စုံစမ်းဖော်ထုတ်ရေးသားမှုဆောင်းပါး

လျှပ်စစ်ကားထုတ်ရာတွင် စစ်တပ်ထိန်းချုပ် မြန်မာ့မြေရှားသတ္တုများ ပါဝင်နိုင် 

လျှပ်စစ်ကားထုတ်လုပ်သည့် ကုမ္ပဏီကြီးများအနေဖြင့် ၎င်းတို့၏ ထုတ်လုပ်ရေးလုပ်ငန်းများကို သေချာစွာစိစစ်ရန်နှင့် ပိုမိုတင်းကျပ်သော စည်းကမ်းများထားရှိရန် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက တောင်းဆိုလျက်ရှိသည်။ 

တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရန် ကြိုးပမ်းအားထုတ်နေချိန်တွင် ဒီဇယ်နှင့် ဓာတ်ဆီအင်ဂျင်တပ်ကားများကို အစားထိုးရန် Tesla ကဲ့သို့ ကားထုတ်လုပ်ရေးကုမ္ပဏီကြီးများက လျှပ်စစ်ကား သန်းချီထုတ်လုပ်ရောင်းချရန် မျှော်လင့်နေသည်။

သို့သော် လျှပ်စစ်ကားအင်ဂျင်များ ထုတ်လုပ်ရာတွင် အသုံးပြုသည့် အဓိကသတ္တုပစ္စည်းတစ်မျိုး ထွက်ရှိရာ နိုင်ငံများတွင် စစ်တပ်က အာဏာသိမ်းယူထားသည့် မြန်မာနိုင်ငံ ပါဝင်နေသည်။

မြေရှားသတ္တုတူးဖော်ထုတ်လုပ်ခြင်းမှ ရရှိသည့်အကျိုးအမြတ်ကြောင့် အာဏာသိမ်းစစ်ကောင်စီက ပို၍အင်အားတောင့်တင်းနေမည်ဖြစ်ရာ ပဋိပက္ခဖြစ်ပွားရာ ဒေသမှထွက်ရှိသည့် ထိုသတ္တုကို တရားဝင်ကြပ်မတ်သင့်ကြောင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက ထောက်ပြသည်။ 

လျှပ်စစ်ကားထုတ်လုပ်ရာတွင် အသုံးပြုသည့် မြေရှားသတ္တု (Rare Earth) မှာ လူ့အခွင့်အရေးချိုးဖောက်မှုများကို ထောက်ခံအားပေးရာရောက်သည့် သတ္တုသိုက်များမှ ဟုတ်မဟုတ် လျှပ်စစ်ကားထုတ်လုပ်သူများက စိစစ်ပေးရန်၊ ထိုသို့ဟုတ်မှန်နေသည်ဆိုပါက စစ်မက်ဖြစ်ပွားရာဒေသမှ ဖြစ်သည်ကို ထုတ်ဖော်ပြောဆိုရန် တက်ကြွလှုပ်ရှားသူများက တွန်းအားပေးနေခြင်းဖြစ်သည်။ 

သတ္တုသိုက်ကြွယ်ဝသည့် အာဖရိကနိုင်ငံတစ်ခုဖြစ်သော ကွန်ဂိုသမ္မတနိုင်ငံမှ စစ်ပွဲများကို တုံ့ပြန်သည့်အနေဖြင့် ရွှေ၊ အဖြိုက်နက်နှင့် သံဖြူစသည့် သတ္တုကုန်ကြမ်းများကို စစ်ဆေးရန် အမေရိကန်နှင့် ဥရောပသမဂ္ဂက ဥပဒေများ ပြဋ္ဌာန်းခဲ့သည်။ 

သို့သော် အထက်ပါ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများတွင် လူတိုင်းလိုချင်သည့် မဟာဗျူဟာအရ အရေးပါသော မြေရှားသတ္တုက အကျုံးမဝင်ဖြစ်နေသည်။ ထိုအချက်ကို ပြင်ဆင်သင့်ပြီဖြစ်ကြောင်း သဘာဝသယံဇာတတူးဖော်မှုများ စောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခုဖြစ်သော လန်ဒန်အခြေစိုက် Global Witness က ဆိုသည်။ 

“မြန်မာနိုင်ငံက မြေရှားသတ္တုတွေဟာ ပဋိပက္ခဖြစ်ပွားရာဒေသက လာတယ်ဆိုတာ သေချာပေါက် လက်ခံထားသင့်တယ်။ ဒီသတ္တုတွေဟာ လက်နက်ကိုင်ပဋိပက္ခကြားမှာ တူးဖော်ကြရတယ်။ လက်နက်ကိုင်အဖွဲ့တွေကပဲ ရောင်းချနေတာပါ” ဟု Global Witness အဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် Clare Hammond က ပြောသည်။ 

“လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ဟာ ဒီသတ္တုတူးဖော်မှုနဲ့ ထုတ်လုပ်ရောင်းချမှုကနေ အကျိုးအမြတ်ရနေပါတယ်” ဟု ၎င်းက ဆက်ပြောသည်။ 

မြန်မာစစ်တပ်၏ အကျိုးစီးပွားများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ထုတ်နေသည့် Justice For Myanmar အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကလည်း “လျှပ်စစ်ကားထုတ်လုပ်သူတွေအနေနဲ့ မြန်မာနိုင်ငံက မည်သည့်မြေရှားသတ္တုကိုမှ အသုံးမပြုမိအောင် အရေးတကြီးလိုက်နာဆောင်ရွက်ရပါမယ်” ဟု ပြောသည်။ 

သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် စစ်ဘက်သုံးပစ္စည်းကိရိယာများ ထုတ်လုပ်ရာတွင် အသုံးပြုသည့် မြေရှားသတ္တုမှာ တရုတ်နှင့် အနောက်နိုင်ငံများအကြား ပထဝီနိုင်ငံရေးအားပြိုင်မှုတွင် အရင်းအမြစ်တစ်ခုဖြစ်လာသည်။ ကမ္ဘာ့မြေရှားသတ္တုဈေးကွက်ကို တရုတ်နိုင်ငံက လွှမ်းမိုးထားပြီး ၎င်း၏ကုန်ကြမ်းထက်ဝက်ခန့်မှာ မြန်မာနိုင်ငံမှ ရရှိခြင်းဖြစ်သည်။ 

ကချင်ပြည်နယ်ရှိ မြေရှားသတ္တုသိုက်အများစုကို မြန်မာစစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့က ထိန်းချုပ်ထားသည်။ 

ကချင်ပြည်နယ် ပန်ဝါဒေသရှိ မြေရှားသတ္တု တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို ၂၀၁၉ ခုနှစ်အတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ – မြစ်ကြီးနားဂျာနယ်) 

ကုန်ကြမ်းပစ္စည်း ပြတ်လပ်ခြင်း

လွန်ခဲ့သည့် ၁၂ လတာအတွင်း တရုတ်နိုင်ငံ၌ မြေရှားသတ္တုထုတ်လုပ်မှု ကျဆင်းခဲ့ရာ အဆမတန်ဈေးတက်ခဲ့သည်။ ထို့ကြောင့် မြေရှားသတ္တုကို ထိန်းချုပ်ထားသည့် မြန်မာစစ်တပ်နှင့် ၎င်း၏ မဟာမိတ်လက်နက်ကိုင်များ ဝင်ငွေပိုမိုရရှိနေမည်ဖြစ်သည်။ 

“ကချင်နယ်ခြားစောင့်တပ်ဖွဲ့က မြေရှားသတ္တုလုပ်ငန်းကနေ အကျိုးအမြတ်ရနေခြင်းဟာ မြန်မာစစ်တပ်ကို နိုင်ငံရေးအရ ထောက်ခံမှုရရှိစေရုံမက မြန်မာပြည်သူလူထုအပေါ် လူ့ခွင့်အရေးချိုးဖောက်မှုဖြစ်စေတဲ့ နယ်မြေစိုးမိုးမှုနဲ့ ဩဇာအာဏာကို ပိုမိုခိုင်မာစေပါတယ်” ဟု Global Witness အဖွဲ့မှ Clare Hammond က ပြောသည်။ 

မြန်မာနိုင်ငံတွင် တွေ့ရှိရသည့် မြေရှားဒြပ်စင်တစ်ခုဖြစ်သော ဒိုင်ပရိုစီယမ်ကို သံလိုက်စက်ကွင်း မဖြစ်စေရန် သံလိုက်ပြုလုပ်ရာတွင် ထည့်သွင်းအသုံးပြုလေ့ရှိသည်။ ထိုသံလိုက်များကို တရုတ်နိုင်ငံက ထုတ်လုပ်သော လျှပ်စစ်ကားများ၏ မော်တာများ၊ လေရဟတ်တာဘိုင်နှင့် အခြားအစိတ်အပိုင်းအများစုတွင် အသုံးပြုသည်။ 

စက်မှုလုပ်ငန်းဆိုင်ရာ အကြံပေးကုမ္ပဏီ Adamas Intelligence က ၎င်း၏ ဖောက်သည်များကို မကြာသေးမီက သတိပေးခဲ့ရာတွင် တရုတ် သို့မဟုတ် ဂျပန်နိုင်ငံတွင် ထုတ်လုပ်သော သံလိုက်ပစ္စည်းများကို အသုံးပြုနေသည်ဆိုပါက ထိုသံလိုက်များတွင် မြန်မာနိုင်ငံမှလာသည့် မြေရှားသတ္တုများပါဝင်ရန် ဖြစ်နိုင်ခြေအလွန်များသည်ဟု ဆိုသည်။

“ဒီလိုဆိုရင် လူကြီးမင်းရဲ့ကုမ္ပဏီဟာ ရည်ရွယ်ချက်မရှိဘဲ သွယ်ဝိုက်သောအားဖြင့် မြန်မာစစ်တပ်ကို ပံ့ပိုးပေးရာရောက်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကိုပါ ထိခိုက်ပြိုလဲစေပါတယ်” ဟု ထိုအကြံပေးကုမ္ပဏီက ဆိုသည်။ 

ပြီးခဲ့သည့် ဇူလိုင်လတွင် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါ ပြန့်နှံ့မှုကြောင့် တရုတ်အာဏာပိုင်များက နယ်စပ်ကိုပိတ်လိုက်ရာ မြန်မာနိုင်ငံမှ မြေရှားသတ္တုတင်ပို့မှု ရပ်ဆိုင်းသွားခဲ့သည်။ တရုတ်က သူ့နိုင်ငံမှ ကုမ္ပဏီများကိုလည်း နိုင်ငံတွင်း၌သာ တူးဖော်စေခဲ့သည်။ 

သို့သော် မြန်မာနိုင်ငံ၏ မြေရှားသတ္တုကြွယ်ဝမှုသည် အဓိက ကမ္ဘာ့ကုန်ကြမ်းအရင်းအမြစ်တစ်ခု ဖြစ်နေရာ အခြားနိုင်ငံတစ်ခုခုဖြင့် အစားထိုးရန် အချိန်တိုတွင်း မဖြစ်နိုင်ပေ။ 

“အဏုမြူဓာတ် (အိုင်ယွန်) ပါဝင်တဲ့ ရွှံ့စေးမြေဟာ တရုတ်နိုင်ငံတောင်ပိုင်း၊ ဗီယက်နမ်မြောက်ပိုင်း၊ မြန်မာနိုင်ငံနဲ့ အနီးဝန်းကျင်ဒေသတွေမှာ ရှိပါတယ်။ ဒါပေမဲ့ မြန်မာကလွဲရင် တရုတ်ကို မြေရှားသတ္တုအမြောက်အမြား ဒါမှမဟုတ် အထိုက်အလျောက်တင်ပို့နိုင်တဲ့ နိုင်ငံမတွေ့မိဘူး” ဟု အမေရိကန်နိုင်ငံမှ မြေရှားသတ္တုကျွမ်းကျင်သူ Steve Constantinides က Myanmar Now ကို ပြောသည်။ 

မကြာသေးမီနှစ်များအတွင်း သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှု မြင့်တက်လာသည့်အတွက် တရုတ်အစိုးရက ပြည်တွင်း၌ မြေရှားသတ္တုထုတ်လုပ်မှုကို ကန့်သတ်ခဲ့ရာ ရလဒ်အနေဖြင့် သတ္တုတူးဖော်သူအများအပြား ထိန်းချုပ်မှုနည်းပါးသည့် မြန်မာနိုင်ငံဘက်သို့ ပြောင်းရွှေ့သွားကြသည်။ 

မြေရှားသတ္တုကို ဩစတြေးလျနှင့် အိန္ဒိယကဲ့သို့သော နိုင်ငံများတွင်လည်း တွေ့ရှိရသော်လည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်မှုများကြောင့် အကန့်အသတ်ရှိနေသည်။ ကနေဒါနိုင်ငံတွင် သတ္တုတွင်းလုပ်ကွက်အသစ်များ ဖွင့်ပေးခဲ့သော်လည်း ထုတ်လုပ်ရေးစတင်ရန် နှစ်နှင့်ချီကာ အချိန်ယူရဦးမည်ဖြစ်သည်။ 

ဂုဏ်သိက္ခာပိုင်း ဆုံးရှုံးနိုင်ခြေ 

အင်ဒိုနီးရှားနိုင်ငံ၌ ပြုလုပ်သည့် နိုင်ငံတကာကားပြပွဲတွင် လျှပ်စစ်ကားအင်ဂျင်ကို ကြည့်ရှုနေသူနှစ်ဦးကို နိုဝင်ဘာ ၁၂ က တွေ့ရစဉ်။ (ဓာတ်ပုံ – EPA/EFE) 

ဂုဏ်သိက္ခာပိုင်းကို ကာကွယ်ရန် စိတ်ပိုင်းဖြတ်ထားသည့် လျှပ်စစ်ကားထုတ်လုပ်သူများအနေဖြင့် မြန်မာနိုင်ငံမှလာသော မြေရှားသတ္တုအသုံးပြုခြင်းကို ရပ်တန့်မည်ဆိုပါက တရုတ်နိုင်ငံတနံတလျားရှိ ရှုပ်ထွေးပွေလီလှသော ကုန်ကြမ်းပစ္စည်းကွင်းဆက်နှင့် နပန်းလုံးရမည်ဖြစ်သည်။ 

“သတ္တုတူးဖော်ထုတ်လုပ်သူအထိ အဖွဲ့ပေါင်းစုံပါဝင်တဲ့ ကုန်ကြမ်းတင်သွင်းမှုဆိုင်ရာ သဘောတူညီမှု ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ လက်တွေ့ဆောင်ရွက်ဖို့တော့ စိန်ခေါ်မှုဖြစ်ပါလိမ့်မယ်။ မိမိတို့ စိတ်ကြိုက်ထုတ်လုပ်လိုတဲ့ စက်မှုလုပ်ငန်းနယ်ပယ်မှာ ဒါမျိုးသဘောကျမယ် မထင်ဘူး” ဟု Adamas Intelligence အမည်ရ အတိုင်ပင်ခံကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ Ryan Castilloux က Myanmar Now ကို ပြောသည်။  

ယေဘုယျအားဖြင့် ထိပ်တန်းကားထုတ်လုပ်ရေးကုမ္ပဏီများက ပဋိပက္ခဆက်နွှယ်သည့် အန္တရာယ်ရှိ ကုန်ကြမ်းပစ္စည်းများနှင့် ပတ်သက်ပြီး မူဝါဒချမှတ်နေကြောင်း စိတ်အားထက်သန်စွာ ပြသလိုကြသည်။ သို့သော် မြန်မာနိုင်ငံမှလာသော မြေရှားသတ္တုအကြောင်းကိုမူ ပြောဆိုရန် တွန့်ဆုတ်သည်။ 

အထင်ကရ ကားထုတ်လုပ်ရေးကုမ္ပဏီ ၆ ခုကို Myanmar Now က မေးခွန်းများပေးပို့ခဲ့ရာတွင် ပြင်သစ်ကားထုတ်ရေးကုမ္ပဏီ Renault၊ Fiat-Chrysler နှင့် Peugeot ကားများထုတ်လုပ်သည့် နယ်သာလန်အခြေစိုက် Stellantis ကုမ္ပဏီတို့က ပြန်လည်ဖြေကြားခြင်း မရှိပေ။ 

Tesla၊ BMW၊ Volkswagen နှင့် Volvo အုပ်စုကမူ ၎င်းတို့အသုံးပြုသော ကုန်ကြမ်းပစ္စည်းများ မည်သည့်နေရာမှ လာသည်ကို စိစစ်ရန် လုပ်ငန်းစဉ်ရှိထားပြီးဖြစ်သည်ဟု ဆိုသည်။ ကုန်ကြမ်းပစ္စည်းတင်သွင်းသူများအနေဖြင့် လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကတိကဝတ်များ အမှန်တကယ်လိုက်နာခြင်း ရှိမရှိ စစ်ဆေးခံရန် သဘောတူရသည်ဟု ထိုကုမ္ပဏီများက ဆိုသည်။

သို့သော် ထိုကုမ္ပဏီလေးခုအနက် မည်သည့်ကုမ္ပဏီမှ ၎င်းတို့၏ ကားထုတ်လုပ်ရေးလုပ်ငန်းတစ်ခုလုံးတွင် မြန်မာနိုင်ငံမှလာသည့် ဒိုင်ပရိုစီယမ်အသုံးပြုခြင်း ရှိမရှိကို ပြောဆိုခြင်း မရှိပေ။ ထို့ပြင် ထိုမြေရှားသတ္တုကို မည်မျှကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းအသုံးပြုနေသည်ကိုလည်း ၎င်းတို့က ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ 

၎င်းတို့ကုမ္ပဏီထုတ် မော်တာတချို့တွင် မြေရှားသတ္တုပါဝင်အသုံးပြုခြင်း မရှိတော့ဟု BMW က Myanmar Now ကို ပြောသည်။ “ကျွန်တော်တို့ကုမ္ပဏီရဲ့ အနာဂတ်ရည်မှန်းချက်က ဖြစ်နိုင်သမျှ မြေရှားသတ္တုအသုံးပြုခြင်းကို ရှောင်ရှားဖို့ပါပဲ” ဟု BMW ဆိုသည်။  

Volkswagen ကုမ္ပဏီကမူ မြေရှားသတ္တုအပါအဝင် အန္တရာယ်ရှိပစ္စည်း ၁၆ မျိုးအပေါ် အထူးအလေးထားအာရုံစိုက်သည်ဟု ဆိုသည်။ “အလွန်ရှုပ်ထွေးတဲ့ ထုတ်လုပ်မှုလုပ်ငန်းစဉ်တွေကြောင့် ကျွန်တော်တို့အသုံးပြုတဲ့ တချို့ကုန်ကြမ်းပစ္စည်းတွေနဲ့ လျှော့ချသုံးစွဲရေးဆောင်ရွက်ချက်တွေက အစောပိုင်းအဆင့်မှာပဲ ရှိသေးတယ်။ ကမ္ဘာနှင့်အဝန်း တချို့ဒေသတွေမှာ ကျွန်တော်တို့လုပ်ငန်းစု ရင်ဆိုင်နေရတာက ခြေရာခံဖို့အရေး စိန်ခေါ်မှုတွေ ရှိနေတာပါ” ဟု Volkswagen က ဆိုသည်။ 

Volvo အုပ်စုကမူ ၎င်းတို့၏ ထုတ်လုပ်ရေးအစိတ်အပိုင်းများတွင် မြန်မာနိုင်ငံမှလာသည့် မြေရှားသတ္တုအသုံးပြုနိုင်ခြေရှိမရှိ အတိအကျမပြောနိုင်သေးဟု ဆိုသည်။

“တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ထုတ်လုပ်ရေးကွန်ရက်တွေအရ ဘယ်နိုင်ငံ၊ ဘယ်ဒေသက ကုန်ကြမ်းပစ္စည်းကို ဖယ်ထုတ်ဖို့ဆိုတာမျိုးက ခက်ခဲပါတယ်။ ဒါပေမဲ့ ဘယ်လိုပုံစံမျိုးနဲ့ဖြစ်စေ ခေတ်သစ် ကျေးကျွန်ပြုတာ၊ အတင်းအဓမ္မခိုင်းစေတာ ဒါမှမဟုတ် တခြားလူ့အခွင့်အရေးနဲ့ဆိုင်တဲ့ အလွဲသုံးစားမှုမျိုးကိုမှ ကျွန်တော်တို့ လိုက်လျောသည်းခံမှာ မဟုတ်ပါဘူး” ဟု ဆိုသည်။ 

Justice For Myanmar အဖွဲ့မှ မရတနာမောင်ကမူ ယခုကိစ္စအပေါ် ကားထုတ်လုပ်ရေးကုမ္ပဏီများ မသိကျိုးကျွန်ပြုနေခြင်းသည် ကောင်းမွန်သည့်လက္ခဏာ မဟုတ်ဟု ဆိုသည်။ 

“စစ်တပ်က ရက်ရက်စက်စက် တရားမဝင်အာဏာသိမ်းထားတာ ၉ လကျော်ရှိပြီဖြစ်တဲ့ ခုချိန်ထိ ကားထုတ်လုပ်ရေးကုမ္ပဏီကြီးတွေက မြေရှားသတ္တုကုန်ကြမ်းပစ္စည်းကွင်းဆက်ဟာ မြန်မာနိုင်ငံက ညှဉ်းပန်းနှိပ်စက်မှုတွေကို တွန်းအားပေးခြင်း ရှိမရှိ အတည်မပြုနိုင်တာဟာ အတော်ကို အံ့ဩတုန်လှုပ်စရာကောင်းတယ်” ဟု ၎င်းက ပြောသည်။

(ဤဆောင်းပါးကို Myanmar Now နှင့် Finance Uncovered အဖွဲ့ ပူးပေါင်းရေးသားသည်။)

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button