
မြန်မာစစ်တပ်နှင့် တရုတ်ထုတ်ကုန်များ မသုံးစွဲရန် သပိတ်မှောက်နေချိန်တွင် အခြားရွေးချယ်စရာဖြစ်သည့် အိမ်နီးချင်းထိုင်းနိုင်ငံမှ စားသောက်ကုန်များတင်သွင်းခွင့်ကို စစ်ကောင်စီက ကန့်သတ်ပိတ်ပင်လိုက်သည်။
မေ ၁ မှစ၍ ထိုင်း-မြန်မာနယ်စပ် မြဝတီကုန်သွယ်ရေးဇုန်မှ တင်သွင်းလျက်ရှိသည့် ကုန်စည်များအနက် ပထမအဆင့်အနေဖြင့် အချိုရည်မျိုးစုံ၊ ကော်ဖီမစ်နှင့် တီးမစ်၊ Instant Coffee၊ နို့ဆီနှင့် နို့စိမ်းတင်သွင်းမှုကို ယာယီပိတ်ပင်လိုက်ပြီး ပင်လယ်ရေကြောင်းမှသာ ခွင့်ပြုတော့မည်ဟု စစ်ကောင်စီ၏ ကုန်သွယ်ရေးဦးစီးဌာနက ညွှန်ကြားထားသည်။
မြဝတီအခြေစိုက်ကုန်သည်များထံ အကြောင်းကြားစာရောက်ရှိလာသည်ကို အတည်ပြုသော်လည်း နိုင်ငံရေးအခြေအနေကြောင့် မှတ်ချက်တစ်စုံတစ်ရာ မပေးလိုကြောင်း မြဝတီနယ်စပ်ကုန်သွယ်ရေးအသင်း ဗဟိုအလုပ်အမှုဆောင်တစ်ဦးက Myanmar Now ကို ပြောသည်။
“(ညွှန်ကြားချက်) ရောက်လာပြီ။ တစ်မြို့လုံးသိသွားပြီ။ (သက်ရောက်မှု) မပြောတတ်ဘူး။ ကိုယ့်စီးပွားရေးတောင် မနည်းလုံးပန်းနေရတယ်။ ဒါကတော့ ဖြေလို့မရသေးဘူး။ အခုချိန်က ဘာမှန်းမသိသေးဘူး” ဟု ၎င်းက ဆိုသည်။
မြဝတီကုန်သွယ်ရေးဇုန်သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးကုန်သွယ်ရေးစခန်းဖြစ်ပြီး နယ်စပ်မှ တင်သွင်းခွင့်ပြုသည့် ထုတ်ကုန်များကို ပင်လယ်ရေကြောင်းမှ ခွင့်ပြုမည်ဆိုပါက သယ်ယူပို့ဆောင်ရေးစရိတ် ပိုမိုကုန်ကျပြီး ထုတ်ကုန်များဈေးကြီးကာ ဈေးကွက်အတွင်း ယှဉ်ပြိုင်နိုင်စွမ်းကျလာနိုင်ကြောင်း ကုန်သည်အချို့က သုံးသပ်ကြသည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းလိုအပ်ချက်အတွက် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများအပါအဝင် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများအထိ တရုတ်နှင့် ထိုင်းနိုင်ငံထုတ်ကုန်ကို မှီခိုနေရပြီး လူထု၏ သပိတ်မှောက်စာရင်းတွင် မပါဝင်သေးသည့် ထိုင်းဘက်မှ ထုတ်ကုန်များကို စစ်ကောင်စီက ကန့်သတ်ပိတ်ပင်ခြင်းဖြစ်သည်။
စစ်အာဏာသိမ်းမှုနောက်ဆက်တွဲဖြစ်ပွားသည့် နိုင်ငံရေးနှင့် စီးပွားရေးမတည်ငြိမ်မှုကြောင့် ကုန်သွယ်ရေးနှင့် ကုန်ထုတ်လုပ်ငန်းများရပ်ဆိုင်းပြီး ဈေးကွက်အတွင်း ကော်ဖီမစ်နှင့် စားသောက်ကုန်အချို့ ရှားပါးမှုရှိလာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
အခြားတစ်ဖက်တွင် သွင်းကုန်များအဓိကတင်သွင်းသည့် တရုတ်နိုင်ငံသည် အာဏာသိမ်းစစ်အစိုးရကို ထောက်ခံအားပေးနေသည်ဟုဆိုကာ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်သူများက တရုတ်ထုတ်ကုန်များကို မသုံးစွဲရန် နှိုးဆော်လျက်ရှိသည်။
ထိုနည်းတူ စစ်တပ်ထုတ်ကုန်များဖြစ်သည့် ဆက်သွယ်ရေးဆင်းကတ်၊ စက်သုံးဆီ၊ ဘီယာ၊ ဆေးလိပ်နှင့် အခြားထုတ်ကုန်အမျိုးမျိုးကို မသုံးစွဲရန် မြန်မာလူထုက သပိတ်မှောက်လျက်ရှိသည်။
ထို့ပြင် စစ်အာဏာသိမ်းမှုကြောင့် ပြည်ပကုန်သွယ်မှုလုပ်ငန်းများရပ်ဆိုင်းလျက်ရှိရာ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုတန်ဖိုးမှာလည်း အမေရိကန်ဒေါ်လာ ဘီလျံနှင့်ချီ ကျဆင်းလျက်ရှိသည်။ ယခု ၂၀၂၀-၂၁ ဘဏ္ဍာနှစ် ဧပြီ ၂ အထိ ပို့ကုန်နှင့် သွင်းကုန် စုစုပေါင်းကုန်သွယ်မှုတန်ဖိုးမှာ ယခင်နှစ်နှင့် ယှဉ်ပါက ၄ ဒသမ ၅ ဘီလျံကျော် ကျဆင်းသွားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကုန်သွယ်မှုစာရင်းများတွင် ဖော်ပြသည်။
မြန်မာနိုင်ငံအနေဖြင့် ပြီးခဲ့သည့် ၂၀၁၉- ၂၀ ဘဏ္ဍာနှစ်က အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၃ ဘီလျံကျော် ကုန်သွယ်နိုင်ပြီး ယခုဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၇ ဘီလျံကျော်သာ ကုန်သွယ်နိုင်သဖြင့် ကုန်သွယ်မှုပမာဏ ၄ ဒသမ ၅ ဘီလျံကျော် ကျဆင်းခဲ့ခြင်းဖြစ်သည်။
လယ်ယာထွက်ကုန်မှလွဲ၍ ပို့ကုန်များဖြစ်သည့် တိရစ္ဆာန်ထွက်၊ ရေထွက်၊ သတ္တုတွင်းထွက်၊ သစ်တောထွက်၊ စက်မှုကုန်ချောနှင့် အခြားထွက်ကုန်များအားလုံး တင်ပို့မှုကျဆင်းနေပြီး သွင်းကုန်တွင် ရင်းနှီးမြှုပ်နှံမှုပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်း၊ လူသုံးကုန်ပစ္စည်းတင်သွင်းမှုများမှာ ဘက်ပေါင်းစုံမှ ကျဆင်းသွားသည်။