အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ရေးပြင်းထန်နေသည့် ရခိုင်တွင်  လေတပ်ဗုံးကြဲမှုကြောင့် သေဆုံးမှုများ ရှိနေ

မြို့တော် စစ်တွေနှင့် ကပ်လျက် ပုဏ္ဏားကျွန်းနယ်မြို့နယ် ထိစပ်ရာနယ်မြေများတွင် တိုက်ပွဲများ နေ့စဉ် ဖြစ်နေပြီး စစ်တပ်က စက်တင်ဘာလ ၂၁ ရက်မှ ၂၃ ရက် အထိ ဗုံးများကြဲခဲ့၍ အရပ်သားများ သေဆုံး၊ ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့သည်။

ရခိုင်ပြည်နယ် စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ်တွင် တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားနေပြီး စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့်  သုံးရက်အတွင်း သုံးဦး သေဆုံး၊ သုံးဦး ဒဏ်ရာရသွားကြောင်း ဒေသခံများထံက စုံစမ်းသိရသည်။ 

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ပုဏ္ဏားကျွန်း၊ ပေါက်တော (ဝီရဌာနီ)၊ ဂွ၊ တောင်ကုတ် စသည့် မြို့နယ်တို့ကို စက်တင်ဘာလ ၂၁ ရက်မှ ၂၃ ရက်အတွင်း လေယာဉ်များဖြင့် ဗုံးကြဲခဲ့ခြင်း ဖြစ်သည်။

ထိုဗုံးကြဲမှုများကြောင့်  စက်တင်ဘာလ ၂၁ ရက်တွင်  ပေါက်တောမြို့နယ် တောင်ဖူးကျေးရွာမှ မဝင်းမြတ်အေး(၃၂ နှစ်)၊ စက်တင်ဘာလ ၂၃ ရက်တွင် ပုဏ္ဏားကျွန်းမြို့နယ် ဖက်ကျကျေးရွာမှ ဦးအောင်သန်းမောင် (၇၆ နှစ်)နှင့် ဦးမောင်မြကြည် (၅၇နှစ်) တို့ သေဆုံးခဲ့သည်။

“ဗုံးအလုံး တစ်ဆယ်ကျော်လောက်ကြဲချခဲ့တယ်။ ဗုံးစထိမှန်လို့ သူတို့ သေသွားတာ။ အဲဒီလို ဗုံးတွေ ကြဲနေလို့ လူတွေမနေရဲကြတော့ဘူး။ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်”ဟု ပုဏ္ဏားကျွန်းဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စက်တင်ဘာလ ၂၁ ရက် နံနက် ၁၁ နာရီအချိန်က ဂွမြို့နယ်၊ ဆပ်သွားကျေးရွာကို ဗုံးကြဲသောကြောင့် ရှစ်တန်းကျောင်းသား မောင်ဇွဲထက်အောင် (၁၄ နှစ်)နှင့် ဦးနေလင်းအောင်(၄၄ နှစ်)တို့ ဒဏ်ရာ ရသွား ကြသည်။ တောင်ဖူးရွာ ဗုံးကြဲမှုတွင်လည်း ဒေါ်အေးခင်သိန်း (၄၃ နှစ်)မှာ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။ 

လူသေဆုံး၊ ထိခိုက်မှုများအပြင် စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းဆောင်အချို့ ပျက်စီးခဲ့ပြီး ဗုံးကြဲသံများကို အနီးပတ်ဝန်ကျင်ရွာများကပင် ကြားနေရသောကြောင့် စိုးရိမ်ထိတ်လန့်ခဲ့ရသည်ဟု တောင်ဖူးရွာနှင့်မျက်နှာချင်းဆိုင် တောင်းဖူးမြစ်တစ်ဖက်ကမ်း မြင့်ဂါရွာမှ ဒေသခံ အမျိုးသားတစ်ဦး ကလည်း ပြောသည်။

“အဲဒီနေ့ (စက်တင်ဘာလ ၂၁ ရက်) က တော်တော်လေးဆိုးတယ်။ ဗုံးတော်တော်ကြဲခဲ့တယ် ။ ကျွန်တော်တို့ မအိပ်ရဲလိုက်တော့ဘူး အဲဒီနေ့က။ မနေ့ (စက်တင်ဘာလ ၂၃ ရက်) ကလည်း တောင်ဖူး (ရွာ)နဲ့ ဝီရဌာနီမြို့ (ပေါက်တော)ကို လေယာဥ်ဝဲခဲ့သေးတယ်”ဟု ၎င်းက ဆိုသည်။ 

လက်ရှိတွင်  စစ်တွေ-ပုဏ္ဏားကျွန်း မြို့နယ်နှစ်ခုအစပ် မင်းချောင်းတံတား ( ဒေသခံများအခေါ် အမြင့်ကျွန်းတံတား) အနီး၊ စစ်တွေမြို့နယ် ကျားမသောက်၊ တောကန်ရွာအနီးနှင့် ရွှေမင်းဂံရေတပ် အနီး ပတ်ဝန်းကျင်တို့တွင် နေ့စဥ်တိုက်ပွဲပြင်းထန်လျက်ရှိသည်ဟု အာရက္ခတပ်တော် ( AA) စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။

စစ်တပ်က ပုဏ္ဏားကျွန်းနယ်အတွင်း ဝင်ရောက်ရန် ထိုးစစ်ပြုလုပ်နေသလို AA ကလည်း စစ်တပ် အခြေပြုရာ စစ်တွေနယ်အတွင်း ပြန်လည်ထိုးဖောက်နေရာ နေ့စဉ်တိုက်ပွဲများ ပြင်းထန်နေခြင်း ဖြစ်သည်။

စစ်တပ်က ရခိုင်ဒေသတိုက်ပွဲများကို တရားဝင်ထုတ်ပြန်ခြင်း မရှိသော်လည်း စစ်တပ်ဝါဒဖြန့်သူများ က ယခုလဆန်းမှစတင်၍ ဒရုန်းစစ်ဆင်ရေး ပြုလုပ်နေကြောင်း၊ ယမန်နေ့ကလည်း ပုဏ္ဏားကျွန်း တိုက်ပွဲများ ပြင်းထန်နေကြောင်း ရုပ်သံဖိုင်များ ထုတ်ပြန်နေကြသည်။

ရခိုင်ဒေသအတွင်း တိုက်ပွဲပြင်းထန်နေသောကြောင့် နှစ်ဖက်တပ်များ အထိအခိုက် ရှိသည်ဟု ယူဆရသော်လည်း နှစ်ဖက် လုံးက ထိုအခြေအနေများကို ထုတ်ပြန်ခြင်း မရှိပေ။

စစ်တပ်သည် အရပ်သားများနေထိုင်ရာ မြို့၊ရွာများကို ပစ်မှတ်ထား၍ ဗုံးကြဲတိုက်ခိုက်နေသည်ဟု ပုဏ္ဏားကျွန်းမြို့နယ်မှ လူမှုရေးတက်ကြွလှုပ်ရှားသူအမျိုးသားတစ်ဦးက ပြောသည်။

“ပုဏ္ဏားကျွန်းဘက်ကို ထိုးတဲ့တိုက်ပွဲမှာ သူတို့ (စစ်တပ်) တိုးမပေါက်ဘူး။ အထိအခိုက်တွေလည်း တော်တော်ရှိနေတယ်။ အဲဒါကို မကျေနပ်လို့ ပြည်သူတွေရှိတဲ့နေရာကို ဗုံးကြဲနေတာ “ဟု ၎င်းက ဆိုသည်။ 

AA ဘက်က အမြင့်ကျွန်းတံတားအနီး တိုက်ပွဲတွင် ပခုက္ကူအခြေစိုက် အမှတ် (၁၀၁) တပ်မဌာနချုပ် စစ်သား ငါးဦးခန့်ကို အရှင်ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းအများအပြားကို သိမ်းပိုက်နိုင်ခဲ့သည်။

စစ်တပ်နှင့် AA တပ်များသည် အထက်ပါနယ်မြေများ၌သာမက ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ဧရာဝတီတိုင်း ရေကြည်မြို့နယ်၊ မကွေးတိုင်း မင်းတုန်းမြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားနေသည်။

စစ်တွေ- ပုဏ္ဏားကျွန်းမြို့အစပ်၌ ဖြစ်ပွားနေသောတိုက်ပွဲများအတွင်း သေဆုံးနေသည့် စစ်သားတစ်ဦးကို စက်တင်ဘာလ ၂၁ ရက်က ထုတ်ပြန်ထားစဉ်။ (ဓာတ်ပုံ-AA) 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles