
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့ရှိ လက်ကျန် စစ်တပ်စခန်းကုန်းတစ်ခုကို ယနေ့ (ဒီဇင်ဘာ ၁၅) မွန်းလွဲပိုင်းတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က အပြီးသတ် တိုက်ခိုက်ပြီးနောက် ဒေသတစ်ခုလုံးကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း မြေပြင်တပ်ဖွဲ့ဝင်များနှင့် ဒေသခံများက ပြောကြသည်။
တအာင်း (ပလောင်) ဒေသဖြစ်သော နမ့်ဆန်မြို့အနောက်ဘက်ခြမ်း မြို့နှင့် ကပ်လျက်ရှိသော စစ်တပ်စခန်းကုန်းတစ်ခုကို ပြီးခဲ့သည့် ဒီဇင်ဘာ ၁၁ ရက်ကတည်းက TNLA က တိုက်ခိုက်နေခြင်းဖြစ်ပြီး ယနေ့ မွန်းလွဲ ၃ နာရီခွဲခန့်တွင် သိမ်းပိုက်ရရှိကာ မြို့ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“အဲဒီဗျူဟာကုန်းက စစ်ကောင်စီတပ်ရဲ့ နောက်ဆုံးတပ်စခန်းပဲ။ ဒီနေ့ကတော့ တိုက်ပွဲတွေ အပြင်းအထန်ကိုဖြစ်ပြီး ဗျူဟာကုန်း သိမ်းလိုက်ပြီ” ဟု ထိုသူက ဆိုသည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း တိုက်ပွဲဖြစ်ရာအနီးနှင့် မြို့တွင်းကို စစ်တပ်က လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် နေအိမ်အများအပြားနှင့် TNLA သိမ်းထားသည့် စစ်တပ်ပိုင် ရွှေဖီဦးလက်ဖက်ခြောက်စက်ရုံ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် TNLA တပ်ဖွဲ့ဝင်များက နမ့်ဆန်မြို့အတွင်း ဝင်ရောက်နေရာယူထားပြီး နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်နေကြောင်း TNLA မြေပြင်တပ်ဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ယနေ့ ညနေက ပြောသည်။
နောက်ဆုံးလက်ကျန် နမ့်ဆန် စစ်တပ်စခန်းကို သိမ်းပိုက်နိုင်ကြောင်း TNLA ဘက်က ထုတ်ပြန်ခြင်း မရှိသေးပေ။

သို့သော်လည်း ယမန်နေ့နှင့် ယနေ့ (ဒီဇင်ဘာ ၁၅) တို့တွင် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့၍ အသက် ၇၀ ကျော်အရွယ် အဘိုးအိုတစ်ဦး သေဆုံးပြီး နေအိမ် ၇ လုံး၊ ဈေးဆိုင်တစ်ဆိုင်နှင့် မူလတန်းကျောင်း မီးလောင် ပျက်စီးသည်ဟု ယနေ့ညတွင် TNLA က ထုတ်ပြန်ထားသည်။
TNLA တပ်ဖွဲ့ဝင်များ မြို့တွင်း၌ ရှိနေသည်ဟု ယူဆရပြီး၊ ဓာတ်ပုံများတွင် မြို့တွင်းရှိ နေအိမ်များ ထိခိုက်ပျက်စီးနေသည်ကို တွေ့ရသည်။
အလားတူ ယနေ့ မွန်းလွဲ ၂ နာရီဝန်းကျင်တွင် လေကြောင်းမှ ဗုံးကြဲ၍ နမ့်ဆန်မြို့ရှိ စစ်တပ်ပိုင် ရွှေဖီဦး လက်ဖက်အချိုခြောက်စက်ရုံ မီးလောင်သွားကြောင်း သိရသည်။
ယခုလ ၁၀ ရက်မှစတင်ပြီး နမ့်ဆန်မြို့ရှိ ပြည်သူ့ဆေးရုံအနီး စစ်တပ်စခန်း၊ မြို့အနောက်ဘက် ၅ မိုင်ခန့်အကွာ နမ့်ခေးရွာအနီးရှိ ကဒိုင်းဖူးတောင်တပ်စခန်း၊ နောက်တစ်ရက်တွင် မြို့မှ နှစ်မိုင်ခန့်အကွာရှိ ပတ္တမြားစေတီ (ကောင်းမှုဆိုင်) တပ်စခန်း၊ မြို့လယ်ရှိ ရဲစခန်းတို့ကို TNLA က သိမ်းယူထားပြီးဖြစ်သည်။
ထို့နောက် စစ်တပ်က စစ်တပ်စခန်းမကျစေရေးအတွက် လေကြောင်းမှ တိုက်ခိုက်သလို မြို့မြောက်ဘက် မိုင် ၃၀ ကျော်အကွာမှ မန်တုံမြို့အခြေစိုက် ခလရ ၁၃၀ ကလည်း လက်နက်ကြီးပစ်ကူခဲ့သည်။
ဒီဇင်ဘာ ၁၃ ညနေတွင် မြို့ထဲရှိ ရွှေဖီဦးလက်ဖက်ခြောက်စက်ရုံကို TNLA က သိမ်းယူခဲ့ပြီး ထို့နေက လေကြောင်းမှ အကြိမ် ၂၀ ကျော် ဗုံးကြဲသဖြင့် နေအိမ် ၁၆ လုံး ပျက်စီးကာ အသက် ၅၅ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။
နမ့်ဆန်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ယနေ့အထိ ဒေသခံ ၃ ဦး သေဆုံးပြီး နေအိမ် ၃၀ နီးပါး ထိခိုက်ပျက်စီးထားသည်ဟု TNLA ဘက်က ဆိုသည်။

TNLA က အုပ်ချုပ်ရေးနယ်မြေ တပ်မဟာ (၂) အဖြစ် သတ်မှတ်ထားသည့် နမ့်ဆန်မြို့သည် တအာင်းလူမျိုးများ အများဆုံးနေထိုင်သည့်မြို့ဖြစ်ပြီး TNLA အဓိကလှုပ်ရှားရာမြို့လည်း ဖြစ်သည်။
နမ့်ဆန်မြို့သည် နမ္မတူမြို့၏ အနောက်တောင်ဘက်တွင် ရှိပြီး သီပေါမြို့မှ အနောက်မြောက်ဘက် မိုင် ၄၀ ကျော် အကွာတွင် တည်ရှိသလို TNLA သိမ်းယူရန် ကြိုးပမ်းနေသော မန်တုံမြို့နှင့် မိုင် ၃၀ ဝန်းကျင်သာ ကွာဝေးသည်။
နမ့်ဆန်မြိုနှင့် အနီးရှိ မန်တုံ၊ မြန်မာ-တရုတ်နယ်စပ် နမ့်ခမ်းမြို့တို့ရှိ လက်ကျန်တပ်စခန်းများကို TNLA ဘက်က စီးနင်းတိုက်ခိုက်နေပြီး မြို့များကို အပြီးသတ်သိမ်းပိုက်နိုင်ရေး ကြိုးပမ်းနေသည်။
အလားတူ ယနေ့ နံနက်အစောပိုင်းမှာလည်း TNLA ပါဝင်သည့် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က တရုတ်-မြန်မာ အကြီးဆုံးနယ်စပ်ကုန်သွယ်ရေးဇုန်ဖြစ်သော မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဟု ဒေသခံများက ပြောကြသည်။
၁၀၂၇ စစ်ဆင်ရေးအဖြစ် အဆိုပါ မြို့သိမ်းတိုက်ပွဲများကို မြောက်ပိုင်းအဖွဲ့များက အောက်တိုဘာ ၂၇ ကတည်းက စတင်နေရာ TNLA သည်လည်း လားရှိုး-မူဆယ်လမ်းတစ်လျှောက်ရှိ နမ့်ခမ်း၊ နောင်ချို၊ သိန္နီ၊ ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင်၊ လားရှိုးအပြင် သီပေါမြောက်ဘက် နမ့်ဆန်၊ မန်တုံ၊ မန္တလေးတိုင်း မတ္တရာ၊ မိုးကုတ်တစ်ဝိုက်တို့တွင်လည်း မဟာမိတ်များနှင့် ပူးပေါင်းတိုက်ခိုက်နေသည်။