
မြန်မာစစ်တပ်ကို အထောက်အပံ့ဖြစ်သော လုပ်ငန်းများအား ရပ်ဆိုင်းရေး စဉ်းစားရန် နိုင်ငံတကာကုမ္ပဏီများကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထိုနီဘလင်ကန်က ယမန်နေ့ မတ် ၃၀ ရက်နေ့တွင် တိုက်တွန်းလိုက်သည်ဟု Reuters သတင်းတစ်ပုဒ်တွင် ရေးသားထားသည်။
မြန်မာစစ်တပ်၏ အကြမ်းဖက်မှုသည် ပြစ်တင်ရှုတ်ချထိုက်ပြီး ကြောက်မက်ဖွယ်အကြမ်းဖက်မှုနှင့် စိုးရိမ်ဖွယ်အခြေအနေ မြင့်တက်လာကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်များကို ပြောသည်။
“သူတို့(နိုင်ငံတကာကုမ္ပဏီတွေ)အနေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပြန်ကြည့်သင့်တယ်။ စစ်တပ် ဆက်လက်တည်တံ့ဖို့ ဘဏ္ဍာရေးဆိုင်ရာအကူအညီလိုအပ်ပြီး ပြည်သူတွေရဲ့ဆန္ဒနဲ့ ဆန့်ကျင်တဲ့ ဒီအကူအညီတွေကို ငြင်းပယ်ခြင်း နည်းလမ်းတွေအဖြစ် ပြန်လည်စဉ်းစားသင့်တယ်” ဟု အန်ထိုနီဘလင်ကန်က ပြောသည်။
အခြားနိုင်ငံများနှင့် ကမ္ဘာတစ်လွှားကုမ္ပဏီများသည် မြန်မာစစ်တပ်ကို အထောက်အပံ့ဖြစ်သည့် လုပ်ငန်းများတွင် ထင်ရှားသောရင်းနှီးမြှုပ်နှံများကို ရပ်ဆိုင်းသင့်ကြောင်း ၎င်းက တိုက်တွန်းသည်။
ပြီးခဲ့သည့် သီတင်းပတ်တွင် အမေရိကန်သည် မြန်မာစစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းကြီး နှစ်ခုဖြစ်သော MEC နှင့် ဦးပိုင်တို့ကို အမည်ပျက်စာရင်းသွင်းကာ အရေးယူဒဏ်ခတ်ခဲ့သည်။
သို့သော် အမေရိကန်၏ ဒေသတွင်းမဟာမိတ်များဖြစ်သည့် ဂျပန်နှင့် တောင်ကိုရီးယားတို့မှ ကုမ္ပဏီများအပါအဝင် ကုမ္ပဏီများက စစ်တပ်ပိုင်ကုမ္ပဏီများနှင့် စီးပွားရေးဆိုင်ရာ ပတ်သက်ဆက်နွှယ်မှုများရှိနေဆဲဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူအဖွဲ့များက ဆိုသည်။
ထို့အပြင် အာဏာသိမ်းစစ်ကောင်စီထိန်းချုပ်မှုဖြင့် မြန်မာနိုင်ငံတွင် လုပ်ငန်းလည်ပတ်နေသော အမေရိကန်အခြေစိုက် Chevron ကဲ့သို့ နိုင်ငံတကာစွမ်းအင်ဆိုင်ရာအဖွဲ့များသည် သဘာဝဓာတ်ငွေ့စီမံကိန်းများမှ ရရှိသော အကျိုးအမြတ်အခွန်များ မပေးဆောင်ရန် တက်ကြွလှုပ်ရှားသူများက တောင်းဆိုထားသည်။
မတ်လ ၂၉ ရက်နေ့ကလည်း အမေရိကန်ပြည်ထောင်စု ကုန်သွယ်မှုကိုယ်စားလှယ်သံအမတ် ကက်သရင်းတိုင်က မြန်မာပြည်ဆိုင်ရာ ကုန်သွယ်မှုနှင့် ပတ်သက်ပြီး ကြေညာခဲ့သည်။
အမေရိကန်နိုင်ငံက မြန်မာနိုင်ငံနှင့် ပြုလုပ်ထားသော ၂၀၁၃ ခုနှစ် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု မူဘောင်သဘောတူညီချက် (TIFA) များကို ဆိုင်းငံ့လိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါဆိုင်းငံ့မှုသည် ဒီမိုကရေစီနည်းကျရွေးကောက်ခံအစိုးရတက်လာချိန်အထိ သက်ရောက်မည်ဖြစ်သည်ဟုလည်း သံအမတ်ကဆိုသည်။
ဤအတောအတွင်း အာဏာသိမ်းစစ်ကောင်စီသည် ၎င်းတို့ကို ကန့်ကွက်ဆန့်ကျင်မှုများနှင့် ပတ်သက်ပြီး သည်းခံခြင်းမရှိဘဲ အကြမ်းဖက်သတ်ဖြတ်သည့်နည်းလမ်းဖြင့် ဖြေရှင်းလျက်ရှိသည်။
အာဏာသိမ်းပြီး ၂ လအတွင်း အရပ်သား ၅၀၀ ထက်မနည်းကို သတ်ဖြတ်ခဲ့သည်။
မတ်လ ၂၇ ရက်နေ့တွင် ပစ်ခတ်မှုများကြောင့် အရပ်သား ၁၀၀ ကျော် သေဆုံးခဲ့ပြီး ထိုအထဲတွင် အသက်မပြည့်သေးသူ ၁၂ ဦး ပါဝင်သည်။