
အာရက္ခတပ်တော်(AA)က ရခိုင်ပြည်နယ် ကျောက်တော်၊ မြောက်ဦးမြို့နယ်တို့တွင် ရခိုင်လူငယ်များကို စစ်မှုထမ်းရန်ခေါ်ယူနေသည်ဟု ဒေသခံများထံက စုံစမ်းသိရသည်။
အသက် ၁၈ နှစ်မှ အသက် ၄၅ နှစ်အတွင်း အမျိုးသားများဖြစ်ပြီး အမျိုးသမီး ဆိုလျှင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း တာဝန်ထမ်းဆောင်ရမည်၊ စစ်မှုထမ်းကာလ ၂ နှစ်ဖြစ်ပြီး မဲနှိုက်ခေါ်ယူခြင်း ဖြစ်သည်ဟု AA ထံ စစ်မှုထမ်းမည့် မြောက်ဦးမြို့နယ်မှ အသက် ၂၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
“AA တပ်ဖွဲ့ဝင်တွေ ရွာတွေကိုလာပြီး အစည်းအဝေးခေါ်ပြီးပြောပါတယ်။ တိုက်လူက တိုက်နေတယ်။ မတိုက်ရသေးတဲ့လူတွေလည်း AA ထဲဝင်ပြီး စစ်မှုထမ်းပြီး သိမ်းထားတဲ့မြို့၊ ရွာတွေကို ကာကွယ်ရမယ်လို့ ပြောခဲ့ပါတယ်။ စစ်မှုထမ်းကာလက ၂ နှစ်ပါတဲ့ “ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် အဆိုပါမြို့နယ် ၂ ခုတွင် စစ်မှုထမ်းရန်အကျုံးဝင်သူများကို မဲနှိုက်ပြီး အသုတ်လိုက်ခေါ် ယူနေသည်၊ စစ်မှုထမ်းမှ ကင်းလွတ်ရန် ခြွင်းချက်တချို့ရှိသည်ဟု မြောက်ဦးမြို့နယ်မှ ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးကလည်း ပြောသည်။
” မသန်စွမ်းတို့၊ ကျန်းမာရေးချို့တဲ့သူတွေတော့မပါဘူး” ဟု ထိုအမျိုးသမီးငယ်က ဆိုသည်။
AA သည်”အရေးပေါ်စစ်မှုထမ်းဥပဒေ ” ပြဋ္ဌာန်းပြီး ရခိုင်ပြည်နယ် မြို့နယ်တိုင်းမှ လူငယ်လူရွယ်များကို စစ်မှုထမ်းရန် မကြာခင်ခေါ်ယူမည်ဟု AA နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
မကြာမီ အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် National Defense Emergency Provision (NDEP) စစ်မှုထမ်းဥပဒေကို ပြည်သူများထံသို့ နိုင်ငံရေး ၊အုပ်ချုပ်ရေးဌာနတို့မှ ရှင်းလင်းထုတ်ပြန်သွား မည် ဖြစ်သည်ဟု ဆိုသည်။
လက်ရှိတွင် နယ်မြေအချို့တွင် နိုင်ငံရေးမှူး၊ ဒေသအုပ်ချုပ်ရေးမှူးတို့က ကွင်းဆင်းရှင်းပြလျက်ရှိသည်၊ အရေးပေါ်ကာလမပြီးမချင်း အများဆုံး ၂၄ လအထိ ပေးအပ်သည့်တာဝန်ကို ထမ်းဆောင်ရမည်ဟု ၎င်းက ဆက်ပြောသည်။
စစ်မှုထမ်းခေါ်ရာတွင် လျှော့ပေါ့ခွင့်၊ ယာယီရွှေ့ဆိုင်းခွင့်၊ ကင်းလွတ်ခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်များလည်း ပါရှိသည်ဟု သိရသည်။
စစ်မှုထမ်းခေါ်ယူရေးအစီအစဉ်နှင့်ပတ်သက်၍ AA ပြောခွင့်ရ ဦးခိုင်သုခကို Myanmar Now က ဆက်သွယ် မေးမြန်းထားသော်လည်း အကြောင်းမပြန်သေးပေ။
ရခိုင် ၁၄ မြို့နယ်ဖြစ်သည့် သံတွဲ၊ ရမ်းဗြဲ ၊ ဘူးသီးတောင် ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း ၊ ကျောက်တော်၊ မင်းပြား ၊ မြောက်ဦး ၊ မြေပုံ၊ ပေါက်တော ၊ မောင်တော ၊ အမ်း၊ တောင်ကုတ်၊ ဂွ နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို AA က သိမ်းပိုက်ထားသည်။
လက်ကျန်မြို့နယ် ၃ ခုအနက် စစ်တွေနှင့်ကျောက်ဖြူတွင်လည်းတိုက်ပွဲဖြစ်ပွားလာရာ တိုက်ပွဲ မရှိသည့် မြို့မှာ မာန်အောင်မြို့တစ်ခုသာကျန်တော့သည်။
သိမ်းပိုက်ထိန်းချုပ်ထားသည့်မြို့နယ်များတွင် AA သည် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့် အုပ်ချုပ်ရေး၊ တရားစီရေး ၊ ပညာရေး၊ ကျန်းမာရေး စသည့် အစိုးရယန္တရားများ လည်ပတ်နေပြီး ထိုဌာန ဆိုင်ရာများတွင်လည်း လူငယ်အများအပြား ဝင်ရောက်လုပ်ကိုင်လျက်ရှိသည်။
လက်ရှိတွင် စစ်မှုထမ်းခေါ်ယူနေသဖြင့် တစ်ချို့လူငယ်များလည်း စိုးရိမ်ထိတ်လန့်မှုများ တွေ့ ရှိရသလို ရခိုင်ပြည်လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ရန်စိတ်ဝင်တစားလိုက်ပါကြသူများလည်း ရှိကြောင်း သိရသည်။
ရခိုင်နိုင်ငံရေး၊စစ်ရေးလေ့လာသူ ဦးဖေသန်းကမူ AA တွင် စစ်မှုမထမ်းမနေရ မဟုတ်ဘဲ အရွယ်ရှိသူ တိုင်း စစ်ပညာသင်ယူရမည်ဟုသာ ကြားသိထားရကြောင်း Myanmar Now ကို ယနေ့ ပြောသည်။
“စစ်မှုမထမ်းမနေရလို့တော့ ချပြတာ မရှိသေးပါ။ စစ်မှုထမ်းရမယ့်အစီအစဥ်ကတော့ အသေးစိတ် မကြားရမိသေးပါ”ဟု ၎င်းက ဆိုသည်။
AA သည် ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်တစ်ခုတည်းကိုသာ ရင်ဆိုင်နေရခြင်းမဟုတ်ဘဲ ARSA ၊ RSO စသည့် ရိုဟင်ဂျာလက်နက်ကိုင်တို့ကိုလည်း တိုက်ခိုက်နေရသည်ဟု ထုတ်ပြန်ထားသည်။ ထို့ပြင် ပြည်နယ် ပြင်ပစစ်မျက်နှာ ၃ ခုဖြစ်သော ရခိုင်-မကွေး၊ ရခိုင်-ဧရာဝတီ၊ ရခိုင်-ပဲခူးတိုင်းတို့တွင်လည်း တိုက်ပွဲများ ရှိနေသည်။
ထို့ကြောင့် သိမ်းပိုက်မြို့နယ်များနှင့် လက်နက်ကိုင်များရန် တွန်းလှန်နိုင်ရန် စစ်အင်အား လိုအပ်နေသလို AA က စစ်သားစုဆောင်းမှုများရှိကြောင်း ပလက်ဝဒေသခံများနှင့် မြိုတိုင်းရင်းသားတချို့က ပြောဆိုမှု များရှိနေကြောင်း သတင်းများထွက်ပေါ်နေချိန် AA ၏ စစ်မှုထမ်းခေါ်ယူရေးအစီအစဉ် ပေါ်ပေါက်လာ သည်။
AA ၏ စစ်ရေး၊ နိုင်ငံရေးမဟာမိတ်ဖြစ်သော မြောက်ပိုင်းအဖွဲ့ဝင် တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) က အသက် ၁၆ နှစ်မှ ၃၅ နှစ်အတွင်း တအာင်းအမျိုးသားတိုင်း စစ်မှုထမ်းရမည့် ဥပဒေကို ယမန် နှစ် ဖေဖော်ဝါရီ ၄ ရက်နေ့တွင် တရားဝင်ထုတ်ပြန်ထားသည်။
အခြားတစ်ဖက်တွင်လည်း စစ်ကောင်စီတပ်သည်လည်း စစ်မှုမထမ်းမနေရဥပဒေကိုပြဋ္ဌာန်းထားပြီး စစ်မှု မထမ်းချင်သူများ၊လမ်းသွားလမ်းလာများကိုလည်း ပေါ်တာဆွဲ၍ စစ်တပ်ထဲ ပို့နေသဖြင့် စစ်ကောင်စီ ထိန်းချုပ်ရာနေရာများမှ ဒေသခံများမှာစိုးရိမ်ကြောက်လန့်နေရသည်။
တစ်နိုင်ငံလုံး စစ်မျက်နှာဖွင့်ထားသည့် စစ်ကောင်စီတပ်သည် အပတ်စဉ်တစ်ခုလျှင် စစ်မှုထမ်းဦးရေ ၅၀၀၀ ဖြင့် အပတ်စဉ် ၁၀ ခုကို စစ်မှုထမ်း အင်အား ၅၀၀၀၀ ခန့် စုဆောင်းခဲ့ပြီး လက်ရှိတွင် အပတ်စဉ် (၁၁) ဖွင့်လှစ်နေသည်။
၂၀၂၄ ခု ဖေဖော်ဝါရီတွင် အတည်ပြုလိုက်သော စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအရ ၁၈ နှစ်မှ ၃၅ နှစ် အတွင်း အမျိုးသားများ၊ ၁၈ နှစ်မှ ၂၇ နှစ် အတွင်း အမျိုးသမီးများကို ၂ နှစ်အထိ စစ်မှုထမ်းရန် စစ်တပ် က ဆင့်ခေါ်နိုင်သည်။
ဆရာဝန်၊ အင်ဂျင်နီယာ၊စက်မှုလက်မှုပညာတတ်မြောက်သူ သို့မဟုတ် အခြားအတတ်ပညာတစ်ရပ်ရပ် ဖြင့် အသက်မွေးဝမ်းကျောင်းနေသူများဖြစ်ပါက စစ်မှုထမ်းရမည့် အသက်အပိုင်းအခြားကို အမျိုးသား ဖြစ်ပါက ၁၈ နှစ်မှ ၄၅ နှစ်၊အမျိုးသမီးဖြစ်ပါက ၁၈ နှစ်မှ ၃၅ နှစ် ဟု သတ်မှတ်ထားသည်။