စီးပွားရေး

ပြည်ပကုန်သွယ်မှု ၁၁ ရာခိုင်နှုန်းကျော် ကျဆင်း

၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် ပို့ကုန်နှင့် သွင်းကုန် ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၈ ဘီလျံကျော်ရှိပြီး ယခင်နှစ်ထက် ၁၁ ရာခိုင်နှုန်းကျော် ကျဆင်းသွားသည်။

ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပကုန်သွယ်မှုတန်ဖိုးသည် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၁၁ ရာခိုင်နှုန်းကျော် ကျဆင်းသွားကြောင်း စစ်ကောင်စီလက်အောက်ခံ စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

၂၀၂၃-၂၄ ဘဏ္ဍာနှစ် မတ် ၁၅ ရက်နေ့အထိ ပင်လယ်ရေကြောင်းနှင့် နယ်စပ်လမ်းကြောင်းမှ ပို့ကုန်နှင့် သွင်းကုန် ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၈ ဘီလျံကျော်ရှိကြောင်း၊ ယခင်နှစ် ကာလတူ၌ ၃၂ ဒသမ ၆ ဘီလျံကျော်ရှိရာ ၃ ဒသမ ၆ ဘီလျံကျော် ကျသွားကြောင်း စီပွားကူးသန်းဝန်ကြီးဌာန စာရင်းများတွင် တွေ့ရသည်။

တိုက်ပွဲများကြောင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ဆို့နေသည်၊ ပင်လယ်ရေကြောင်းမှာလည်း ကုန်သွယ်ရေးလိုင်စင်ကန့်သတ်မှု၊ ပို့ကုန်ရငွေအချိုးတစ်ခုကို ကျပ်ငွေဖြင့်လဲယူမှုနှင့် သင်္ဘောလိုင်းများနှင့် ကွန်တိန်နာအခက်အခဲကြောင့် ကုန်သွယ်မှုကျဆင်းခြင်းဖြစ်သည်ဟု ကုန်သည်များက ပြောသည်။

ရန်ကုန်မြစ်တွင်းသွား ကုန်သင်္ဘောတစ်စင်း (ဓာတ်ပုံ – စစ်ကောင်စီပြန်ကြားရေး)

စစ်ကောင်စီစာရင်းအရ ၁၁ ရာနှုန်းသာ ကျဆင်းသော်လည်း အမှန်တကယ်တွင် ထိုပမာဏထက် ပိုကျနိုင်ကြောင်း၊ လယ်ယာထွက်ကုန်များထုတ်လုပ်သည့် တောင်သူလယ်သမားများအထိ ရိုက်ခတ်နိုင်ကြောင်း မန္တလေးမှ အမည်မဖော်လိုသူ ကုန်သည်တစ်ဦးက Myanmar Now ပြောသည်။

“တောင်သူအထိ အခက်အခဲဖြစ်တယ်။ အခုဆိုရင် ပဲဈေးတွေကျတယ်။ သစ်သီးဝလံဈေးတွေကျတော့ အကုန်လုံးက ဒုက္ခရောက်တာပေါ့။ အကျိုးဆက်က အများကြီးပဲ။ ကုန်သည်တွေ၊ ကုန်ထမ်းသမားတွေ အကုန်ဒုက္ခရောက်ဖို့များတယ်” ဟု ၎င်းက ဆိုသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံခြားဝင်ငွေရှားလာသဖြင့် ပြည်ပမှ တင်သွင်းသည့် သွင်းကုန်များကို ကန့်သတ်ပိတ်ပင်ထားကာ မဖြစ်မနေတင်သွင်းနေရသည့် စက်သုံးဆီ၊ စားသုံးဆီနှင့် ဆေးဝါးများကိုပင် လုံလောက်အောင်တင်သွင်းနိုင်ခြင်းမရှိတော့ပေ။

ထို့အတူ နိုင်ငံခြားငွေရှားပါးလာသည်ဖြစ်ရာ ဝင်ငွေရလမ်းအတွက် ပို့ကုန်တင်ပို့မှုမှရရှိသည့် ဒေါ်လာကို စစ်ကောင်စီဗဟိုဘဏ်က အောက်ဈေးဖြင့် ကျပ်ငွေ မဖြစ်မနေလဲယူခြင်းကြောင့် တွက်ခြေမကိုက်သလို ပို့ကုန်တင်ပို့နိုင်စွမ်းလည်း ကျဆင်းသွားသည်ဟု သိရသည်။

ရေကြောင်းမှတင်ပို့ရန် ကုန်သေတ္တာရှားပါးမှုနှင့် ရင်ဆိုင်နေရကြောင်း မန္တလေးမှ ကုန်သည်က ဆိုသည်။

“သင်္ဘောလိုင်းတွေဘက်က မြန်မာကို ဘေးအန္တရာယ်ရှိတဲ့နိုင်ငံဆိုတဲ့သတ်မှတ်ချက် ရှိတယ်။ ပိုဆိုးတာက သွင်းကုန်ပါမစ်တွေကန့်သတ်တော့ ကုန်သေတ္တာတွေ မဝင်တော့ဘူး။ အဝင်မရှိတော့ အထွက်ခက်တာပေါ့။ အချို့ဆိုရင် အိန္ဒိယတင်တဲ့ပဲတွေ မတင်နိုင်တော့ဘူး။ ဈေးကျသွားတယ်” ဟု သူက ဆက်ပြောသည်။

သွင်းကုန်များရှားပါးလာသလို ဒေါ်လာဈေးကြောင့် ကုန်ဈေးနှုန်းကြီးမြင့်လာ၍ ဝယ်ယူသုံးစွဲမှုလည်း ကျဆင်းသွားကြောင်း အခြားစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“ဝင်ငွေတွေက တက်မလာဘူး။ ကုန်ဈေးနှုန်းတွေ တက်တဲ့အခါမှာ အခြားဈေးသက်သာတဲ့ဟာတွေကို သုံးစွဲလိုက်တဲ့သဘောပေါ့” ဟု သူက ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပကုန်သွယ်မှုသုံးပုံနှစ်ပုံကို ပင်လယ်ရေကြောင်းမှကုန်သွယ်ပြီး ကျန်တစ်ပုံကို နယ်စပ်ဂိတ်များမှ ကုန်သွယ်နေသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲပြင်းထန်နေသည့် အတွက် ကုန်သွယ်မှုပမာဏ အများဆုံးဖြစ်သော တရုတ်နှင့် ထိုင်းအပါအဝင် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအို စသည့်နိုင်ငံများနှင့်လည်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်နေသည်။

မြန်မာနှင့် ထိုင်းနယ်စပ်ကို ကရင်တော်လှန်ရေးအင်အားစု ထိန်းချုပ်လိုက်ပါက စစ်တပ်အတွက် ပင်လယ်ရေကြောင်းထွက်ပေါက်သာ ကျန်တော့မည်ဖြစ်သည်။ သို့သော် ရေကြောင်းကုန်သွယ်မှုမှာလည်း အခက်အခဲများရှိနေသည်။

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများပြတ်တောက်သွားခြင်း၊ နိုင်ငံခြားသုံးငွေအကျပ်အတည်းနှင့် ပြည်တွင်းထုတ်လုပ်မှုကို ဦးစားပေးရန် ပြည်ပသွင်းကုန်များကို ကန့်သတ်ထိန်းကြောင်းရခြင်းကြောင့် ကုန်သွယ်မှုပမာဏကျဆင်းသွားကြောင်း စစ်ကောင်စီ စီးပွားကူးသန်းဝန်ကြီးဌာနမှ အမည်မဖော်လိုသူ အရာရှိကြီးတစ်ဦးက Myanmar Now ကို ပြောသည်။

“တင်သွင်းမှုမှာလည်း သွင်းကုန်တချို့ကို အကန့်အသတ်တွေနဲ့ လျှော့ချပြီးခွင့်ပြုရတဲ့အနေအထားမျိုး ရှိတယ်။ တစ်ဖက်မှာ တင်ပို့မှုမှာ ကုန်သွယ်မှုလမ်းကြောင်းအခြေအနေ အကန့်အသတ်လေးတွေကြောင့် တင်ပို့မှုလျော့နည်းတယ်” ဟု သူက ဆိုသည်။

တရုတ်နှင့် အဓိကကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မူဆယ်နယ်စပ်နှင့် အခြားနယ်စပ်ဂိတ်များမှာ တိုက်ပွဲများကြောင့် အလုပ်မဖြစ်တော့ဘဲ ကုန်သွယ်ရာတွင် အကန့်အသတ်ရှိကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီလက်ထက်တွင် ကုန်သွယ်ရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေးကျဆင်းလာသော်လည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူ စစ်အာဏာသိမ်း ၃ နှစ်အတွင်း စီပွားရေးဦးမော့လာကြောင်း မတ် ၁၈ ရုရှားသတင်းဌာန ITAR-TASS သတင်းဌာနနှင့် အင်တာဗျူးတွင် ဖြေဆိုခဲ့သည်။

“အားသွန်ခွန်စိုက်ကြိုးစားခဲ့တဲ့အတွက် ကျွန်တော်တို့ စီးပွားရေး နာလန်ထူတာလည်းရှိပါတယ်။ ဒီအတွက်လည်း ကျွန်တော်တို့ ရုန်းကန်ခဲ့ရတာရှိပါတယ်” ဟု သူက ဆိုသည်။

Show More

Related Articles

Back to top button