ယမန်နေ့ (အောက်တိုဘာ ၅) ညပိုင်းက ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွင် အားသွင်းထား သည့် လျှပ်စစ်ကားတစ်စီး မီးလောင်ကျွမ်းခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၃၁ ရပ်ကွက်၊ သခင်ဗစိန်လမ်း တိုက်အမှတ် ၂၂ ရှေ့၌ အားသွင်းထားသည့် လျှပ်စစ်ကား မီးလောင်းနေကြောင်း လူကိုယ်တိုင်သတင်းပေးလာသဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရသည်ဟု ဒဂုံမြို့သစ်မှ မြို့နယ်မီးသတ်ဦးစီးမှူး တင်ထွန်းအောင်က Myanmar Now ကို ယနေ့ ပြောသည်။
“လျှပ်စစ်အားသွင်းစဉ် ဘက်ထရီကနေပြီးတော့မှ အပူလွန်ကဲပြီးတော့ အဲ့ဒီကနေ ထလောင်တာပေါ့။ အဲ့ဒါ လူကိုယ်တိုင်လာရောက်ပြောလို့ ကျွန်တော်တို့ သွားငြှိမ်းလိုက်တယ်ပေါ့နော်။ မီးငြိမ်းပါတယ်”
လျှပ်စစ်ကားမီးလောင်မှုကို မြောက်ဒဂုံမီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်နှစ်စီးဖြင့် သွားငြိမ်းသတ်ခဲ့ရာ ၄ မိနစ်အကြာတွင် မီးငြိမ်းကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ လူမှုကွန်ရက်တွင် သတင်းထုတ်ပြန်ခဲ့သော်လည်း နောက်ပိုင်းတွင် ထို့ပို့စ်ကို ပြန်လည်ဖြုတ်ချသွားသည်။
မီးလောင်ကျွမ်းသည့်ကားမှာ ရန်ကုန်လိုင်စင် 3S/6687 အဖြူရောင်ဖြစ်ပြီး ရန်ကုန်မြို့ သာဓုကန် စက်မှုဇုန်မှ khaing Khaing Sangda စက်ရုံထုတ်ကားဖြစ်ကြောင်း ကားနံပတ်ပြားအရ သိရသည်။ထုတ်လုပ်မှုပုံစံ ချို့ယွင်းချက်ကြောင့်မဟုတ်ဘဲ ကားပိုင်ရှင်၏ စိတ်တိုင်းကျပြောင်းလဲတပ်ဆင်မှုကြောင့်သာ မီးလောင်ခြင်းဖြစ်သည်ဟု KHAING KHAING SANGDA GROUP ကုမ္ပဏီက ယနေ့ ထုတ်ပြန်ထားသည်။
အခြားအသေးစိတ်အချက်အလက်များကို Myanmar Now က အသေးစိတ်အတည်မပြုနိုင်သော်လည်း မီးလောင်ကျွမ်းစဉ်ရိုက်ကူးထားသော ရုပ်သံမှတ်တမ်းတစ်ခုအရ အနီးနားရှိ သစ်ပင်နှင့် ဓာတ်ကြိုးများကို ပါ မီးဟပ်နေသည်ကို တွေ့ရသည်။
အာဏာသိမ်းစစ်ကောင်စီသည် လျှပ်စစ်ဓာတ်အားပုံမှန်မပေးနိုင်သည့်တိုင် လျှပ်စစ်ကားတင်သွင်းမှုကို ဦးစားပေးခွင့်ပြုရန်မူဝါဒချမှတ်ထားပြီး ဘက်ထရီစွမ်းအင်သုံးကားများကို အကောက်ခွန်ကင်းလွတ် ခွင့်ဖြင့် တင်သွင်းခွင့်ပြုထားသည်။
အမေရိကန်ဒေါ်လာ စီးထွက်မှုမရှိစေရေးအတွက် စစ်ကောင်စီက လူကြိုက်များသည့် လောင်စာဆီသုံးတင် သွင်းမှုကို ပိတ်ပင်ကာ လျှပ်စစ်ကားတင်သွင်းမှုကို ဦးစားပေးထားသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လျှပ်စစ်ကားများတင်သွင်းနေသည်ကို မကြာခဏ ကြွားလုံးထုတ်ပြောဆိုလေ့ရှိသည့်အပြင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်လမ်းကြောင်းမှ လျှပ်စစ်ကား၊ အားသွင်းစက်များ တင်သွင်းနေသည့်အခြေအနေကို စစ်တပ်ထိန်းချုပ်ထားသည့် သတင်းစာများတွင် နေ့စဉ်နီးပါး ဝေဝေဆာဆာဖော်ပြနေသည်။
လျှပ်စစ်ကားတင်သွင်းခြင်း၊ ပြည်တွင်းထုတ်လုပ်ခြင်း၊ အားသွင်းစက်ရုံများတည်ဆောက်ခြင်းတို့အပြင် ရန်ကုန်နှင့် နေပြည်တော်တို့တွင် လျှပ်စစ်ကားတက္ကစီများပြေးဆွဲနိုင်သည်အထိ စီစဉ်နေသည်။
ပိတ်ပင်ကန့်သတ်မှုများကြောင့် ပြည်တွင်းကားဈေးမြင့်တက်ချိန် လျှပ်စစ်ကားကို စိတ်ဝင်စားသော်လည်း မီးမမှန်သလို ဒီဇယ်နှင့် ဓာတ်ဆီစွမ်းအင်သုံး ကားများထက် ဈေးနှစ်ဆမှ သုံဆခန့်ပိုကြီးနေခြင်းကြောင့် လက်တွေ့သုံးဆွဲရန် ခက်ခဲနေကြောင်း ကားလုပ်ငန်းရှင်တစ်ဦးက ယူဆသည်။
ရာသီဥတုပူပြင်းသည့် မြန်မာတွင် အပူလွန်ကဲမီးလောင်မှုအန္တရာယ်ရှိသလို လျှပ်စစ်ဗို့အားမပြည့်ခြင်း၊ မီးမကြာခဏပြတ်တောက်ခြင်း၊ ညအချိန်အားသွင်းလျှင်လည်း ခိုးဆိုးလုနှိုက်ခြင်း စသည့်ပြဿနာများ ရှိနေကြောင်း ၎င်းတို့က ဆိုသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။