အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရွှေ့ပြောင်းရန်ငြင်းဆန်သည့် လက်ပံတောင်းဒေသခံများကို စစ်အာဏာသိမ်းပြီးနောက် ဝမ်ပေါင်ဖယ်ရှားနိုင်ခဲ့

ဦးသိန်းစိန်အစိုးရနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးလက်ထက်တွင် မအောင်မြင်ခဲ့သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာအတွင်းမှ မြေယာသိမ်းဆည်းခံဒေသခံများ ဖယ်ရှားရေးအစီအစဉ်သည် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းနှစ်များတွင် အောင်မြင်လုနီးပါးဖြစ်နေပြီဟု မြန်မာဝမ်ပေါင်ကုမ္ပဏီက ဇွန်လ ဒုတိယသီတင်းပတ်တွင် ကြေညာခဲ့ သည်။

ဆယ်စုနှစ်နှင့်ချီကြာ ရွှေ့ပြောင်းပေးရန် ငြင်းဆန်ခဲ့ကြသည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာအတွင်းမှ မြေယာသိမ်းဆည်းခံဒေသခံများကို ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းနှစ်များတွင် ဖယ်ရှားနိုင်ခဲ့သည်ဟု  မြန်မာဝမ်ပေါင်ကုမ္ပဏီက ယခုနှစ် ဇွန်လ ဒုတိယသီတင်းပတ်တွင်  သတင်းထုတ်ပြန်ခဲ့သည်။

ဧရိယာအတွင်းမှ ထွက်ခွာရန် တင်းခံနေသည့် အိမ်ထောင်စု ၁၇ စုသာကျန်ရှိပြီး ၎င်းတို့ပြောင်းရွှေ့သွားရေးအတွက် ဆက်လက်ကြိုးစားမည်ဟုလည်း မြန်မာဝမ်ပေါင်၏ ထုတ်ပြန်ချက်ကဆိုသည်။ 

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို မြန်မာစစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနှင့် တရုတ်အစိုးရပိုင် ဝမ်ပေါင်ကုမ္ပဏီတို့ ပူးပေါင်းတည်ထောင်ခဲ့သည့် မြန်မာဝမ်ပေါင်က ၂၀၁၀ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ရာ ထိုစီမံကိန်း ဧရိယာအတွင်း ရောက်နေသည်ဟုဆိုကာ ဝက်မှေး၊ ကံတော၊ ဇီးတော၊ ဆည်တည်းကျေးရွာလေးခုမှ အိမ်ခြေ ၄၄၁ အိမ်နှင့်ဘုန်းတော်ကြီးကျောင်း လေးကျောင်းကို ပြောင်းရွှေ့ရန် ဒေသအာဏာပိုင်များက အမိန့်ထုတ်ခဲ့သည်။ 

ဝမ်ပေါင်ကုမ္ပဏီ၏ လုပ်ငန်းခွင်တစ်နေရာ။ (ဓာတ်ပုံ- Myanmar Wanbao Mining Copper Limited Facebook) 

သို့သော်မြေယာလျော်ကြေး၊ ပြောင်းရွှေ့ရန်နေရာနှင့် Contribution Plan (ကျေးရွာခေါ်ဘဏ်စာအုပ်) အလုပ်စောင့်ဆိုင်းဆဲကာလ ထောက်ပံ့ကြေးနှင့်ပတ်သက်၍ ကုမ္ပဏီနှင့် ဒေသခံတောင်သူများကြားတွင် မကျေလည်မှုများရှိနေသဖြင့် ဆယ်စုနှစ်နှင့်ချီကာ မပြောင်းရွှေ့သည့် အိမ်ထောင်စုများ ကျန်ရှိနေခြင်း ဖြစ်သည်။ တစ်လထောက်ပံ့ကြေးအနေဖြင့် လယ်ယာ သို့မဟုတ် မြေဆုံးရှုံးမှုအရ ၁၀ ဧကအထိ ဒေါ်လာ ၇၀၊ ၁၁ ဧကမှ ဧက ၂၀ အထိ ဒေါ်လာ ၁၂၀ နှင့် ဧက ၂၀ အထက် ဒေါ်လာ ၁၆၀ ပေးရန် ဖြစ်ကြောင်း မြန်မာအစိုးရဘက်က ၂၀၁၅ အတွင်းထုတ်ပြန်သည့် စီမံကိန်းနှင့်ပတ်သက်သည့် အစီရင်ခဲံစာကဆိုသည်။ 

 ထိုထောက်ပံ့ကြေးကို ကုန်ထုတ်လုပ်ငန်းများ စတင်ချိန် အလုပ်မခန့်နိုင်သည့် ဒေသခံများကို ပေးခြင်းဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်တွင် ဝက်မှေးရွာမှ လက်ကျန်အိမ်ထောင်စုအားလုံးကို အပြီးတိုင်ပြောင်းရွှေ့ဖယ်ရှားလိုက်သည်။ ဝှက်မှေး၊ ကံတော၊ ဇီးတော သုံးရွာစလုံး ပြောင်းရွှေ့ပြီးဖြစ်သည်။ ဆည်တည်းရွာမှ အိမ်ထောင်စု ၄၇ စုကို ၂၀၂၅ ခုနှစ် နှင့်၂၀၂၆ ခုနှစ်တွင် ပြောင်းရွှေ့လိုက်ပြီဖြစ်ကာ အိမ်ထောင်စု ၁၇ စုသာကျန်တော့ကြောင်း ယခုလ(ဇွန်လ ၁၂ ရက်)တွင် ထုတ်ပြန်သည့် ကုမ္ပဏီအစီရင်ခံစာ၌ ဖော်ပြထားသည်။ 

၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်း လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအနီး၌ ဒေသခံတစ်ဦးကို တွေ့ရစဉ်။ (ဓာတ်ပုံ​ – EPA/EFE)

ဦးသိန်းစိန်အစိုးရနှင့် အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ်(NLD) အစိုးရနှစ်ဆက်တိုင်တိုင်  ပြောင်းရွှေ့နိုင်ခြင်းမရှိခဲ့ရာမှ အာဏာသိမ်းစစ်အုပ်စုလက်ထက်တွင် လက်နက်ဖြင့် ခြိမ်းခြောက်ခံထားရသည့် ပြည်သူများကို ဝမ်ပေါင်ကုမ္ပဏီက အမြတ်ထုတ်ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ဒေသခံ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။ 

“ဒီအာဏာသိမ်းတဲ့ကာလမှာ ပြည်သူတွေမှာရှိတဲ့ လက်နက်နဲ့ အကြောက်တရားကို အခွင့်ကောင်းယူပြီး အစိုးရနှစ်ဆက်၊ ဆယ်စုနှစ်ကျော်ဖြေရှင်းလို့မရတဲ့ ပြဿနာကို သူတို့က အခုလောလောဆယ် အမြတ်ထုတ်လိုက်တာလို့ ကျွန်တော်က မြင်တယ်။ အဲ့ဒါက သူတို့အတွက် အောင်မြင်မှုအကြီးကြီးပဲ” ဟု ၎င်းက ဆိုသည်။

ဝမ်ပေါင်ကုမ္ပဏီဘက်က အပြီးသတ်ရွှေ့ပြောင်းရန် ဒေသခံတို့နှင့် ညှိနှိုင်းသည်ဆိုသော်လည်း ယခင်သဘောတူညီထားသော ရပိုင်ခွင့်များကိုပင် လိုက်လျောခြင်းမရှိကြောင်း၊ အာဏာသိမ်းကာလ စားဝတ်နေရေးကျပ်တည်းမှုကြောင့် ဒေသခံတို့က တောင့်မခံနိုင်တော့ကြောင်း ၎င်းက ဆိုသည်။ 

“ပြည်သူ ငတ်နေပြီဆိုတာကို အခွင့်ကောင်းယူတယ်။ အလုပ်အကိုင်အခွင့်အလမ်းက ရှားပါးတာကိုဗျ။ မုံရွာကိုလည်း အလုပ်သွားလုပ်လို့မရဘူး။ သွားလုပ်ရင်လည်း ပေါ်တာဆွဲတာက ကြောက်ရသေးတာဆိုတော့ စားဝတ်နေရေးနဲ့ မိသားစုအသက်ရှင်ရေးအတွက်ကို ရွေးချယ်ရတယ်။ သူတို့(ဝမ်ပေါင်) ထူးပြီးတော့မှ ကမ်းလှမ်းတာမဟုတ်ဘူး”ဟု သူက ဆက်ပြောသည်။

မြန်မာဝမ်ပေါင်၏ထုတ်ပြန်ချက်တွင် ၂၀၂၅ ခုနှစ် နှင့် ၂၀၂၆ ခုနှစ် အတွင်း ရွှေ့ပြောင်းခဲ့ကြသည့် ဆည်တည်း(ရွာဟောင်း) မှ ဒေသခံများသည် ‘မိမိဆန္ဒအလျောက်ရွှေ့ပြောင်းခဲ့ကြသည်’ ဟုရည်ညွှန်းထားသော်လည်း ၂၀၂၃ ခုနှစ် ဝက်မှေးရွာဟောင်းမှ ဒေသခံများ ပြောင်းရွှေ့မှုကို ‘ပြောင်းရွှေ့စေခဲ့သည်’ ဟု ရည်ညွှန်းထားသည်။

၂၀၂၃ ခုနှစ် သြဂုတ်လအတွင်းက  Myanmar Now ကရရှိသည့် သတင်းအချက်အလက်များအရ ဝက်မှေးရွာဟောင်းကို စစ်တပ်ကသံဆူးကြိုးဖြင့် ခြံစည်းရိုးခတ်၍ ပြောင်းရွှေ့ရန် ဒေသခံများကို ဖိအားပေးခဲ့သည်။

ထိုစဉ်က စီမံကိန်းအတွက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေသည့် ဓာတ်အားလိုင်းများကို တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ခြင်းကြောင့် ထပ်မံတိုက်ခိုက်မှုမဖြစ်လာရန် ခြံစည်းရိုးများခတ်လိုက်ခြင်းဖြစ်ပြီး စီမံကိန်းဧရိယာနှင့် အကျုံးမဝင်သော မြေနေရာများပင် ပါဝင်သွားကြောင်း ဒေသခံတို့က ဆိုသည်။ 

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှ ထွက်ရှိလာသော သတ္တုရိုင်းများစုပုံရန်အတွက် အပိုင်း ၁၊ ၂၊ ၃ ဟူ၍ ခွဲခြားလုပ်ကိုင်လျက်ရှိပြီး ဆည်တည်းရွာဟောင်းသည် အပိုင်း ၂ ဧရိယာထဲတွင် ပါဝင်သည်။ ထိုရွာမရွှေ့ပြောင်းသဖြင့် သတ္ထုရိုင်းများကို အပိုင်း ၁ နှင့် ၃ ဧရိယာအတွင်း ကျပ်ကျပ်တည်းတည်း စုပုံထားရသည်ဟု သိရသည်။ 

ထိုနေရာကို အိမ်ထောင်စုများပြောင်းရွှေ့ပြီးလျှင် ကနဦးအဆင့် ခြံစည်းရိုးခတ်မည်ဖြစ်သည်။ 

ဝက်မှေးရွာကို အဓမ္မ ဖယ်ရှားပြီး ခြံစည်းရိုးခတ်သည့် သာဓကရှိထားပြီဖြစ်ရာ ဝမ်ပေါင်ကုမ္ပဏီက လက်ကျန်အိမ်ထောင်စုများနှင့် ညှိနှိုင်းဆွေးနွေးသည့် သဘောမဟုတ်ဘဲ ၎င်းတို့၏ တစ်ဖက်သတ် သဘောထားကို ချပြလာခြင်းဖြစ်ကြောင်း လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှ CDM တွင် ပါဝင်ထားသည့် အမျိုးသားတစ်ဦးကလည်း ပြောသည်။

“ဆည်တည်းရွာဟောင်းက ကုမ္ပဏီရဲ့စည်းရိုးစပ်မှာဗျာ။ ခင်ဗျားတို့ရွှေ့ပေးမှာလား။ မရွှေ့ပေးဘူးလား၊ မရွှေ့ပေးရင် သိမ်းမယ် ဆိုတဲ့သဘောမျိုးဆိုတာ ဖြစ်တန်ခြေများတယ်။ ကျန်ရှိနေတဲ့အိမ်ထောင်စုကို ခေါ်တွေ့တာ ကုမ္ပဏီရဲ့သဘောထားက ‘ဒါ ခင်ဗျားတို့ရွှေ့ပေး၊ အလုပ်ပေးမယ်’ ဆိုတဲ့မက်လုံးလည်း ပါမယ့်သဘောပါ။ လူတိုင်းကိုတော့ ကုမ္ပဏီက အလုပ်မပေးဘူးဗျ ရစရာရှိလို့ အနည်းငယ် လိုက်လျောလိုက်တဲ့ သဘောပါပဲ” ဟု ၎င်းက ဆိုသည်။ 

လက်ရှိကျန်နေသော အိမ်ထောင်စုများသည် ကုမ္ပဏီက ပေးသည့် မြေယာလျော်ကြေးကို ကျေနပ်မှုမရှိသလို ညောင်ပင်ကြီး- ဆားလင်းကြီးလမ်း အရှေ့ဘက်တွင် အိမ်ရာဆောက်လုပ်ပေးရန် လိုလားပြီး ကုမ္ပဏီဘက်ကမူ ယခင်ကတည်းက လိုက်လျောခြင်းမရှိခဲ့ဟု ၎င်းက ဆိုသည်။

ဝမ်ပေါင်ကုမ္ပဏီ၏ လုပ်ငန်းခွင်တစ်နေရာ။ (ဓာတ်ပုံ- Myanmar Wanbao Mining Copper Limited Facebook) 

“နောက်ထပ်နယ်နိမိတ်တိုးချဲ့ဖို့ ကုမ္ပဏီရဲ့လျာထားချက်အတိုင်း ရင်းနှီးမြှုပ်ပ်နှံသူနဲ့ ဦးပိုင် (စစ်တပ်ပိုင် မြန်မာ့စီပွားရေးဦးပိုင်ကုမ္ပဏီ) နဲ့ညှိထားပြီး ဆောင်ရွက်မှာ အနှေးနဲ့အမြန်ပဲ။ အာဏာသိမ်းမထားဘူးဆိုရင် ဒေသခံပြည်သူတွေရဲ့အသံတွေက ဆူညံလာလိမ့်မယ်” ဟု ၎င်းက ပြောသည်။

အာဏာသိမ်းစက CDM ဝင်ထားသည့် ဝန်ထမ်းများကို ပြီးခဲ့သည့်နှစ်တွင် ကုမ္ပဏီဘက်က အင်တိုက်အားတိုက် ပြန်ခေါ်သွင်းခဲ့သည်။ သို့သော် အလုပ်သမားသမဂ္ဂအဖွဲ့ခေါင်းဆောင်များနှင့် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် တက်တက်ကြွကြွပါဝင်သူများကို ပြန်ဆက်သွယ်ခြင်းမရှိဟု သိရသည်။ 

စီမံကိန်းဧရိယာအတွင်း ညအချိန် စက်ယန္တရားကြီးများလည်ပတ်နေသည့် အသံကိုကြားရပြီး နေ့ဘက်တွင် သတ္တုမိုင်းများ၌ ဒိုင်းနမိုင်းဖောက်ခွဲသံများ ကြားနေရကြောင်း ထိုအမျိုးသားက ဆိုသည်။ 

မြေယာလျော်ကြေး၊ အိမ်ထောင်စုများပြောင်းရွှေ့ရန်ညှိနှိုင်းခြင်းအပါဝင် လုပ်ငန်းလည်ပတ်မှု အခြေအနေများနှင့် ပတ်သက်၍ ဝမ်ပေါင်ကုမ္ပဏီကို Myanmar Now က အီးမေးမှတဆင့် ဆက်သွယ်မေးမြန်းသော်လည်း ဖြေဆိုခြင်းမရှိသေးပါ။

လက်ရှိတွင် CDM ဝင်ထားသော ဝန်ထမ်း ၈၀ ရာခိုင်နှုန်းကျော် လုပ်ငန်းခွင် ပြန်ဝင်နေပြီဖြစ်ရာ လောင်စာဆီ၊ အက်ဆစ်နှင့် ကြေးနီထုတ်လုပ်ရာတွင် လိုအပ်သည့် ဓာတုကုန်ကြမ်းရရှိမှုအခြေအနေတွင်  မူတည်၍ ထုတ်လုပ်မှုများ အရှိန်မြှင့်လာဖွယ်ရှိသည်ဟု ဒေသခံများက ဆိုသည်။ 

လက်ပံတောင်းတောင်စီမံကိန်းကို အမှတ်(၁) သတ္တုတွင်းလုပ်ငန်းက ၅၁ ရာခိုင်နှုန်း၊ တရုတ်အစိုးရပိုင် ဝမ်ပေါင်ကုမ္ပဏီလက်အောက်ခံ မြန်မာဝမ်ပေါင်က ၃၀ ရာခိုင်နှုန်းနှင့် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီ(MEHL) က ၁၉ ရာခိုင်နှုန်း  အကျိုးခံစားခွင့်ရရှိနေသည်။

ထို့အပြင် စစ်ကိုင်းတိုင်း ဆားလင်းကြီးနှင့် ယင်းမာပင်မြို့နယ်အတွင်းရှိ အခြားကြေးနီးထုတ်လုပ်ရေးစီမံကိန်းများဖြစ်သော စံပယ်တောင်နှင့် ကြေးစင်တောင်စီမံကိန်းတွင် မြန်မာ့စီးပွားရေးဦးပိုင်က ၅၁ ရာခိုင်နှုန်း၊ ဝမ်ပေါင်၏ နောက်ထပ်ကုမ္ပဏီခွဲတစ်ခုဖြစ်သည့် မြန်မာယန်စီက ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။ 

ဝမ်ပေါင်ကုမ္ပဏီသည် ပေကျင်းအခြေစိုက် တရုတ်အစိုးရပိုင် ကမ္ဘာ့အကြီးဆုံး စစ်လက်နက်ထုတ်လုပ်ရေး ကော်ပိုရေးရှင်းတစ်ခုဖြစ်သော NORINCO ကုမ္ပဏီ (China North Industries Group Corporation Limited) ၏ ကုမ္ပဏီခွဲဖြစ်သည်။

ယခုလအတွင်း တရုတ်နိုင်ငံသို့ သွားရောက်သည့် ကိုယ့်ကိုယ်ကိုယ်ခန့် သမ္မတ ဦးမင်းအောင်လှိုင်ကို မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းများကို လုံခြုံရေးအာမခံချက်ပေးရန် တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောဆိုထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button