ယခု လဆန်းပိုင်းမှစတင်ကာ ကချင်ပြည်နယ် ဖားကန့်၊ ဗန်းမော်နှင့် ရွှေကူမြို့နယ်များအတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA), ကချင်ဒေသ ကာကွယ်ရေးတပ် (KPDF) ပူးပေါင်းတပ်သည် စစ်ကောင်စီတပ်နှင့် ပြင်းထန်သည့်တိုက်ပွဲများ ဆက်ဖြစ်နေသည်ဟု သိရသည်။
စက်တင်ဘာ ၇ ရက်မှစတင်သည့် တိုက်ပွဲများအတွင်း အရပ်သားနှင့် ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO) ၏ ဝန်ထမ်း ၃၀ ကျော်သေဆုံးထားပြီး ရာနှင့်ချီသည့် နေအိမ်များလည်း မီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။ သေဆုံး၊ ပျက်စီးမှုများမှာ စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ဖြစ်သည်ဟု ဒေသတွင်း သတင်းရင်းမြစ်များက ပြောသော်လည်း ထိုပြောဆိုချက်များနှင့် ပတ်သက်ပြီး စစ်ကောင်စီထံမှ တုံ့ပြန်ချက် ရယူဖော်ပြနိုင်ခြင်း မရှိသေးပေ။
ယနေ့ (စက်တင်ဘာ ၁၉) နံနက် ၁ နာရီခန့်တွင် လေတပ်က ဖားကန့်မြို့အနီးရှိဆိုင်းတောင်ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု KIA နှင့် နီးစပ်သူ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“တိုက်ခိုက်ရေး ရဟတ်ယာဉ် နှစ်စီးလာပြီး ဗုံးကြဲသွားတယ်၊ ပြီးတော့ တောက်လျှောက် ချကြတာ။ ဒီမနက်အထိ ချကြတာ၊ လက်နက်ကြီး လက်နက်ငယ်တွေရော။ ဗျူဟာကုန်း (ဖားကန့်မြို့အခြေစိုက် စစ်ကောင်စီစခန်း) ကလည်း လက်နက်ကြီးလှမ်းပစ်တယ်၊ တစ်ညလုံးချကြတာပေါ့“ ဟု အဆိုပါ အမျိုးသားက ပြောသည်။
မွန်းလွဲပိုင်းတွင် ဆိုင်းတောင်ရွာအတွင်း တိုက်ပွဲများပြင်းထန်လာပြီး KIA ပူးပေါင်းတပ်များက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သလို မွန်းလွဲ ၃ ခန့်တွင် လေတပ်က နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။။
ဗုံးကြဲတိုက်ခိုက်မှုကို KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုခဲ့ပြီး ညနက်ချိန်ဖြစ်ကာ တိုက်ပွဲပြန်းထန်နေသောကြောင့် လူထိခိုက် သေဆုံးမှုများကို မသိရသေးကြောင်း ပြောသည်။
ဆိုင်းတောင်ရွာတွင်းရှိ စစ်ကောင်စီတပ်က စီးနင်းထားသည့် Lucky Men ဟိုတယ်မှ အရပ်သားအချို့ စက်တင်ဘာ ၁၇ရက်က ပြန်လည်လွတ်မြောက်လာသည်ဟု သိရသော်လည်း အသေးစိတ်အခြေအနေများကို အတည်ပြုရန် ခက်ခဲနေဆဲဖြစ်သည်။
ဗန်းမော်မြို့အရှေ့ဘက်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည်ဟု KIA သတင်းရင်းမြစ်များက ပြောသည်။
KIA က ဗန်းမော်မြို့အရှေ့ဘက် ၉ မိုင်ခန့်အကွာတွင်ရှိသည့် မိုးမောက်မြို့ရှိ ခြေမြန်တပ်ရင်း ခမရ(၄၃၇)ကို တိုက်ခိုက်ကာ မြို့ကို အပြီးသိမ်းပိုက်လိုက်ပြီးနောက် မြို့ပြန်ရလိုသည့် စစ်ကောင်စီတပ်များက စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။
မန္တလေးမြို့မှ စစ်ကူနှင့် လက်နက်ခဲယမ်းများ တင်ဆောင်လာသည့်ဟု ယူဆရသော စစ်သင်္ဘောများ ရွှေကူမြို့တွင် ကာလကြာ ရပ်နားနေခဲ့ပြီး စက်တင်ဘာ ၁၇ ရက်နေ့တွင် ဗန်းမော်မြို့သို့ ဆက်လက်ဆန်တက်နေသည်ဟု သိရသည်။
စုစုပေါင်း စစ်သင်္ဘောအကြီး၊ အသေး ၈ စင်း ပါဝင်ပြီး ကြားဖြတ်တိုက်ခိုက်ခံရသဖြင့် အများစု ပျက်စီးသွားသည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“ရွှေကူကနေ ဗန်းမော်အထိ လမ်းတစ်လျှောက်လုံးမှာ ကျွန်တော်တို့ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ တိုက်တာ၊ ဗန်းမော်ဘက်ကိုတော့ သင်္ဘောအကြီးတွေနဲ့ သွားနေတဲ့ သံပုံးခွံ အငယ်လေးပေါ့၊ အဲဒါတစ်စီးပဲ ဗန်းမော်ကို ဆိုက်တယ်တဲ့။ ကျန်တာက အကုန်လုံးပျက်စီးသွားတာ” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
မန္တလေးမြို့မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာရာ သပိတ်ကျင်း၊ ထီးချိုင့်၊ ကသာနယ်များတွင် တိုက်ခိုက်ခံရခြင်းဖြစ်သည်။
ကချင်ဒေသ စစ်ရေးဖြစ်ရပ်များကို သတင်းအမှောင်ချထားသည့် စစ်ကောင်စီက ပြီးခဲ့သည့် ရက် ၃၀ အတွင်း ကချင်ဒေသ တိုက်ပွဲသတင်းကို တစ်ကြိမ် ထုတ်ပြန်ခဲ့သည်။ ဖားကန့်မြို့နယ် ငှက်ပျောတောရပ်ကွက်တွင် စစ်တပ်၏လက်နက်ကြီးကျည်ကြောင့် ပြည်သူ ၂ ဦးသေဆုံးသည်ဆိုသော သတင်းမှာ မှားနေကြောင်း၊ လူနေရပ်ကွက်အတွင်းသို့ ပစ်ခတ်မှုမှာ တော်လှန်ရေးအင်အားစု၏ လက်ချက်ဖြစ်ကြောင်း စက်တင်ဘာ ၁၇ ရက်စွဲတပ် သတင်းတွင် ဖော်ပြထားသည်။
ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်း ဇူလိုင် ၁၅ ရက်မှ စတင်ကာ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သလို ဩဂုတ် ၁၄ရက်တွင် ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲပြန်လည်ဖြစ်ပွားနေသည်။
ယခုနှစ် မတ်လဆန်းမှ စတင်သည့် ကချင်ထိုးစစ်အတွင်း ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်အများအပြားတွင် တိုက်ပွဲများ ပြင်းထန်ခဲ့သည်။ စစ်ကောင်စီတပ်၏ ရာနှင့်ချီသည့် တပ်စခန်းပေါင်းများစွာနှင့် ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ မြို့လှ၊ ဆင်ဘိုမြို့၊ မိုးမောက်နှင့် နယ်စပ်ကုန်သွယ်ရေးမြို့ ကန်ပိုက်တည်နှင့် ရှမ်းမြောက်ရှိ မဘိမ်းမြို့တို့ကို KIA က သိမ်းပိုက်ထားသည်။