ဆင်ရေး နှစ်ကြိမ်အတွင်း TNLA က မန္တလေးတိုင်းရှိ မိုးကုတ်မြို့နှင့် ရှမ်းမြောက်ရှိ မိုးမိတ်၊ မိုင်းလုံ၊ မိုင်းငေါ့၊ နောင်ချို၊ ကျောက်မဲ၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်း၊ နမ့်ဆန်၊ သီပေါ၊ ကွတ်ခိုင် စသည့် မြို့များ ကို သိမ်းပိုက်ထားသည်။
စစ်ကောင်စီ၏ ဖိအားဆိုသည်ထက် တရုတ်၏ ဖိအား ဖြစ်ကြောင်း လွေးယေဦးက ဆိုသည်။
“တရုတ်အစိုးရက နယ်နမိတ်ချင်းထိစပ်တယ်။ ကူးသန်းရောင်းဝယ်ရေးကလည်း တရုတ်အစိုးရကို မှီခို အားထားနေရတယ်။ လက်ရှိတရုတ်အစိုးရက ကျွန်မတို့ကို ဖြတ် ၅ ဖြတ်ကို ဆက်လုပ်တယ်။ နောက်ပြီး ဖိအားပေးနေတဲ့အလျောက် ဒါသည် ကျွန်မတို့အတွက်အင်မတန်ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်ပါတယ်” ဟု သူက ပြောသည်။
ဖေဖော်ဝါရီ ၁၆ ရက်နေ့မှစတင်ကာ စစ်ကောင်စီနှင့် TNLA တို့ အပစ်ရပ်ရေးဆွေးနွေးခဲ့သော်လည်း မြေပြင်တွင် တိုက်ပွဲများပြင်းထန်နေဆဲဖြစ်သည်။
“ ကျွန်မတို့ဘက် တစ်ဖက်သတ် အပစ်ရပ်ကြေညာထားပေမယ့် စစ်ကောင်စီဘက်က (နောင်ချိုမှာ) ထိုးစစ်တွေ ဆက်လုပ်နေပါတယ်။ … လက်ရှိအချိန်ထိမှာ ကျွန်မတို့ဘက်က စခန်းတွေပြန်လက် လွှတ် လိုက်ရတာမျိုးမတွေ့ရသေးပါဘူး။ ကျွန်မတို့က ထိုးစစ်ဆင်ပြုလုပ်တာမရှိဘူး” ဟု လွေးယေဦးက ဆက်ပြောသည်။
“နောင်ချိုမြို့ထဲမှာ ရော အနီးနားကကျေးရွာပတ်ပတ်လည်မှာရော ကျွန်မတို့က ရာနှုန်းပြည့်ထိန်းထားနိုင်ပါတယ်”
၁၀၂၇ စစ်ဆင်ရေးကို မြောက်ပိုင်းညီနောင်သုံးဖွဲ့က စတင်ခဲ့ပြီးနောက် စစ်ကောင်စီတပ် အထိနာနေချိန် တွင် တရုတ်နိုင်ငံ၏ စီစဉ်မှုဖြင့် ၂၀၂၄ ဇန်နဝါရီလအတွင်း ဟိုင်ဂင်သဘောတူညီချက်တွင် လက်မှတ်ရေး ထိုးပြီး ရှမ်းမြောက်၌ အပစ်ရပ်ခဲ့ကြသည်။
သို့သော် စစ်ကောင်စီက ရှမ်းမြောက်ရှိ ကိုးကန့်တပ် (MNDAA) နှင့် TNLA တို့၏ သိမ်းပိုက်နယ်မြေများနှင့် မြို့များကို လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် သဘောတူညီချက် ပျက်ပြယ်ပြီး မြို့သိမ်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။
ယခုနှစ်ဆန်းတွင် တရုတ်နိုင်ငံ၏ ဖိအားပေးကြားဝင်မှုဖြင့် စစ်ကောင်စီ နှင့် MNDAA တို့ အပစ်ရန်ရန် သဘောတူခဲ့ပြီးနောက် အပေးအယူအနေဖြင့် ကိုးကန့်တပ်များ လားရှိုးမြို့ပေါ် ရပ်ကွက်များမှ အပြီးပိုင် ဆုတ်ခွာပေးခဲ့ရသည်။
လားရှိုးမြို့ကို လွှဲပြောင်းရေးတွင် စစ်ကောင်စီနှင့်ကိုးကန့်တပ်ဘက်မှ တရားဝင်ထုတ်ဖော်ပြောဆိုမှု မရှိဘဲ တရုတ်နိုင်ငံဘက်ကသာ အခြားနိုင်ငံ၏ ပြည်တွင်ရေးမစွက်ဖက်ရေးမူဖြင့် ကူညီဆောင်ရွက် ပေးနေကြောင်း ထုတ်ဖော်ပြောဆိုထားသည်။