သတင်း

ကချင်၊ ပန်ဝါတွင် မြေရှားသတ္တုတွင်းပြိုကျပြီး လူ ၃၀ ခန့် ပျောက်ဆုံးနေ

မြန်မာနှင့် တရုတ်နယ်စပ် ကချင်ပြည်နယ်၊ ပန်ဝါမြို့အနီးတွင် ဇွန် ၁၉ ရက် ညသန်းခေါင်ကျော်အချိန် မြေရှားသတ္တုတွင်းပြိုကျခဲ့သဖြင့် သတ္တုတွင်းအလုပ်သမား ၃၀ ထက်မနည်း မြေပြိုမှုထဲ ပါသွားကာ ပျောက်ဆုံးနေသည်။

မြန်မာနှင့် တရုတ်နယ်စပ် ကချင်ပြည်နယ်၊ ပန်ဝါမြို့အနီးတွင် ဇွန် ၁၉ ရက် ညသန်းခေါင်ကျော်အချိန် မြေရှားသတ္တုတွင်းပြိုကျခဲ့သဖြင့် သတ္တုတွင်းအလုပ်သမား ၃၀ ထက်မနည်း မြေပြိုမှုထဲ ပါသွားကာ ပျောက်ဆုံးနေကြောင်း ပန်ဝါဒေသခံများထံမှ သိရသည်။

ပန်ဝါမြို့မှ ဆိုင်ကယ်ဖြင့် နာရီဝက်ခန့် သွားရသည့် ကချင်ပြည်သူ့စစ်ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်း၏ ပါထိုင်ဟော်ဆိုသော မြေရှားတူးဖော်ရေးလုပ်ကွက်ပြိုကျခြင်းဖြစ်ပြီး ရှာဖွေကူညီရေးများလုပ်နေသည်ဟု သိရကြောင်း အမည်မဖော်လိုသည့် ပန်ဝါမြို့ခံ အမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။

“ဒီမှာက တောင်ပေါ်တွေပဲ။ တောင်မှာက သတ္ထုတွေလုပ်ကြတာလေ။ မိုးက အရမ်းရွာလို့ မြေပြိုတာလေ။ (ယခုမြေပြိုမှု) အယောက် ၃၀ လောက်ရှိတယ်လို့ ကြားတယ်။ အတိအကျတော့မသိရဘူး။ ရှာဖွေရေးက လုပ်နေကြတယ်။ ရှာဖွေရေးက အရမ်းလုပ်ကြရတယ်။ ဟိုတစ်လောက ဖြစ်သွားတဲ့ မြေပြိုမှုမှာလည်း နှစ်ပတ်လောက် ရှာကြတယ်” ဟု ၎င်းက ဆိုသည်။

မိုးတွင်းဖြစ်သော်လည်း ရပ်နားခြင်းမရှိဘဲ နေ့ဆိုင်း၊ ညဆိုင်းခွဲကာ မြေရှားတူးဖော်နေခြင်းကြောင့် ညအချိန်မြေပြိုကျမှုတွင် အလုပ်သမားများ ပါသွားခြင်းဖြစ်နိုင်ကြောင်း သူက ပြောသည်။

ယခုလုပ်ကွက်သည် ပါထိုင်ဟော် ပြည်သူ့စစ်သင်တန်းကျောင်းဘေးတွင် ရှိသော ဦးဇခုန်တိန့်ယိန်းနှင့် သားဖြစ်သူ ဇခုန်ယိန်းဆောင်တို့၏ လုပ်ကွက်များဖြစ်ကာ မြေပြိုပြီးနောက် လုံခြုံရေးတင်းကျပ်ကာ ရှာဖွေကယ်ဆယ်ရေးများလုပ်နေကြောင်း ဒေသအခြေစိုက် Kachin News Group က ယမန်နေ့တွင် သတင်းဖော်ပြခဲ့သည်။

မြေပြိုမှုတွင် ပါသူများနှင့် ရှာဖွေတွေ့ရှိမှုအခြေအနေကို အသေးစိတ်သိရှိနိုင်ရန် ကချင်ပြည်သူ့စစ်အဖွဲ့ တာဝန်ရှိသူများကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း တုံ့ပြန်ဖြေဆိုခြင်းမရှိပေ။

ကမ္ဘာတစ်ဝန်း ခေတ်စားလာသော လျှပ်စစ်ကားထုတ်ရာတွင် အဓိကအသုံးပြုပြီး ဈေးကောင်းရသည့် မြေရှားသတ္ထုကို ပန်ဝါဒေသတွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များ၊ ဒေသကို ထိန်းချုပ်သည့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပေါင်းကာ တရုတ်ကုမ္ပဏီများက ထုတ်လုပ်နေခြင်းဖြစ်သည်။

မြေရှားတူးဖော်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများကြောင့် သဘာဝပတ်ဝန်းကျင်ကို ပျက်စီးပြီး ကျန်းမာရေးဆိုးကျိုးသက်ရောက်မှုရှိနေသလို မြေပြိုကျမှုများကြောင့် အသက်ဆုံးရှုံးမှုများလည်း ဖြစ်နေသည်ဟု ဒေသခံများက ဆိုသည်။

ဇွန် ၄ တွင် ပန်ဝါမြို့နယ်၊ အမှတ် (၃) ရပ်ကွက်ရှိ တရုတ်ကုမ္ပဏီတစ်ခု၏ မြေရှားသတ္တုလုပ်ကွက်တွင် မြေပြိုကျသဖြင့် တရုတ်နှင့် မြန်မာနိုင်ငံသားများအပါအဝင် ၄ ဦး သေဆုံး၊ အယောက် ၂၀ ပျောက်ဆုံးနေကြောင်း မြေရှားတူးဖော်ရေးလုပ်သားတစ်ဦးက ဆိုသည်။

ပန်ဝါပြည်သူ့စစ်အဖွဲ့ ကြီးစိုးထားသည့် ကချင်ပြည်နယ်အရှေ့ပိုင်းတွင် မြေရှားသတ္တုကို အာဏာသိမ်းပြီးနောက်ပိုင်း အရှိန်အဟုန်ဖြင့် တူးဖော်နေခြင်းဖြစ်ပြီး ယမန်နှစ် ၂၀၂၃ ခုနှစ်က မြန်မာ့မြေရှားကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၁.၄ သန်းရှိခဲ့သည်ဟု မေ ၂၃ က ထုတ်ပြန်ထားသည့် လန်ဒန်အခြေစိုက် Global witness အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်နှင့် နယ်မြေချင်းထိစပ်နေသည့် ပန်ဝါ၊ ချီဖွေမြို့တို့တွင် ဥပဒေမဲ့တူးဖော်နေသော လုပ်ငန်းပေါင်း ၃၀၀ ကျော်အထိရှိသည်၊ အာဏာသိမ်းခဲ့သည့် ၂၀၂၁ နှင့် ၂၀၂၃ ကြား ၄၀ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်သည်ဟု ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။

ပန်ဝါဒေသတွင် မြေရှားလုပ်ကွက်များကို ဒေသတွင်းတွင် သြဇာကြီးသည့် စစ်ကောင်စီသစ္စာခံ ပန်ဝါပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ဇခုန်တိန့်ယိန်းက အဓိကဆုံးဖြတ်ချက်ချ ခွင့်ပြုနေခြင်းဖြစ်သည်ဟု ပန်ဝါမြို့ခံများက ဆိုသည်။

ပန်ဝါပြည်သူ့စစ်ထိန်းချုပ်သည့် မြန်မာ-တရုတ် နယ်စပ်ဒေသကို ကချင်အထူးဒေသ (၁) ဟု စစ်အစိုးရက ၁၉၉၀ တွင် သတ်မှတ်ပေးခဲ့ပြီး ထိုစဉ်ကတည်းက စစ်တပ်နှင့် ဇခုန်တိန့်ယိန်း၏တပ်များအကြား မဟာမိတ်ဖွဲ့နိုင်ခဲ့သည်။

ယင်းမတိုင်မီက ဇခုန်တိန့်ယိန်းသည် ၁၉၆၃ မှ ၁၉၆၇ အထိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၌လည်း တပ်မှူးငယ်အဖြစ် တာဝန်ယူခဲ့သည်။ ထို့နောက် ၎င်းတို့သည် ၁၉၆၈ တွင် KIA မှ ခွဲထွက်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) နှင့် ပူးပေါင်းခဲ့သည်။

Show More

Related Articles

Back to top button