သတင်း

လက်ပံတောင်းစီမံကိန်းအနီးရှိ ဝက်မှေးရွာဒေသခံများ ဖိအားပေး ပြောင်းရွှေ့ခံရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်း စစ်တပ်နှင့် တရုတ်တို့ ပူးပေါင်းလုပ်ကိုင်နေသည့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအနီးရှိ ဝက်မှေးရွာဟောင်းကို စစ်ကောင်စီက သံဆူးကြိုးဖြင့် ခြံစည်းရိုးခတ်လိုက်ပြီးနောက် ဒေသခံ ၄၀ ထက်မနည်း ဖိအားပေး ပြောင်းရွှေ့ခံနေရသည်။

ယခုလ ၃ ရက် ညနေပိုင်း၌ ကြေးနီထုတ်လုပ်ရေးစီမံကိန်း အရှေ့ဘက်ရှိ ဝက်မှေးရွာဟောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀၀ နီးပါး ရုတ်တရက်ရောက်ရှိလာကာ သုံးရက်အတွင်း ရွာကို သံဆူးကြိုးခတ်၍ အတင်းအကျပ် ပြောင်းရွှေ့စေခြင်းဖြစ်သည်။

မူလက အိမ်ခြေ ၁၀၀ ကျော်ရှိ ဝက်မှေးရွာ၌ နေထိုင်သူအများစုမှာ ၂၀၁၀ နောက်ပိုင်း မြေယာလျော်ကြေးယူပြီး ပြောင်းရွှေ့သွားခဲ့သော်လည်း အိမ်ထောင်စု ၃၅ စုခန့်မှာ လျော်ကြေးမယူဘဲ ဆက်လက် နေထိုင်ခဲ့ခြင်းဖြစ်သည်။

ယခုလဆန်းပိုင်း၌ စစ်ကောင်စီက ခြံစည်းရိုးလာခတ်ချိန်တွင် လက်ကျန်အိမ်ထောင်စု ၃၅ စုအနက် အချို့သော ရွာခံများ ပြောင်းရွှေ့သွားခဲ့ရာ လက်ရှိ၌ ရွာအတွင်း ပိတ်မိနေသူ ၄၀ ထက်မနည်းရှိသည်ဟု သိရသည်။

“ရွှေ့ကိုရွှေ့ရမယ်။ မရွှေ့ချင်ဘူးလို့ ပေကပ်နေမယ်ဆိုရင် ဖြစ်လာတဲ့ပြဿနာ သူတို့က တာဝန်မယူဘူးလို့ ပြောတာ” ဟု စစ်ကောင်စီက ဖိအားပေးနေခြင်းအပေါ် လုံခြုံရေးအရ အမည်မဖော်လိုသည့် ဝက်မှေးရွာခံတစ်ဦးက ပြောသည်။

ရက်ကြာလာသည်နှင့်အမျှ စားနပ်ရိက္ခာ ခက်ခဲလာပြီး၊ ရွာအနီး ကင်းပုန်းစောင့်နေသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များကြောင့် လုံခြုံရေး စိုးရိမ်ရသဖြင့် ရွာကို စွန့်ခွာရန် ဆုံးဖြတ်လိုက်သည်ဟုလည်း သိရသည်။

“အပြင်လည်း အထွက်မခံဘူး။ အပြင်ကလူလည်း အတွင်းကို အဝင်မခံဘူးဆိုတော့ သူတို့က ဆန်၊ ဆီ လောက်ပဲ ရှိပြီးတော့ တခြား စားစရာ၊ သောက်စရာ မရှိတော့ဘူး။ ရှိတာလေးတွေကို ဖြစ်သလို ချက်ပြုတ်စားနေရတာ။ တချို့ကလည်း ဆန်ပြုတ်သောက်နေရတယ်၊ ဆန်ပြတ်တဲ့သူက ပြတ်နေပြီ”

“သူတို့ (စစ်တပ်) က တစ်ခါတလေ ညနေတိုင်းကို သူတို့အင်အားနဲ့ (ရွာအနီး) လာလာနေတာကိုး။ အချိန်မရွေး ပစ်သတ်မှာ ကြောက်တာကိုး။ အဲ့ဒါကြောင့် ရွှေ့ဖို့ရာ ဆုံးဖြတ်ရတာပေါ့” ဟု အထက်ပါ ဝက်မှေးခံက ပြောသည်။

ဝက်မှေးရွာဟောင်းကို အတင်းအကျပ် ခြံစည်းရိုးခတ်လိုက်ပြီးနောက် ဩဂုတ် ၈ ရက်နေ့တွင် တစ်ကြိမ်၊ ၁၁ ရက်နေ့တွင် တစ်ကြိမ် ရွာခံ ၆ ဦးကို ကုမ္ပဏီဝင်းအတွင်း ခေါ်ယူဆွေးနွေးပြီး လျော်ကြေးယူ၍ ပြောင်းရွှေ့ရန် ဖိအားပေးသည်ဟုလည်း သိရသည်။

“လုပ်စရာရှိတာ ဆက်လုပ်တော့မှာ၊ ရှင်းစရာရှိတာ ဆက်ရှင်းတော့မှာဆိုတော့ မနေရဲတော့ဘူး။ ခုချိန်ထိရော (ခတ်ထားသည့် ခြံစည်းရိုးကို) ဖွင့်ပေးတာတွေ မရှိဘူး။ ပိတ်ပြီးတော့၊ လှောင်ပြီးတော့ကို ချည်ပြီးတုပ်ပြီး ရိုက်နေတာ” ဟု ဝက်မှေးရွာခံ နောက်တစ်ဦးက ပြောသည်။

မြေယာလျော်ကြေး၊ ရွှေ့ပြောင်းရမည့် နေရာတို့နှင့် ပတ်သက်၍ ဒေသခံများက တောင်းဆိုသော်လည်း တရုတ် ဝမ်ပေါင်ကုမ္ပဏီဘက်က လျစ်လျူရှုခဲ့သည်ဟု ဆိုသည်။​

ယခင်အရပ်သားအစိုးရလက်ထက်က ပေးလျော်ခဲ့သည့်ပမာဏဖြစ်သော တစ်ဧကလျှင် ကျပ် ၁၈ သိန်းသာ ပေးမည်ဖြစ်ကြောင်း၊ ၎င်းတို့ချပေးသည့်နေရာ၌သာ နေထိုင်ရမည်ဖြစ်ကြောင်း၊ ထပ်တိုးအိမ်ထောင်စုများအတွက် ပေးလျော်ရန် အစီအစဉ်မရှိကြောင်း ကုမ္ပဏီဘက်က ပြောဆိုသည်ဟု သိရသည်။

ယခင်ကတည်းက အဆိုပါ လျော်ကြေးငွေလက်မခံဘဲ ဆက်လက်နေထိုင်သူများကို အာဏာသိမ်းစစ်တပ်က အတင်းအကျပ် ပြောင်းရွှေ့ခိုင်းနေခြင်းဖြစ်သည်။​

စစ်ကိုင်းတိုင်း နေရာအနှံ့အပြားတွင် လက်နက်ကိုင်ခုခံတော်လှန်မှုအားကောင်းနေရာ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအနီးရှိရာ ဆားလင်းကြီးမြို့နယ်၌လည်း ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ မကြာခဏ တိုက်ပွဲဖြစ်လေ့ရှိသည်။

စစ်တပ်က ကြေးနီစီမံကိန်းလုပ်ကိုင်နေသော ဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်း တပ်စွဲကာ အနီးတစ်ဝိုက် ကျေးရွာများကို စစ်ကြောင်းထိုးလေ့ရှိရာ ရွာအများအပြား မီးရှို့ဖျက်ဆီးခံရသည့်နည်းတူ ဖမ်းဆီး သတ်ဖြတ်ခံရသူများလည်း ရှိသည်။

ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ထုတ်ပြန်ချက်အရ ဝမ်ပေါင်ကုမ္ပဏီဝင်းမှ ထွက်လာသည့် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာ ၁၃ ရွာမှ အိမ်ပေါင်း ၄၀၀ ကျော် ပျက်စီးခဲ့ရပြီး ဒေသခံ ၁၇ ဦး သတ်ဖြတ်ခံရသည်။

ဝမ်ပေါင်ကုမ္ပဏီအနေဖြင့် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ပူးပေါင်းလုပ်ဆောင်နေမှုများကို ရပ်တန့်ခြင်း မရှိပါက အရေးယူသွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ဆားလင်းကြီးမြို့နယ်ပအဖအဖွဲ့က ယခုနှစ် ဩဂုတ် ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

တရုတ်ကုမ္ပဏီများအနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေမှုကို ချက်ချင်းရပ်တန့်ရန် ဒေသအခြေစိုက် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်အင်အားစု ၁၇ ဖွဲ့က ယခုလ ၇ ရက်နေ့တွင် ထုတ်ပြန်ချက်ဖြင့် တောင်းဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့များကို ကုမ္ပဏီဧရိယာအတွင်း စခန်းချခွင့်ပြုပြီး စားနပ်ရိက္ခာများ ထောက်ပံ့ကျွေးမွေးခြင်း၊ စီမံကိန်းအနီးရှိ ရွာများကို စစ်ကြောင်းထိုးရာ၌ ကုမ္ပဏီပိုင်ကားများဖြင့် လိုက်ပို့ပေးခြင်းတို့အပြင် ကုမ္ပဏီဝင်းအတွင်း တပ်စွဲထားသည့် စစ်တပ်က အနီးတစ်ဝိုက်ရွာများကို ညအချိန် လက်နက်ကြီးများဖြင့် ပစ်ခတ်လေ့ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဩဂုတ် ၁၅ က လက်နက်ကြီးစ ထိမှန်သေဆုံးသွားသည့် ပေကုန်းကျေးရွာနေ အသက် ၉ နှစ်အရွယ် မောင်ကျော်သီဟ၏ ရုပ်အလောင်း။ (ဓာတ်ပုံ- ပေးပို့)

စစ်ကောင်စီတပ်ကြောင့် ကြေးနီစီမံကိန်းအနီး ရွာများတွင် နေထိုင်သူများ မကြာခဏ ထွက်ပြေးတိမ်းရှောင်နေရပြီး ယခုလ ၁၄ ရက်ကလည်း စစ်တပ်က စစ်ကြောင်းနှစ်ကြောင်း ပူးပေါင်းစစ်ကြောင်းထိုးသဖြင့် ပုသိမ်-မုံရွာလမ်းတစ်လျှောက်မှ ဒေသခံ ၇၀၀၀ ထွက်ပြေးရသည်။

အချိန်မီ မရှောင်တိမ်းနိုင်လိုက်သည့် ဂုဏ်တောရွာနှင့် ဒုန်းတောရွာမှ မျိုးသား ၇ ဦး အဖမ်းခံရပြီး ယမန်နေ့ (ဩဂုတ် ၁၅) အထိ ပြန်မလွတ်သေးပေ။

ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကြောင်း၏ ပစ်ခတ်မှုကြောင့် ပေကုန်းကျေးရွာမှ အသက် ၉ နှစ်အရွယ် မောင်ကျော်သီဟဆိုသည့် ကလေးငယ် ပွဲချင်းပြီး သေဆုံးခဲ့ပြီး အခြားသူ ၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ကြေးနီစီမံကိန်းကို လည်ပတ်ခြင်းမပြုရန် ဆားလင်းကြီးနှင့် ယင်းမာပင်မြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့များက လွန်ခဲ့သည့်နှစ် ဧပြီလအတွင်း ထုတ်ပြန်ချက်ဖြင့် သတိပေးခဲ့ရာ စီမံကိန်းကို ၂၀၂၁ ဖေဖော်ဝါရီကတည်းက ယာယီရပ်ဆိုင်းထားသည်ဟု ဝမ်ပေါင်ကုမ္ပဏီက မေလဆန်းပိုင်းတွင် ထုတ်ပြန်ခဲ့ဖူးသည်။

တရုတ်ကုမ္ပဏီသည် ကြေးနီစီမံကိန်း ပြန်လည်စတင်ရန် စီစဉ်နေကြောင်း လက်ပံတောင်းဒေသခံများက ဆိုသည်။

“ပြန်လည်ဖို့က ၈၀ ရာခိုင်နှုန်းလောက် နီးစပ်နေပြီ။ လူတွေကလည်း တစ်လချင်း တစ်လချင်း၊ တစ်သုတ်ချင်း တစ်သုတ်ချင်းသွင်းထားတာက လူအင်အားလည်း ရှိတယ်။ အစတည်းက CDM မဝင်ဘဲ ကုမ္ပဏီထဲမှာပဲ နေတဲ့ ဝန်ထမ်းတွေလည်း ရှိတယ်။ အဲ့ဒီဝန်ထမ်းတွေရယ် လက်ရှိဝန်ထမ်းတွေရယ် ပေါင်းရင် ကုမ္ပဏီက ၈၀ ရာခိုင်နှုန်းလောက် ပြင်ဆင်ပြီးနေပြီလို့ ပြောလို့ရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ပြန်လည်စတင်ရန် ကြိုးပမ်းလာပါက ထိုဒေသတစ်ဝိုက် စစ်ရေးအခြေအနေ ပိုမိုတင်းမာလာဖွယ်ရှိသည်ဟု ဆိုသည်။

စစ်တပ်ထောက်တိုင်ဖြစ်သည့် မြန်မာ့စီးပွားရေးဦးပိုင်နှင့် အကျိုးတူလုပ်ကိုင်နေသည့် ဝမ်ပေါင်ကုမ္ပဏီနှင့် လက်အောက်ခံကုမ္ပဏီနှစ်ခုဖြစ်သည့် မြန်မာဝမ်ပေါင်ကုမ္ပဏီနှင့် မြန်မာယန်စီကုမ္ပဏီတို့ကို ဒဏ်ခတ်အရေးယူကြောင်း အမေရိကန်အစိုးရက ၂၀၂၁ ဇူလိုင်လတွင် ကြေညာခဲ့သည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button