စီးပွားရေး

ရောင်းရန်ကားသစ်မရှိ၍ ရန်ကုန်ကားအရောင်းပြခန်းများ လုပ်ငန်းရပ်ဆိုင်း

ကားသစ် တင်သွင်းရာတွင် လျှပ်စစ်ကားကိုသာ ခွင့်ပြုထားပြီး ဆီကားကို ၂ နှစ်ကျော်ကြာ ပိတ်ပင်ထားရာ အရောင်းပြခန်း အများအပြား လုပ်ငန်း ရပ်လိုက်ရသည်။

ဒေါ်လာသုံးစွဲမှု ကန့်သတ်ထားသည့် စစ်ကောင်စီက လျှပ်စစ်ကားမှလွဲ၍ အခြားမော်တော်ယာဉ်များကို တင်သွင်းခွင့် ပိတ်ပင်ထားသဖြင့် ရန်ကုန်မြို့ရှိ မော်တော်ကားအရောင်းပြခန်းအများအပြား လုပ်ငန်းရပ်ဆိုင်းသွားရသည်။

ဓာတ်ဆီနှင့် ဒီဇယ်ကဲ့သို့သော လောင်စာဆီစွမ်းအင်သုံး နာမည်ကြီးအမှတ်တံဆိပ်မျိုးစုံ လွတ်လပ်စွာ တင်သွင်းရောင်းချနေကြခြင်းကိုလည်း စစ်ကောင်စီက အာဏာသိမ်းပြီး ရှစ်လအကြာ ၂၀၂၁ အောက်တိုဘာမှစ၍ ပိတ်ပင်ခဲ့သည်။

လုပ်ငန်းသုံးကားနှင့် ခရီးသည်တင်ကား အပါအဝင် အိမ်သုံးကား အဟောင်းနှင့် အသစ်နှစ်ခုလုံးကို လွတ်လပ်စွာ တင်သွင်းခွင့်ပြုခဲ့ခြင်းကို ထိုသို့ ပိတ်ပင်လိုက်သဖြင့် ကားလုပ်ငန်းများ ရပ်ဆိုင်းသွားသည်ဟု မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း (MAMDA) တာဝန်ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။

“ဘယ်တော့များ ပြန်ဖွင့်ပေးမလဲ၊ ဘယ်တော့များ လုပ်ပိုင်ခွင့်ရမလဲ စောင့်နေတဲ့ ကုမ္ပဏီတွေရှိသလို အရင်ကတည်းကလည်း  ပိတ်ပြီးတော့ လုပ်ငန်းပြောင်းတာတို့၊ ရပ်ဆိုင်းတာတို့ရှိတယ်။ အခုမှ ရုတ်ချည်း ထပိတ်တယ်ဆိုတာတော့ မရှိသလောက်ပါပဲ” ဟု ၎င်းက ပြောသည်။

ကားကုမ္ပဏီတချို့က ပြည်ပမှ ကားအစိတ်အပိုင်းများတင်သွင်း၍ ပြည်တွင်း၌ တပ်ဆင်ထုတ်သည့်စနစ် (Semi Knocked Down – SKD စနစ်) ဖြင့် လုပ်ကိုင်နေကြသလို ကုမ္ပဏီတချို့ကလည်း  စစ်ကောင်စီ အကောင်ထည်ဖော်သည့် လျှပ်စစ်ကားတင်သွင်းခြင်းလုပ်ငန်းကို ပြောင်းလဲလုပ်ကိုင်ကြသည်ဟု သိရသည်။

SKD စနစ်သုံးကုမ္ပဏီများ အကန့်အသတ်ဖြင့် မော်တော်ယာဉ် ထုတ်လုပ်ခွင့်ရှိသော်လည်း ကားတင်သွင်းခွင့် ကာလရှည်ကြာ ဆက်ပိတ်ထားပါက ရှိနေသည့် နိုင်ငံတကာကားကုမ္ပဏီများလည်း ရပ်တည်ရန် ခက်ခဲနိုင်သည်ဟု ကားလုပ်ငန်းရှင်အသင်း တာဝန်ရှိသူက ပြောသည်။

အမေရိကန်၊ ဥရောပ၊ ဂျပန်၊ တရုတ်နှင့် နိုင်ငံတကာမှ လောင်စာဆီစွမ်းအင်သုံး ကားအမှတ်တံဆိပ် ၃၀ ခန့်ကို ပြည်တွင်း၌ ဖြန့်ဖြူးရောင်းချနေရာမှ တင်သွင်းခွင့်ပိတ်ထားသဖြင့် ရောင်းရန် ကားမရှိတော့ကြောင်း ရန်ကုန်မြို့မှ အမည်မဖော်လိုသည့် ထိပ်သီးကားလုပ်ငန်းရှင်တစ်ဦးက Myanmar Now ကို ပြောသည်။

“သုံးနှစ်လောက်ကြာတော့ ထွက်တဲ့သူလည်း ထွက်ကုန်ပြီ။ ပြန်ဖွင့်ဖို့လည်း မရှိဘူးလေ။ EV ကားတွေကိုပဲ ပေးသွင်းမယ်ဆိုတဲ့မူဝါဒက ဖြစ်လာတော့ (လောင်စာဆီသုံးအင်ဂျင်ကား) ပြန်ပေးသွင်းဖို့မရှိတဲ့အတွက် စောင့်ရင်းစောင့်ရင်းနဲ့ ကုမ္ပဏီတွေက ထွက်ကုန်တာပေါ့” ဟု ၎င်းက ဆိုသည်။

တင်သွင်းခွင့်ပြရမည့်အချိန်ကို စောင့်ဆိုင်းနေစဉ်မှာပင် ရပ်တည်ရန် ခက်ခဲလာကြောင်း၊ အခက်အခဲထဲတွင် ရောင်းချပြီးသည့်ကားများကို ပြုပြင်ထိန်းသိမ်းပေးမှုမှ ရသည့် ဝန်ဆောင်ခက နည်းနေပြီး အရောင်းပြခန်းငှားရမ်းခက များပြားမှုလည်း ပါဝင်ကြောင်း သိရသည်။

SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်နေသည့် Ford, Suzuki, Toyota ကုမ္ပဏီများကို အကန့်သတ်ဖြင့် ခွင့်ပြုနေသော်လည်း ကားအစီးရေ အနည်းအကျဉ်းသာ ဖြန့်ဖြူးပေးနိုင်သည်ဟု ထိုလုပ်ငန်းရှင်က ဆိုပြီး SKD စနစ်ဖြင့် မထုတ်သည့် Mitsubishi, BMW, Mercedes, Mazda စသည့် ကားကုမ္ပဏီများ အခက်ကြုံနေသည်ဟု ပြောသည်။

လောင်စာဆီသုံး ပြည်တွင်းထုတ်ကားများကို ဝယ်ယူနိုင်သော်လည်း အနည်းအကျဉ်းသာ ခွင့်ပြုထား၍ ကြိုပွိုင့်ဝယ်ယူထားသည့် အရေအတွက်ကိုပင် မရောင်းချနိုင်ဟု သိရသည်။

အမေရိကန်ဒေါ်လာ ၈ သန်းမတည်ကာ Mitsubishi ကားများဖြန့်ဖြူးရောင်းချရန် စီးပွားရေးလုပ်ငန်းရှင် ဦးသိမ်းဝေ၏ ရိုးမအုပ်စုနှင့် ဖက်စပ်လုပ်ကိုင်နေသည့် ဂျပန်နိုင်ငံအခြေစိုက် Mitsubishi ကော်ပိုရေးရှင်းက ရှယ်ယာများအားလုံးကို ရိုးမကုမ္ပဏီသို့ ရောင်းချကာ ကားအရောင်းလုပ်ငန်းကို ရပ်ဆိုင်းသွားပြီဖြစ်ကြောင်း ဝန်ထမ်းဟောင်း အမျိုးသားတစ်ဦးက ပြောသည်။

“တင်သွင်းခွင့်တွေ အကုန်လုံးပိတ်ထားတယ်။ အရင်တုန်းကဆိုရင် တစ်လကို အပ်နိုင်တဲ့အစီးရေသည် ၁၀၀ နဲ့ ၂၀၀ ကြားမှာရှိတယ်။ အခုကတော့ Brand ကြီးတွေ တော်တော်များများက ပျောက်သွားပြီလို့ ပြောလို့ရတယ်။ ၁၀၀ မှ ၈၀ ရာခိုင်နှုန်းပျောက်သွားပြီ။ ကျန်တဲ့ ၂၀ လောက်က အခြားလုပ်ငန်းတွေနဲ့ Corporate လုပ်ပြီးတော့မှ လုပ်နေတာပါ” ဟု Mitsubishi ကားအရောင်းဝန်ထမ်းဟောင်းက ဆိုသည်။

တစ်ပြိုင်တည်းတွင် ကားအရောင်းဝန်ထမ်းအများအပြားလည်း အလုပ်ရပ်နားခံရပြီး ဝင်ငွေမဲ့ဖြစ်လာကြကြောင်း ၎င်းက ဆိုသည်။

Yoma Motor ကုမ္ပဏီသည် ဂျပန်အမှတ်တံဆိပ် Mitsubishi, ဂျာမနီအမှတ်တံဆိပ် Volkswagen နှင့် အီတလီအမှတ်တံဆိပ် Ducati တို့ကို ဖြန့်ဖြူးရောင်းချနေပြီး လက်ရှိ စီးပွားရေးအခြေအနေများကြောင့် မော်တော်ကားလုပ်ငန်းအမျိုးမျိုးကို လုပ်ငန်းတစ်ခုတည်းအောက်တွင် စုစည်းထားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

ထိုပြင် ရန်ကုန်မြို့ ဘုရင်နောင်လမ်းနှင့် မြို့မကျောင်းလမ်းထောင့်ရှိ Mitsubishi အရောင်းပြခန်းကို တောင်ဥက္ကလာပမြို့နယ် Volkswagen အရောင်းပြခန်းနေရာတွင် ပူးပေါင်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတကာအမှတ်တံဆိပ်ကားများကို ပြည်တွင်းနှင့် ပြည်ပ ဖက်စပ်လုပ်ကိုင်သလို ကားကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆိုကာ ပြည်တွင်းလုပ်ငန်းရှင်များက တစ်ဦးတည်း လုပ်ပိုင်ခွင့်ယူ ရောင်းချကြသည်ဟု သိရသည်။

BMW ကားဖြန့်ဖြူးခြင်းကို ခရိုနီ ဦးအိုက်ထွန်း၏ ရွှေတောင်ကုမ္ပဏီက လုပ်ပိုင်ခွင့်ရထားသလို Jaguar Land Rover ကားကို ထိပ်သီးလုပ်ငန်းရှင်ဖြစ်သူ Capital Diamond Star Group ပိုင်ရှင် ဦးကိုကိုကြီးက လုပ်ပိုင်ခွင့်ရထားပြီး ထိုကားရောင်းဝယ်ရေးလုပ်ငန်းများလည်း အခက်တွေ့နေသည်ဟု သိရသည်။

သို့သော် နိုင်ငံရေးအပြောင်းအလဲကြောင့် မူဝါဒပြောင်းလဲလာနိုင်သည်၊ အာဏာသိမ်းဗိုလ်ချုပ်ကြီးများ၏ လျှပ်စစ်ကားဦးစားပေးအစီအစဉ် ကျရှုံးနိုင်၍ လောင်စာဆီသုံးကားများ ပြန်ဖွင့်ပေးမည့်အခြေအနေကို စောင့်ဆိုင်းနေသည်ဟု ကားလုပ်ငန်းရှင်များက ပြောသည်။

နိုင်ငံတကာတွင် လျှပ်စစ်ကား အသုံးတွင်ကျယ်လာသော်လည်း လောင်စာဆီစွမ်းအင်သုံးကားကို ဆက်လက်အသုံးပြုနေဆဲဖြစ်ကြောင်း၊ လျှပ်စစ်မီးလုံလောက်အောင်မပေးနိုင်သေးချိန်တွင် လျှပ်စစ်ကား ဦးစားပေးရေးမူဝါဒ ကျင့်သုံးနေခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့မှ ဝါရင်ကားပွဲစား အမျိုးသားတစ်ဦးက ပြောသည်။

“ကားတင်သွင်းခွင့်က ပိတ်ထားတဲ့အချိန်မှာ မြန်မာပြည်က ကားအဟောင်းတွေပဲ ပတ်လည်ရိုက်နေတယ်။ ကားအဟောင်းမစီးချင်တဲ့သူတွေအတွက် ရွေးချယ်စရာက EV ကားတစ်မျိုးတည်းပဲ ရှိတော့တယ်။ Trend တစ်ခု (ခေတ်ရေစီးတစ်ခု) နောက်ကို လိုက်ရမှာတော့ မှန်ပါတယ်။ ဒါပေမဲ့ မြန်မာမှာ အရမ်းစောနေသေးတယ်” ဟု ၎င်းက ဆိုသည်။

ဓာတ်အားအနည်းငယ်သာ ဖြန့်ဖြူးနိုင်သည့် မြန်မာတွင် လျှပ်စစ်ကားနှင့်ဆိုင်သည့် အခြေခံအဆောက်အအုံမပြည့်စုံသည့်နည်းတူ လျှပ်စစ်ကားပြင်ဆင်ရန် ကားဝပ်ရှော့၊ အပိုပစ္စည်းနှင့် ရောင်းချပြီးဝန်ဆောင်မှုများ ပီပီပြင်ပြင်မရှိသေးဟု ၎င်းက ယူဆသည်။

လောင်စာဆီကားတင်သွင်းမှုအတွက် နှစ်စဉ်ထုတ်ပြန်သည့် ကားထုတ်လုပ်သည့်ခုနှစ်သတ်မှတ်ချက်ကို ပုံမှန်ထုတ်ပြန်နေသော်လည်း စစ်ကောင်စီချမှတ်ထားသည့် ကားမူဝါဒများအတိုင်းသာ ကျင်သုံးမည်ဟု စီးပွားရေးနှင့် ကူသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၂၃ ဒီဇင်ဘာ ၂၁ တွင် ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြသည်။

စစ်ကောင်စီသည် လူကြိုက်များသည့် လောင်စာဆီသုံး မော်တော်ယာဉ်တင်သွင်းမှုကို ပိတ်ပင်ကာ လျှပ်စစ်ကားများကို အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းခွင့်ပြုထားသည်။

လျှပ်စစ်ကားများသည် မြို့နေလူတန်းစားများအတွက်သာ အဆင်ပြေနိုင်၍ ဝယ်လိုအားနည်းနေသည်၊ သို့သော်လည်း ကားအသစ်စီးလိုသူများတွင် အခြားရွေးချယ်စရာနည်းပါးလာနေကြောင်း ကားလုပ်ငန်းရှင်များက ဆိုသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လျှပ်စစ်ကားများတင်သွင်းနေသည်ကို မကြာခဏ ကြွားလုံးထုတ်ပြောဆိုလေ့ရှိသည့်အပြင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်လမ်းကြောင်းမှ လျှပ်စစ်ကား၊ အားသွင်းစက်များ တင်သွင်းနေသည့်အခြေအနေကို စစ်တပ်ထိန်းချုပ်ထားသည့် သတင်းစာများတွင် နေ့စ​ဉ်နီးပါး ဝေဝေဆာဆာဖော်ပြနေသည်။

လျှပ်စစ်ကားတင်သွင်းခြင်း၊ ပြည်တွင်းထုတ်လုပ်ခြင်း၊ အားသွင်းစက်ရုံများတည်ဆောက်ခြင်းတို့အပြင် ရန်ကုန်နှင့် နေပြည်တော်တို့တွင် လျှပ်စစ်ကားတက္ကစီများ ပြေးဆွဲနိုင်သည်အထိ စီစဉ်နေသည်။

ပိတ်ပင်ကန့်သတ်မှုများကြောင့် ပြည်တွင်းကားဈေးမြင့်တက်ချိန် လျှပ်စစ်ကားကို စိတ်ဝင်စားသော်လည်း ဓာတ်အား မမှန်သလို ဒီဇယ်နှင့် ဓာတ်ဆီစွမ်းအင်သုံး ကားများထက် ဈေးနှစ်ဆမှ သုံဆခန့် ပိုကြီးနေခြင်းကြောင့် လက်တွေ့သုံးစွဲရန် ခက်ခဲနေကြောင်း ကားလုပ်ငန်းရှင်များက ယူဆသည်။

Show More

Related Articles

Back to top button