သတင်း

ကျောက်ဖြူနှင့် သံတွဲတွင် တိုက်ပွဲဆက်ဖြစ်၊ ဒေသခံများ တိမ်းရှောင်

မြို့ပြင်ပ ထွက်ခွာခွင့် တင်းကျပ်ထားသည့်ကြားမှ ဒေသခံတို့ မြို့ကို စွန့်ခွာနေကြချိန်တွင် တိုက်ပွဲများက ရခိုင်ပြည်နယ်တောင်ပိုင်း ကျောက်ဖြူနှင့် သံတွဲမြို့တို့တွင် ပေါ်ပေါက်လာသည်။

ရခိုင်ပြည်နယ်တောင်ပိုင်း ကျောက်ဖြူနှင့် သံတွဲမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲများ ဖြစ်နေပြီး ဒေသခံများ တိမ်းရှောင်နေရသည်ဟု စုံစမ်းသိရသည်။

ကျောက်ဖြူမြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်လာခြင်းကြောင့် မြို့ပြင်ပသို့ ထွက်ခွာခွင့် စစ်တပ်က တင်းကျပ်ထားသည့်ကြားမှ ကုန်းလမ်း၊ ရေလမ်းမှတစ်ဆင့် ယခုဧပြီလအတွင်း မြို့ကို စွန့်ခွာနေကြခြင်းဖြစ်သည်။

AA ကလည်း ပြည်နယ်မြို့တော်စစ်တွေနှင့် ကျောက်ဖြူမြို့နေ ပြည်သူများ မြို့ကို စွန့်ခွာကြရန် တိုက်တွန်းထားသည်။

“အဆုံးအဖြတ်တိုက်ပွဲကြီးအတွက် ပြင်ဆင်ရန်” ရှိသဖြင့် လွတ်မြောက်နယ်မြေများတွင် သွားရောက်နေထိုင်ကြရန် ဟူသော AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ တိုက်တွန်းချက် ဧပြီလ ၁၀ ရက်နေ့တွင် ပေါ်ပေါက်လာသည်။

ထိုတိုက်တွန်းချက်အပြီး ကျောက်ဖြူမြို့ ဒေသခံအများစုမှာ AA ထိန်းချုပ်ထားသည့် လွတ်မြောက်နယ်မြေ၊ ဆွေမျိုးများရှိရာ ကျေးရွာများသို့ တဖွဲဖွဲ ထွက်ခွာနေသွားကြခြင်း ဖြစ်သည်။

ဒေသခံတို့ နည်းမျိုးစုံဖြင့် တိမ်းရှောင်နေကြသည်ဟု ကျောက်ဖြူမြို့ လုံခြုံရေးအသိုင်းအဝိုင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

“ကုန်းလမ်း၊ ရေလမ်းကို အသုံးပြုပြီးတော့ ဒေသခံတွေက ထွက်ကြတယ်။ ငလပွေ့ဆိပ်ကမ်းကနေ တခြားကျွန်းတွေ၊ ရွာတွေ၊ နယ်တွေကို သွားကြတယ်။ ကုန်းလမ်းကဆိုရင် ကျောက်တစ်လုံးဂိတ်ကနေ အကြောင်းအမျိုးမျိုးပြပြီး သွားကြတာ ရှိတယ်။ ပိုက်ဆံတတ်နိုင်တဲ့သူကတော့ ရန်ကုန်ကို သွားကြတယ်၊ အများကြီး ထွက်ကြတယ်” ဟု အဆိုပါ သတင်းရင်းမြစ်က ဆိုသည်။

အရေအတွက် အတိအကျ မသိရသော်လည်း မြို့နေလူဦးရေ၏ ထက်ဝက်နီးပါးမှာ ယခုလအတွင်း မြို့ကို စွန့်ခွာသွားပြီဖြစ်ကြောင်း မြို့ခံများက ခန့်မှန်းသည်။

ဒေသခံစျေးသည်တစ်ဦးကမူ တိမ်းရှောင်ရန် အခြေအနေမပေးသေးဟု ပြောသည်။

“ကျောက်ဖြူမှာ လူတစ်သောင်းရှိတယ်ဆိုရင် လူ ၆၀၀၀ လောက်ပဲ ကျန်တော့တာ။ အသိမိတ်ဆွေ တော်တော်များများ မရှိတော့ဘူး။ ကျွန်တော်တို့ကိုတောင် မရွှေ့သေးဘူးလား၊ မပြောင်းသေးဘူးလားနဲ့ လှမ်းလှမ်းမေးနေတာ” ဟု ကျောက်ဖြူမြို့ရပ်ကွက်တစ်ခုတွင် စားသောက်ကုန်ရောင်းသည့် အသက် ၄၀ ကျော်အရွယ် မြို့ခံတစ်ဦးက ပြောသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၁၉ ခုနှစ် စာရင်းများအရ ရပ်ကွက်ပေါင်း ၁၇ ခုရှိသည့် ကျောက်ဖြူမြို့ပေါ်တွင် အိမ်ခြေ ၅၀၀၀ ကျော်နှင့် လူဦးရေ ၂၅၀၀၀ ကျော် နေထိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ တရုတ်အကျိုးစီးပွားများအနက် အရေးပါဆုံးသော ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းသည် ကျောက်ဖြူမြို့နယ်အတွင်း တည်ရှိရာ စစ်တပ်အတွက် စီးပွားရေးအရအရေးပါသည့် မြို့များအနက် ကျောက်ဖြူသည် ထိပ်ဆုံးမှ ပါဝင်နေသည်။

ယခုအခါ လူအများအပြား စွန့်ခွာသွားသည့် ကျောက်ဖြူမြို့တွင် ဘဏ်လုပ်ငန်း၊ ဆေးရုံနှင့် ဈေးများ လည်ပတ်နေသေးသည်။ သို့သော် လူဦးရေလျော့သွားသည့်အတွက် ယခင်လို စည်စည်ကားကားမရှိတော့ကြောင်း မြို့ခံများက ပြောသည်။ ကျောက်ဖြူပြည်သူ့ဆေးရုံတွင်လည်း မေ့ဆေးဆရာဝန်ကဲ့သို့ အရေးပေါ်ကုသမှုတွင် ပါဝင်ရသည့် ဆရာဝန်ကြီးပင် မြို့ကို စွန့်ခွာသွားကြောင်း သိရသည်။

“မြို့မှာ ပုံမှန်သွားလာမှုတော့ ရှိတယ်။ ဒါပေမဲ့ လူက အရင်လို မရှိတော့ဘူး။ မြို့နဲ့မှ မတူတော့တာ။ ရွာလိုပဲ ဖြစ်သွားပြီ။ မြို့ခံ Downtown သမား (မြို့လယ်ပိုင်း နေထိုင်သူ) လောက်ပဲ ကျန်တော့တာ။ ရပ်ကွက်တွေ တော်တော်များများက သွားကြပြီ” ဟု ကျောက်ဖြူမြို့လုံခြုံရေးအသိုင်းအဝိုင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

ကျောက်ဖြူမြို့ရှိ အဓိကကျသော ပြည်သာယာဈေးနှင့် မြို့မဈေးသည် တစ်ပတ်လျှင် ၆ ရက် ပုံမှန်ဖွင့်လှစ်သော်လည်း အသား၊ ငါးနှင့် ကုန်စိမ်းဆိုင်များသာ ဖွင့်ပြီး၊ အဝတ်အထည်၊ ကုန်စုံဆိုင်ကဲ့သို့သော ဆိုင်ခန်းအများစု ပိတ်ထားသည်ဟု သိရသည်။

ကမ္ဘောဇ (KBZ)၊ ဧရာဝတီ (AYA) ကဲ့သို့ ပုဂ္ဂလိကဘဏ်များမှာလည်း တစ်ပတ်လျှင် ငွေငါးသိန်း ထုတ်ယူခွင့်ပြုရာမှ ယခုအခါ ၂ သိန်းမှ ၃ သိန်းအထိသာ ထုတ်ယူခွင့်ပြုထားသည်။

လတ်တလော မြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း ယခုလ ၂၁ ရက်က ကျောက်ဖြူအခြေစိုက် ခမရ ၅၄၂ မှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကြောင့် တရုတ်ရေနက်ဆိပ်ကမ်းစီမံကိန်းအနီးရှိ ဒွေးချကျေးရွာမှ နေအိမ် ၃၀ ခန့် မီးလောင်ပျက်စီးသွားသည်။

ဧပြီ ၂၅ ညနေပိုင်းကလည်း AA တပ်ဖွဲ့ဝင်များ ရှိသည်ဟု ယူဆချက်ဖြင့် ကျောက်ဖြူမြို့ပတ်ပတ်လည်ရှိ ကျွန်းစုများကို လေကြောင်းမှ ပစ်ခတ်မှုများရှိခဲ့ကြောင်း သိရသော်လည်း ထိခိုက်၊ ပျက်စီးမှု အသေးစိတ် မသိရသေးပေ။

ကျောက်ဖြူမြို့သည် စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသေးသည်။ သို့သော် မြို့နှင့် မိုင် ၂၀ ပတ်လည်အကွာတွင် AA တပ်ဖွဲ့ဝင်များက စိုးမိုးထားသည်။ စစ်တက္ကသိုလ်အပတ်စဉ် ၄၀ မှ ဗိုလ်မှူးကြီးထွန်းထွန်းဝင်းက ကျောက်ဖြူမြို့အခြေစိုက် စစ်ဗျူဟာမှူးအဖြစ် တာဝန်ယူထားသည်။

ရေအားလျှပ်စစ်စီမံကိန်းအနီး တိုက်ပွဲဆက်ဖြစ်

ရခိုင်ပြည်နယ်တောင်ပိုင်းရှိ မြို့နယ်တစ်ခုဖြစ်ပြီး ပြည်နယ်၏ ဒုတိယမြို့တော် သံတွဲမြို့နယ်တွင်လည်း တိုက်ပွဲများ ဆက်ဖြစ်နေသည်ဟု သိရသည်။

သံတွဲမြို့နယ်အတွင်းရှိ သူဌေးချောင်းပေါ်တွင် အကောင်အထည်ဖော်လျက်ရှိသည့် သူဌေးရေအားလျှပ်စစ်စီမံကိန်းအနီးတွင် စစ်တပ်နှင့် AA တို့ ယနေ့ (ဧပြီ ၂၆) ရက်တွင် တိုက်ပွဲများ ဆက်ဖြစ်နေခြင်းဖြစ်သည်။

ထိုစီမံကိန်းနယ်မြေရှေ့တွင်ရှိသည့် စစ်တပ်ကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။ အဆိုပါ စီမံကိန်းအတွင်းရှိ ဝန်ထမ်းများကို နေရာရွှေ့ပြောင်းနေရသည်ဟု စစ်ကောင်စီဝါဒဖြန့် လူမှုကွန်ရက်ချန်နယ်များက ရေးသားနေကြသည်။

သံတွဲမြို့ပေါ်မှ အမြောက်များဖြင့် ပစ်ခတ်သံ၊ ရေတပ်က ပစ်ခတ်သံများကို နံနက် ၈ နာရီခန့်မှစပြီး ကြားနေရကြောင်း သံတွဲမြို့ခံများက ယနေ့မွန်းလွဲ ၂ နာရီခန့်တွင် ပြောသည်။

“မြို့ပေါ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်နေတာ၊ ဘယ်ဆီကို ပစ်တယ်လို့တော့ အတိအကျမသိဘူး။ ပစ်ဖို့ကလည်း အဲ့ဒီဘက်ပဲ (တိုက်ပွဲနေရာမှာပဲ) ရှိမှာပဲ၊ ဆက်တိုက်ပစ်နေတယ်” ဟု သံတွဲမြို့ခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

တောင်ကုတ်နှင့် သံတွဲမြို့နယ်ကြား သံတွဲ-တောင်ကုတ်ကားလမ်းပေါ်ရှိ ကျေးရွာများအနီးတွင် ယခုလ ၁၃ ရက်နေ့ကစပြီး တိုက်ပွဲများ ဆက်တိုက် ပေါ်ပေါက်လာသည်။ တိုက်ပွဲဖြစ်ပွားရာအနီး ကျေးရွာများမှ ဒေသခံများ အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေကြရသည်ဟု သံတွဲမြို့ခံ အမျိုးသားနောက်တစ်ဦးက ပြောသည်။

“ရွာတွေကတော့ လူမရှိတော့ဘူး။ တိုက်ပွဲစဖြစ်ပြီဆိုကတည်းက တိမ်းရှောင်ကြရတာပါ။ အခုရက်တစ်ပတ်အတွင်းမှာတော့ ရေအားလျှပ်စစ်စီမံကိန်းကို ဖော်ဆောင်နေတဲ့ ယာဉ်ယန္တရားတွေကိုတောင် နေရာရွှေ့ပြောင်းနေကြတာ တွေ့ရတယ်ဆိုတော့ လူတွေက ဘယ်လိုမှ နေလို့မရတော့ဘူး” ဟု သံတွဲမြို့ခံ အမျိုးသားတစ်ဦးက ဆိုသည်။

AA သည် ၂၀၂၃ နိုဝင်ဘာ ၁၃ တွင် ဒေသတွင်းရှိ စစ်ကောင်စီတပ်များကို စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ပြည်နယ်မြောက်ပိုင်း စစ်စခန်းအများအပြားကို AA က သိမ်းပိုက်ပြီးနောက် တောင်ပိုင်းမြို့နယ်များဖြစ်သည့် ကျောက်ဖြူ၊ အမ်း၊ သံတွဲမြို့နယ်တို့ရှိ စစ်ကောင်စီစခန်းများကို ထိုးစစ်ဆင်နေသည်။

ပြည်နယ်မြောက်ပိုင်းမြို့နယ်များဖြစ်သည့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြေပုံနှင့် ရမ်းဗြဲ ချင်းပြည်နယ် ပလက်ဝမြို့တို့ကို AA က သိမ်းပိုက်ထိန်းချုပ်ထားသည်။

Show More

Related Articles

Back to top button