ဆောင်းပါးနိုင်ငံရေး

စစ်တပ်ကြီးစိုးမှု ပိုမို ထင်ရှားလာသော ရွေးကောက်ပွဲအလွန် ထိုင်းနိုင်ငံရေး 

ထိုင်းနှင့် မြန်မာပြည်သူများသည် မတူညီသော နိုင်ငံရေးနောက်ခံသမိုင်းအသီးသီးကို ဖြတ်သန်းနေကြရသော အိမ်နီးချင်းများဖြစ်သော်လည်း တူညီသော နိုင်ငံရေးကံကြမ္မာများလည်း ရှိနေကြသည်။

တူညီသော နိုင်ငံရေးကံကြမ္မာများမှာ စစ်အာဏာသိမ်းခြင်း၊ လူထုထောက်ခံမှုရှိသော နိုင်ငံရေးပါတီများ ဖျက်သိမ်းခံရခြင်း၊ အခြေခံဥပဒေများကို စစ်တပ်စိတ်တိုင်းကျ ရေးဆွဲထားခြင်း၊ တိုင်းပြည်၏ ဥပဒေပြုရေးမဏ္ဍိုင်ကို စစ်တပ်က တိုက်ရိုက်ထိန်းချုပ်ခြင်း၊ အာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးများက အရပ်သားအသွင်ပြောင်းလဲပြီး အာဏာကို ရေရှည်ချုပ်ကိုင်ရန် ကြိုးစားခြင်းတို့ ဖြစ်သည်။

ထို့အတူ စစ်တပ်၏ နိုင်ငံရေးကို ချုပ်ကိုင်ခြယ်လှယ်မှုအောက်မှ ရုန်းထွက်ပြီး၊ စစ်မှန်သော ဒီမိုကရေစီနိုင်ငံရေးစနစ်ပေါ်ထွန်းရေး၊ နိုင်ငံသားများ၏ လူမှုလွတ်လပ်ခွင့်ကို အကာအကွယ်ပေးသောအစိုးရ ပေါ်ပေါက်စေလိုသည့် မျိုးဆက်သစ် လူငယ်ထု (Generation Z) များ၏ ရုန်းကန်လှုပ်ရှားမှုများကလည်း ဆင်တူလှသည်။

သို့သော် မြန်မာနိုင်ငံက မျိုးဆက်သစ် လူငယ်ထု၏ ရုန်းကန်လှုပ်ရှားမှုများက မြန်မာစစ်တပ်၏ ပြည်သူအပေါ် လူမဆန်စွာ ရက်ရက်စက်စက် သတ်ဖြတ်ဖိနှိပ်မှုကြောင့် ကြမ်းတမ်း ခက်ထန်လှသည်။ ထိုင်းစစ်တပ်နှင့် စစ်ခေါင်းဆောင်များက သူ့ပြည်သူအပေါ် ထိုမျှ မပြုကျင့်ကြပေ။

ထိုအချက်က ထိုင်းလူ့အဖွဲ့အစည်း၊ ထိုင်းနိုင်ငံ၏ အနာဂတ်ကို အဆုံးအဖြတ်ပေးမည့် လူငယ်ထုတို့၏ အနာဂတ်အတွက် ကုသိုလ်ကံကောင်းခြင်းပေတည်း။

ရွေးကောက်ပွဲအလွန် ထိုင်းနိုင်ငံရေးသည် တိုင်းပြည်၏ အနာဂတ်ကို အဆုံးအဖြတ်ပေးမည့် အရေးကြီးဆုံးအခြေအနေကို ရောက်ရှိနေပြီး၊ ထိုင်းနိုင်ငံရေးအပြောင်းအလဲများက အိမ်နီးချင်း မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းအပေါ် အတိုင်းအတာတစ်ခုထိ သက်ရောက်နိုင်ပါသည်။

ထို့ကြောင့် ဤဆောင်းပါးတွင် မေလ ၁၄ ရက်နေ့ ရွေးကောက်ပွဲရလဒ်ကို ဖြစ်ပေါ်စေခဲ့သော ထိုင်းနိုင်ငံ၏ စစ်တပ်နှင့် အရပ်သား ဒီမိုကရက်နိုင်ငံရေးပါတီများအကြား ကာလရှည်ကြာတိုက်ပွဲကို နားလည်နိုင်ရန် စုစည်းသုံးသပ် တင်ပြသွားပါမည်။

နောက်ဆုံးအာဏာသိမ်းပွဲနှင့် နိုင်ငံရေးကစားပွဲ စည်းမျဉ်းပြင်ခဲ့သော ထိုင်းစစ်တပ်

၂၀၁၄  ‌မေ ၂၂ တွင် ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချပြီး ထိုင်းစစ်တပ်က ၁၂ ကြိမ်မြောက် အာဏာသိမ်းမှု ထိုင်းနိုင်ငံတွင် ဖြစ်ပွားခဲ့သည်။ ၂၀၀၆ စစ်အာဏာသိမ်းမှုအပြီး ၈ နှစ်အကြာတွင် ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ စိတ်ဝင်စားစရာကောင်းသည်မှာ အာဏာသိမ်းမှု နှစ်ကြိမ်စလုံးတွင် ပါတီတစ်ခုတည်းကို ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

၂၀၀၆ ခုနှစ် အာဏာသိမ်းစစ်တပ်က ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်အစိုးရကို ဖြုတ်ချခဲ့ပြီး၊ ၂၀၁၄ ခုနှစ် အာဏာသိမ်းစစ်တပ်က ၎င်း၏ နှမ ရင်းလတ်ရှင်နာဝပ်အစိုးရကို ဖြုတ်ချခဲ့သည်။

အာဏာသိမ်းပြီးတိုင်း အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီးများက တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပြီး၊ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ခုကို ရေးဆွဲပြဋ္ဌာန်းကြတတ်သည်။ ထိုင်းစစ်တပ်က နောက်ဆုံးအာဏာသိမ်းပြီး ၃ နှစ်အကြာတွင် အခြေခံဥပဒေသစ်ကို ပြဋ္ဌာန်းရာ စစ်တပ်ကြီးစိုး ထိန်းချုပ်မှုအများဆုံး၊ ဒီမိုကရေစီမဆန်ဆုံး ထိုင်းနိုင်ငံ၏ အကြိမ် ၂၀ မြောက် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်လာခဲ့သည်။

၂၀၁၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အမတ်နေရာ ၂၅၀ ပါဝင်သော အထက်လွှတ်တော်တစ်ခုလုံးကို စစ်တပ်က တိုက်ရိုက်ခန့်အပ်သော ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းပြီး၊ အမတ်နေရာ ၅၀၀ ပါဝင်သော အောက်လွှတ်တော်ကို ရွေးကောက်ခံရသော ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသည်။

ထို့ကြောင့် ၄ နှစ်တစ်ကြိမ် ကျင်းပသော ထိုင်းနိုင်ငံ၏ ရွေးကောက်ပွဲစနစ်သည် အောက်လွှတ်တော်ရွေးကောက်ပွဲသာ ဖြစ်သည်။ ၂၀၁၇ ခုနှစ် ခြေ/ဥ ပြဋ္ဌာန်းပြီး ပထမဆုံးရွေးကောက်ပွဲကို ၂၀၁၉ ခုနှစ်က ကျင်းပခဲ့ပြီး၊ အာဏာသိမ်း စစ်အစိုးရက ၎င်း၏ ၄ နှစ်ကြာ စစ်အုပ်ချုပ်ရေးကို အဆုံးသတ်ခဲ့သည်။ ပြီးခဲ့သော မေလ ၁၄ ရက်နေ့ ရွေးကောက်ပွဲသည် ဒုတိယအကြိမ် ဖြစ်သည်။

ထိုင်းရွေးကောက်ပွဲစနစ်မှာ Party List PR (Proportional Representation) ကျင့်သုံးပြီး၊ အောက်လွှတ်တော်အမတ်နေရာ ၃၅၀ ကို မဲဆန္ဒနယ်အခြေခံမှ ပြည်သူများက တိုက်ရိုက်မဲပေးရွေးချယ် တင်မြှောက်သည်။ ကျန်နေရာ ၁၅၀ ကို နိုင်ငံရေးပါတီများက ရွေးကောက်ပွဲတွင် ၎င်းတို့ရရှိခဲ့သော မဲအရေအတွက် စုစုပေါင်းမှ အချိုးကျခွဲဝေရရှိသော စနစ်ဖြစ်သည်။ 

၂၀၂၀ စက်တင်ဘာ ၅ ရက်နေ့က ဘန်ကောက်မြို့တွင် တွေ့ရသော ဆန္ဒပြပွဲတစ်ခု။ (ဓာတ်ပုံ – EPA)  

ညွန့်ပေါင်းအစိုးရသာ ဖွဲ့နိုင်ရန် ရေးဆွဲထားသော ခြေ/ဥ ဒီဇိုင်းနှင့် အာဏာလွန်ဆွဲပွဲ

မေလ ၁၄ ရက်နေ့ အောက်လွှတ်တော်ရွေးကောက်ပွဲ ပြီးခဲ့သော်လည်း၊ အနိုင်ရပါတီက အစိုးရဖွဲ့နိုင်သည့် ရိုးရှင်းသော အခြေအနေမျိုး စစ်တပ်ရေးဆွဲခဲ့သည့် ၂၀၁၇ ခြေ/ဥ တွင် မဖန်တီးထားပါ။

ပါတီတစ်ခုတည်းက အောက်လွှတ်တော်နေရာအများစု အနိုင်ရပြီး၊ အစိုးရအဖွဲ့အကြီးအကဲ ဝန်ကြီးချုပ်ကို ရွေးချယ်တင်မြှောက်ခြင်းနှင့် အစိုးရဖွဲ့ခြင်း မပြုလုပ်နိုင်ရန်၊ ညွန့်ပေါင်းအစိုးရပုံစံ ဖြစ်စေရန် ထိုင်း ခြေ/ဥ က စီစဉ်ထားသည်။

အထက်လွှတ်တော်တစ်ခုလုံးကို ထိန်းချုပ်ထားသော စစ်တပ်သည် ဝန်ကြီးချုပ်တင်မြှောက်ခြင်းနှင့် အစိုးရဖွဲ့ခြင်းအပေါ် ဩဇာလွှမ်းမိုးနိုင် ထိန်းချုပ်ရန် စီမံထားခြင်း ဖြစ်သည်။

ထို့ကြောင့် ဝန်ကြီးချုပ် ရွေးချယ်တင်မြှောက်ခြင်းက လွှတ်တော်ရွေးကောက်ပွဲထက် ပို၍အရေးပါပြီး၊ ရွေးကောက်ပွဲအလွန် ညွန်ပေါင်းအစိုးရဖွဲ့နိုင်ရေး အာဏာလွန်ဆွဲပွဲကာလ နိုင်ငံရေးအရ အပေးအယူ၊ အကူးအပြောင်းများကို ထိုင်းနိုင်ငံရေးတွင် တွေ့မြင်ကြရလေ့ရှိသည်။

ထို့ပြင် ညွန့်ပေါင်းအစိုးရကို ဦးဆောင်ခွင့်ရသော ပါတီက ဝန်ကြီးချုပ် တင်မြှောက်ခွင့်ရသည်။ အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းနိုင်ခွင့်လည်း ရသည်။ သို့သော်လည်း၊ အောက်လွှတ်တော်နေရာ အများဆုံး ရွေးကောက်ခံရတိုင်း ညွန့်ပေါင်းအစိုးရ မဖွဲ့နိုင်ပါ။

ဥပမာအားဖြင့် ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲတွင် အမတ်နေရာ ၁၃၆ နေရာဖြင့် အများဆုံးရရှိခဲ့သော Pheu Thai ပါတီသည် စစ်တပ်က နှစ်ကြိမ် အာဏာသိမ်းခြင်းခံခဲ့ရသော အာဏာရပါတီ ဖြစ်ခဲ့ဖူးပြီး၊ စစ်တပ်ထိန်းချုပ်ထားသော အထက်လွှတ်တော်၏ ထောက်ခံမှု မရရှိသဖြင့် ညွန့်ပေါင်းအစိုးရ ဖွဲ့နိုင်သော အမတ်နေရာမရရှိဘဲ အတိုက်အခံပါတီအဖြစ်သာ ရပ်တည်ခဲ့ရသည်။

အမတ်နေရာ ၁၁၆ နေရာဖြင့် ဒုတိယ အနိုင်ရခဲ့သော အာဏာသိမ်း စစ်ခေါင်းဆောင်များ ဦးဆောင်သည့် Palang Pracharath ပါတီကို စစ်တပ်ကျောထောက်နောက်ခံ အထက်လွှတ်တော်၏ ထောက်ခံမှုဖြင့် ညွန့်ပေါင်းအစိုးရဖွဲ့စည်းကာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာရွတ်ချန်အိုချာသည် အာဏာသိမ်းစစ်ခေါင်းဆောင်ဘဝမှ ဝန်ကြီးချုပ်ဖြစ်လာပြီး အစိုးရအဖွဲ့ကို ဦးဆောင်ခွင့်ရရှိခဲ့သည်။

ထို့ကြောင့် ထိုင်းပြည်သူများသည် ၂၀၁၄ ခုနှစ်မှစ၍ စစ်တပ်ကြီးစိုးချုပ်ကိုင်ခြယ်လှယ်သော နိုင်ငံရေးအောက်တွင် ၉ နှစ်ကြာ လူ့အခွင့်အရေးများ ဆုံးရှုံးခဲ့ပြီး၊ နိုင်ငံတကာဆက်ဆံရေးတွင် ထိုင်းနိုင်ငံသည် နောက်တန်းရောက်ခဲ့သည်ဟု ထိုင်းပညာရှင်များက သုံးသပ်ကြသည်။

ရွေးကောက်ပွဲရလဒ်ကြောင့် နိုင်ငံရေးစာမျက်နှာသစ်ဖွင့်နိုင်မှု အလားအလာ

မေလ ၁၄ ရက်နေ့ ရွေးကောက်ပွဲရလဒ်က လူငယ်မျိုးဆက်သစ် နိုင်ငံရေးသမားများ ဦးဆောင်သော Move Forward Party (MFP) ကို အောက်လွှတ်တော်တွင် ၁၅၂ နေရာ အနိုင်ရရှိစေခဲ့ပြီး၊ မဲအများဆုံး အနိုင်ရသော ပါတီဖြစ်လာခဲ့သည်။

၂၀၀၁ ခုနှစ်ကတည်းက ပါတီ ၃ ခု ပြောင်းလဲထူထောင်ခဲ့ရသော၊ ရွေးကောက်ပွဲတိုင်း မဲအများဆုံး အနိုင်ရရှိလေ့ရှိသော ဝန်ကြီးချုပ်ဟောင်း သက်ဆင်ဩဇာခံ Pheu Thai Party (PTP) ပါတီက ၁၄၁ နေရာနှင့် ဒုတိယ မဲအများဆုံး အနိုင်ရရှိခဲ့သည်။ တစ်ချိန်က ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ ညွန့်ပေါင်းအစိုးနှင့် ပူးပေါင်းခဲ့ဖူးပြီး၊ လက်ရှိအာဏာရ ညွန့်ပေါင်းအစိုးရအဖွဲ့တွင် စစ်ဗိုလ်ချုပ်များနှင့် ပူးပေါင်းခဲ့သော Bhumjaithai (BJT) ပါတီက ၇၀ နေရာဖြင့် တတိယ ရခဲ့သည်။

အာဏာရ ညွန့်ပေါင်းအစိုးရ ဒု-ဝန်ကြီးချုပ်နှင့် စစ်ဗိုလ်ချုပ်ကြီးဟောင်း ပရဝပ် ဦးဆောင်သော Palang Pracharath (PPRP) ပါတီ၊ အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် လက်ရှိဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာ ဦးဆောင်သော United Thai Nation (UTN) တို့က ၄၀ နေရာနှင့် ၃၆ နေရာ အသီးသီးဖြင့် အပြတ်အသတ် ရှုံးနိမ့်ခဲ့သည်။ ထိုင်းနိုင်ငံရေးပါတီသမိုင်းတွင် သက်တမ်းအရှည်ဆုံးနှင့် ရွေးကောက်ပွဲမတိုင်ခင်အထိ အောက်လွှတ်တော်ဥက္ကဋ္ဌနှင့် ယခင်ဝန်ကြီးချုပ်ဟောင်း ချွန်လိပိုင်၏ Democrat Party (DP) ဒီမိုကရက်ပါတီသည် ၂၅ နေရာသာ အနိုင်ရခဲ့သည်။

လက်ရှိအာဏာရ ညွန့်ပေါင်းအစိုးရထဲမှ ပါတီများသည် အောက်လွှတ်တော်နေရာအနည်းစုသာ အနိုင်ရရှိခဲ့သော်လည်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်ခန့်အပ်သော အထက်လွှတ်တော်၏ ထောက်ခံမှုဖြင့် အသာစီးယူပြီး၊ လူနည်းစုထောက်ခံသော အစိုးရဖွဲ့နိုင်သည့် အခွင့်အလမ်း ရှိနေသေးသည်။ ထို့ကြောင့် MFP ပါတီခေါင်းဆောင် Pita Limjaroenrat သည် လက်ရှိတွင် အောက်လွှတ်တော် ၃၁၃ နေရာကို ကိုယ်စားပြုသော ၈ ပါတီ ညွန့်ပေါင်းအဖွဲ့ကို ဦးဆောင်ပြီး ၎င်းကိုယ်တိုင် ဝန်ကြီးချုပ်အဖြစ် အစိုးရအဖွဲ့ကို ဖွဲ့စည်းရန် အဆင်သင့်ဖြစ်နေကြောင်း မေလ ၁၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ခြေမြန်လက်မြန် ကြေညာခဲ့သည်။

၂၀၂၃ မေ ၁၈ ရက်နေ့က ဘန်ကောက်မြို့တွင် အခြားပါတီ ၇ ခုမှ ခေါင်းဆောင်များနှင့်အတူ သတင်းစာရှင်းလင်းပွဲ
ပြုလုပ်စဉ် လက်ပြနှုတ်ဆက်နေသော Move Forward ပါတီ ခေါင်းဆောင် Pita Limjaroenrat က ၎င်းကိုယ်တိုင် ဝန်ကြီးချုပ်အဖြစ် အစိုးရအဖွဲ့ကို ဖွဲ့စည်းရန် အဆင်သင့်ဖြစ်နေကြောင်း ပြောလိုက်သည်။ (ဓာတ်ပုံ – EPA)

ရွေးကောက်ပွဲအလွန် ဝန်ကြီးချုပ် ရွေးချယ်ရေး လုပ်ငန်းစဉ်များ

ဝန်ကြီးချုပ်တင်မြှောက်ရန် အဆင့်ဆင့် ဖြတ်သန်းရသည်။ ၂၀၁၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၅၉ အရ အောက်လွှတ်တော်အမတ်ဦးရေ ၅၀၀ ၏ ၅ ရာခိုင်နှုန်း (၂၅ ဦး) အနိုင်ရရှိထားသော ပါတီက ဝန်ကြီးချုပ်လောင်းအမည် တင်သွင်းခွင့် (Nomination) ရှိပြီး၊ အမတ် ၁၀ ရာခိုင်နှုန်း (၅၀ ဦး) က ထောက်ခံခြင်း (Endorsement) ပြုရမည် ဖြစ်သည်။

ထို့ကြောင့် မေ ၁၄ ရက်နေ့ အောက်လွှတ်တော်ရွေးကောက်ပွဲတွင် အမတ်နေရာ ၅၀ နှင့်အထက် လွတ်လွတ်ကျွတ်ကျွတ် အနိုင်ရရှိထားသော MFP, PTP နှင့် BJT (၃) ပါတီက ၎င်းတို့ ပါတီ၏ ဝန်ကြီးချုပ်လောင်းအမည်ကို တင်သွင်းခြင်းနှင့် အတည်ပြုခြင်း နှစ်ဆင့်စလုံး ဖြတ်ကျော်နိုင်မည် ဖြစ်သည်။

ထို့နောက် အောက်လွှတ်တော်အမတ် ၅၀၀ ၏ ထက်ဝက်ကျော် (အမတ် ၂၅၁ ဦး) ထောက်ခံမဲဖြင့် ဝန်ကြီးချုပ်တစ်ဦးကို ရွေးချယ်အတည်ပြုဆုံးဖြတ် (Approving resolution) မည်ဖြစ်သည်။ ထိုအဆင့်သည် အောက်လွှတ်တော်က ဝန်ကြီးချုပ်လောင်းကို ရွေးချယ်အတည်ပြုခြင်းသာ ရှိသေးသည်။

ခြေ/ဥ ပုဒ်မ ၂၇၂ အရ အထက်နှင့် အောက်လွှတ်တော်နှစ်ရပ်ပေါင်း National Assembly တွင် အမတ်ဦးရေ ၇၅၀ ၏ ထက်ဝက်ကျော် (အမတ် ၃၇၆ ဦး) ၏ ထောက်ခံမဲဖြင့် အောက်လွှတ်တော်က ရွေးချယ်ထားသော ဝန်ကြီးချုပ်လောင်းကို ခန့်အပ်ခြင်း (Appointment) ပြုလုပ်ရမည် ဖြစ်သည်။ ထိုအဆင့်ကို ဖြတ်သန်းပြီးမှသာ ဝန်ကြီးချုပ်အဖြစ် တရားဝင်ဖြစ်မည် ဖြစ်သည်။      

ထို့ကြောင့် အောက်လွှတ်တော်တွင် ထောက်ခံမဲ ၃၇၆ မဲ လွတ်လွတ်ကျွတ်ကျွတ် မရရှိထားသော ညွန့်ပေါင်းပါတီတိုင်းသည် စစ်တပ်ခန့်အပ်ထားသော အထက်လွှတ်တော်၏ ထောက်ခံမှု ရမှသာ အစိုးရဖွဲ့နိုင်မည် ဖြစ်သည်။

ထိုအခြေအနေတွင် MFP ပါတီခေါင်းဆောင် Pita သည် စစ်တပ်ခန့် အထက်လွှတ်တော်အမတ်များထဲမှ တချို့၏ ထောက်ခံမှု သို့မဟုတ် အာဏာရ ညွန့်ပေါင်းအစိုးရထဲမှ ဘက်ပြောင်းပါတီတချို့၏ ထောက်ခံမှုဖြင့်သာ ဝန်ကြီးချုပ်ဖြစ်နိုင်ပြီး၊ ညွန့်ပေါင်းအစိုးရ ဖွဲ့နိုင်ပေလိမ့်မည်။

ရွေးကောက်ပွဲကျင်းပပြီး တစ်ပတ်အတွင်း အထက်လွှတ်တော်အမတ်တချို့က MFP ပါတီခေါင်းဆောင် Pita ကို ဝန်ကြီးချုပ်ဖြစ်ရေး ထောက်ခံသွားမည်ဟု ထုတ်ဖော်ပြောဆိုလာကြရာ ထိုင်းပြည်သူများ၏ ဒီမိုကရေစီရပိုင်ခွင့်များကို ပြန်လည်ဖော်ဆောင်မည့် နိုင်ငံရေးစာမျက်နှာသစ် ဖွင့်လှစ်နိုင်ရေးဟူသော စိတ်ဝင်စားစရာအခြေအနေကို ရောက်ရှိနေပါသည်။

ထိုင်းပြည်သူတို့ စစ်တပ်ကြီးစိုးမှုအောက်က ရုန်းထွက်နိုင်တော့မည်လော

မေ ၁၄ ရွေးကောက်ပွဲတွင် ထူးခြားချက် နှစ်ရပ် ရှိခဲ့ပါသည်။ ပထမထူးခြားချက်မှာ ထိုင်းနိုင်ငံရွေးကောက်ပွဲသမိုင်းတစ်လျှောက် ထိုင်းပြည်သူများ ဆန္ဒမဲထွက်ပေးသော ရာခိုင်နှုန်း အများဆုံးဖြစ်ခဲ့သည်။

ဒုတိယထူးခြားချက်မှာ ရွေးကောက်ပွဲအောင်နိုင်ရေး ပါတီမူဝါဒ (၃) ရပ်ဖြစ်သော စစ်တပ်ကြီးစိုးမှု လျှော့ချရေး (De-militarization)၊ လက်ဝါးကြီးအုပ်မှု လျှော့ချရေး (De-monopolization) နှင့် ဗဟိုချုပ်ကိုင်မှု လျှော့ချရေး (De-centralization) ကြေညာခဲ့သော မျက်နှာသစ် ခေတ်ပညာတတ် လူငယ်များ ဦးဆောင်သော Move Forward ပါတီကို မဲဆန္ဒရှင်အများစုက တစ်ခဲနက် ထောက်ခံရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

Move Forward ပါတီကို ထိုင်းပြည်သူများ ရွေးချယ်ခဲ့ကြသည့် လေးနက်မှုအတိုင်းအတာကို နားလည်သဘောပေါက်ရန်မှာ လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုကျော်ကြာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်နှင့် စစ်တပ်အကြား ကာလရှည်နိုင်ငံရေးတိုက်ပွဲကို နားလည်ရန် လိုအပ်မည် ဖြစ်ပါသည်။

စစ်တပ်နှင့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်အကြား ကာလရှည်တိုက်ပွဲ

ထိုင်းသည် အတက်အကျ များပြားသော စစ်တပ်နှင့် နိုင်ငံရေးပါတီများ ဆက်ဆံရေးကြောင့် နိုင်ငံရေးတည်ငြိမ်မှု အားနည်းသည်။ အာဏာသိမ်းမှုများ မကြာခဏ ဖြစ်ပွားခဲ့ရာ အင်အားကြီးနိုင်ငံရေးပါတီများ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖျက်သိမ်းခံကြရသည်။ သို့သော် ပါတီအမည်သစ်များဖြင့် ပြန်လည် ခေါင်းထောင်လာရာ မဆုံးနိုင်သော နိုင်ငံရေးတိုက်ပွဲများ ပေါ်လာပါသည်။

အထူးသဖြင့် သက္ကရာဇ် ၂၀၀၀ ထောင်စုသစ်ထဲ ဝင်ရောက်လာချိန်တွင် ထိုင်းနိုင်ငံ၌ အင်အားကောင်းသော နိုင်ငံရေးပါတီတစ်ခု ပေါ်ထွန်းလာခဲ့သည်။ ထိုပါတီမှာ ထိုင်းရတ်ထိုင်း Thai Rak Thai (TRT) ပါတီ ဖြစ်ပြီး၊ တည်ထောင်သူမှာ ဘီလျံနာ သူဌေးကြီး Thaksin Shinawatra ဖြစ်သည်။

တည်ငြိမ်မှုနည်းသော ထိုင်းနိုင်ငံရေးတွင် TRT ပါတီသည် ၂၀၀၁ ခုနှစ် ရွေးကောက်ပွဲ၌ အောက်လွှတ်တော်တွင် ၂၄၈ နေရာ အနိုင်ရရှိခဲ့သဖြင့် လူထုထောက်ခံမှု အများဆုံးရရှိသော ပါတီအဖြစ် ညွန့်ပေါင်းအစိုးရကို ဖွဲ့စည်းနိုင်ခဲ့ပြီး၊ သူဌေးကြီး သက်ဆင်သည် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

TRT သည် နိုင်ငံမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနှင့် အလယ်ပိုင်းက ဆင်းရဲသော ကျေးလက်လူထု၏ ထောက်ခံမှုကို အခိုင်အမာ စည်းရုံးနိုင်ခဲ့သဖြင့် အာဏာရပါတီကြီးအဖြစ် ၂၀၀၆ ခုနှစ်အထိ ရပ်တည်နိုင်ခဲ့သည်။

ဝန်ကြီးချုပ် သက်ဆင်၏ ဘတ် ၃၀ ကျန်းမာရေးအစီအစဉ် ကျေးရွာတိုင်းကို ဘတ် ၁ သန်း ရန်ပုံငွေအစီအစဉ်နှင့် ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု (One Village, One Product) အစီအစဉ်တို့သည် ကျေးလက်လူထုအကြိုက် ပြည်သူ့မူဝါဒ (Populist Public Policy) အဖြစ် လူပြောများခဲ့သည်။

ထိုကာလ ထိုင်းနိုင်ငံသည် နိုင်ငံရေးတည်ငြိမ်မှုနှင့် စီးပွားရေးတိုးတက်မှုများ ရရှိခဲ့ပြီး၊ Thaksinomics ဆိုသည့် အသုံးအနှုန်းပင် ထင်ရှားတွင်ကျယ်ခဲ့သည်။

သို့သော် သက်ဆင်၏ အငြင်းပွားစရာ Populist Policies နှင့် အကျိုးစီးပွားပဋိပက္ခများ (Conflict of Interests) ကြောင့် မြို့နေ လူလတ်တန်းစားများအကြား TRT ပါတီကို ဆန့်ကျင်မှုများ ရှိလာခဲ့သည်။ သက်ဆင်၏ လူပြောအများဆုံး အကျိုးစီးပွားပဋိပက္ခမှာ ၎င်းပိုင်ဆိုင်သော Shin Corporation ၏ အမေရိကန်ဒေါ်လာ ၁ ဘီလျံကျော် တန်ဖိုးရှိသော အစုရှယ်ယာများကို စင်ကာပူကုမ္ပဏီ Temasak Holdings သို့ ရောင်းချခဲ့ခြင်း ဖြစ်သည်။

၂၀၂၃ မေ ၁၄ ရွေးကောက်ပွဲနေ့က Pheu Thai ပါတီ ဝန်ကြီးချုပ်လောင်း ပေတုန်တန်သက်ဆင် ဘန်ကောက်မြို့တွင် မဲထည့်နေစဉ်။ ရွေးကောက်ပွဲတွင် မဲပေးနိုင်သူအရေအတွက် ၅၂ သန်းထက်မနည်း ရှိခဲ့သည်။ ပေတုန်တန်သည် ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ အငယ်ဆုံးသမီး၊ ဝန်ကြီးချုပ်ဟောင်း ရင်းလတ် ရှင်နာဝပ်၏တူမ ဖြစ်သည်။ (ဓာတ်ပုံ – EPA)

၂၀၀၅ ခုနှစ် ရွေးကောက်ပွဲတွင် TRT ပါတီသည် အောက်လွှတ်တော်နေရာ ၃၇၇ နေရာ အနိုင်ရရှိခဲ့ပြီး၊ ထိုင်းနိုင်ငံရေးတွင် ပထမဆုံးအကြိမ် တစ်ပါတီတည်း အစိုးရဖွဲ့နိုင်ခဲ့သောပါတီ ဖြစ်လာခဲ့သည်။ သို့သော် သက်ဆင်သည် နောက်တစ်နှစ်အကြာ လွှတ်တော်ကို ဖျက်သိမ်းခဲ့ပြီး၊ ၂၀၀၆ ဖေဖော်ဝါရီ ၂ တွင် ရွေးကောက်ပွဲကျင်းပခဲ့ရာ အတိုက်အခံ ဒီမိုကရက်ပါတီဦးဆောင်ပြီး ပါတီတချို့ သပိတ်မှောက်ခဲ့ကြသည်။

ထို့ကြောင့် TRT ပါတီက နေရာအများအပြားတွင် ပြိုင်ဘက်မရှိ အနိုင်ရခဲ့သဖြင့် အောက်လွှတ်တော်တွင် ၄၆၀ အထိ အနိုင်ရခဲ့သော်လည်း၊ ထိုင်းဘုရင် ဘူမိဘောကိုယ်တိုင် ဒီမိုကရေစီမကျသော ရွေးကောက်ပွဲဟု ထုတ်ဖော်ပြောဆိုလာသဖြင့် ရွေးကောက်ပွဲရလဒ် ဖျက်သိမ်းပြီး၊ ရွေးကောက်ပွဲအသစ်ကျင်းပရန် စီစဉ်ခဲ့သည်။

TRT နှင့် DP တို့၏ နိုင်ငံရေးအားပြိုင်မှုနှင့် နန်းတော်၏ အရိပ်အကဲကို စောင့်ကြည့်နေသော စစ်တပ်ခေါင်းဆောင်များက အာဏာသိမ်းခဲ့ပြီး၊ ၁၉၉၇ ခုနှစ်က ရေးဆွဲပြဋ္ဌာန်းခဲ့သော ထိုင်းနိုင်ငံ၏ ဒီမိုကရေစီအကျဆုံး ၁၆ ခုမြောက် ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်တပ်က ဖျက်သိမ်းခဲ့သည်။

စစ်တပ်သည် သက်ဆင်ကို အာဏာအလွဲသုံးစားလုပ်မှုနှင့် အခြားစီးပွားရေးပုဒ်မများဖြင့် တရားစွဲဆိုခဲ့ကာ၊ မျှတမှုမရှိသော တရားစီရင်ရေးဖြစ်၍ ရင်မဆိုင်နိုင်ဟုဆိုကာ သက်ဆင် နိုင်ငံခြားသို့ ထွက်ပြေးခဲ့သည်။ ထိုအချိန်မှစပြီး ယနေ့ထက်တိုင် ပြည်တော်ပြန်နိုင်ခြင်း မရှိသေးပါ။

TRT ပါတီကိုလည်း ရွေးကောက်ပွဲဥပဒေချိုးဖောက်မှု စွဲချက်ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ၂၀၀၇ ခုနှစ်တွင် ဖျက်သိမ်းခဲ့ပြီး၊ ပါတီ၏ လွှတ်တော်ကိုယ်စားလှယ် (၁၁၁) ဦးကို ရွေးကောက်ပွဲဝင်ခွင့် ၅ နှစ် ပိတ်ပင်ခဲ့သည်။

ထိုအခါ သက်ဆင်အပေါ် သစ္စာရှိသော အမတ်များက ပါတီငယ်တစ်ခုဖြစ်သော People’s Power Party (PPP) နှင့် ညှိနှိုင်းပြီး ထိုပါတီဝင်များအဖြစ် နိုင်ငံရေးတိုက်ပွဲကို ဆက်လက်ဆင်နွှဲကြပြီး၊ သက်ဆင်သည် ပြည်ပြေးဘဝဖြင့် ထိုင်းနိုင်ငံရေးကို PPP မှတစ်ဆင့် ဆက်လက် ဩဇာလွှမ်းမိုးထားနိုင်ခဲ့သည်။

အာဏာသိမ်းစစ်တပ်သည် ၂၀၀၇ ခုနှစ်တွင် ၁၈ ကြိမ်မြောက် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲပြီး ရွေးကောက်ပွဲလုပ်ခဲ့ရာ၊ PPP က ထပ်မံအနိုင်ရခဲ့ပြန်သည်။ သို့သော် ၂၀၀၈ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက PPP ကို TRT ကဲ့သို့ပင် ရွေးကောက်ပွဲဥပဒေချိုးဖောက်မှု စွဲချက်ဖြင့် ထပ်မံ ဖျက်သိမ်းခဲ့သည်။

စစ်တပ်က PPP ကို ဖျက်သိမ်းမည့် အလားအလာကို ကြိုမြင်ခဲ့သော ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ၎င်း၏ တတိယမြောက်ပါတီအဖြစ် Pheu Thai ပါတီကို ၂၀၀၇ နှစ် စက်တင်ဘာလတွင် ဖွဲ့စည်း ထူထောင်ခဲ့သည်။ PPP ကို ဖျက်သိမ်းသည့်အခါ PPP လွှတ်တော်ကိုယ်စားလှယ်များသည် PTP ပါတီသို့ ရောက်သွားကြသည်။

၂၀၀၉-၂၀၁၀ ခုနှစ်များမှစတင်ပြီး သက်ဆင်ထောက်ခံသော ရှပ်နီ (Red Shirt) များနှင့် ဒီမိုကရက်ပါတီ ထောက်ခံသော ရှပ်ဝါ (Yellow Shirt) များအကြား နိုင်ငံရေးတိုက်ပွဲများ တစ်စတစ်စ ပြင်းထန်းလာခဲ့သည်။

၂၀၁၁ ခုနှစ် ရွေးကောက်ပွဲတွင် PTP က အနိုင်ရပြီး သက်ဆင်၏ နှမ ရင်းလတ် ရှင်နာဝပ် ဝန်ကြီးချုပ် ဖြစ်လာသည်။ ရင်းလတ်က မဲဆွဲစည်းရုံးချိန်တွင် အမျိုးသားပြန်လည်သင့်မြတ်ရေးမူဝါဒကို ကြေညာခဲ့ပြီး၊ ဝန်ကြီးချုပ်ဖြစ်လာသည့်အခါ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ဥပဒေ ပြဋ္ဌာန်းရန် ကြိုးစားခဲ့သည်။

ထိုအခါ လွှတ်တော်အတွင်း အဓိကအတိုက်အခံ ဒီမိုကရက်ပါတီက သူ၏ အစ်ကို ဝန်ကြီးချုပ်ဟောင်း သက်ဆင် ပြည်တော်ပြန်နိုင်ရန် လုပ်ဆောင်ချက်အဖြစ် ဆန့်ကျင်ခဲ့ပြီး၊ လွှတ်တော်ပြင်ပတွင် သက်ဆင်မိသားစု နိုင်ငံရေးမှ ထွက်သွားရန် ဒီမိုကရက်အားကောင်းသော ဘန်ကောက်နှင့် ပတ်ဝန်းကျင် ပြည်နယ်များတွင် ပြင်းထန်သော ဆန္ဒပြပွဲများ ဖြစ်ပွားကာ နိုင်ငံရေးမတည်ငြိမ်မှုများ ရှိခဲ့သည်။

၂၀၁၄ ခုနှစ်တွင် ရင်းလတ်အစိုးရသည် တစ်နှစ်စောပြီး ရွေးကောက်ပွဲကျင်းပရန် စီစဉ်ခဲ့သော်လည်း၊ အတိုက်အခံ ဒီမိုကရက်ပါတီက ထိုရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သဖြင့် နိုင်ငံရေးအကျပ်အတည်း ဖြစ်ပေါ်ခဲ့သည်။  

နိုင်ငံရေးပဋိပက္ခများ ချုပ်ငြိမ်းရန် လွတ်လပ်မှုနှင့် လဲလှယ်ခဲ့ရသော ထိုင်းပြည်သူများ

နောက်ဆုံး ရှပ်နီ-ရှပ်ဝါ နိုင်ငံရေးပဋိပက္ခကို အဆုံးသတ်ရန် ၂၀၁၄ ခုနှစ် မေလ ၂၂ ရက်နေ့တွင် ဗိုလ်ချုပ်ကြီး ပရာရွတ် ချန်အိုချာ ဦးဆောင်ပြီး ထိုင်းစစ်တပ်က ၁၂ ကြိမ်မြောက် အာဏာသိမ်းသည်။

စစ်တပ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေးပဋိပက္ခများ ငြိမ်သက်သွားခဲ့သည်။ သို့သော် အာဏာသိမ်းစစ်တပ် အုပ်ချုပ်မှုအောက်တွင် ထိုင်းပြည်သူများ လွတ်လပ်မှုနှင့် အခွင့်အရေးများ တစ်စတစ်စ ဆုံးရှုံးလာခဲ့ကြသည်။

Thai Prime Minister and United Thai Nation ပါတီက ဝန်ကြီးချုပ်လောင်းအဖြစ် လျာထားခဲ့သော လက်ရှိ ဝန်ကြီးချုပ်  Prayut Chan-o-cha ကို ၂၀၂၃ မေ ၁၂ ရက်နေ့က ဘန်ကောက်မြို့ မဲဆွယ်ပွဲတစ်ခုတွင် တွေ့ရစဉ်။ (ဓာတ်ပုံ – EPA)

နိုင်ငံရေးပဋိပက္ခနွံထဲမှ ရုန်းထွက်မည့် လူငယ်မျိုးဆက်သစ်ပါတီ ထွက်ပေါ်လာခြင်း 

၂၀၁၈ ခုနှစ်တွင် Future Forward အမည်ဖြင့် နိုင်ငံရေးပါတီအသစ် ဖွဲ့စည်းထူထောင်လာပြီး၊ ထိုင်းလူငယ်ထုအကြား စတင်ရေပန်းစားလာကာ၊ ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲတွင် လွှတ်တော်နေရာ ၈၁ နေရာအထိ အနိုင်ရရှိပြီး အဓိကအတိုက်အခံပါတီ တစ်ခုအဖြစ် ပေါ်ထွက်လာသည်။

သို့သော် သက်ဆင်၏ပါတီများကို ဖျက်သိမ်းခဲ့သည့် ပုံစံအတိုင်း ၂၀၂၀ ပြည့်နှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက Future Forward ပါတီခေါင်းဆောင် Thanathorn Juangroongruangkit သည် ရွေးကောက်ပွဲဥပဒေကို ချိုးဖောက်သည်ဟု ဆိုကာ ရွေးကောက်ပွဲမဝင်ရန် ၁၀ နှစ် ပိတ်ပင်ခဲ့ပြီး၊ ပါတီကိုလည်း ဖျက်သိမ်းခဲ့သည်။

ထိုဖြစ်ရပ်ကို ကြုံတွေ့ခဲ့ရသော ထိုင်းလူငယ်ထုအကြား ၂၀၂၀ ပြည့်နှစ်အတွင်း နိုင်ငံရေးလှုပ်ရှားမှုများ မြင့်မားလာခဲ့သည်။ Future Forward ပါတီ ပိတ်ပင်ခံရသဖြင့် Move Forward ပါတီကို  ဖွဲ့စည်းထူထောင်သည်၊ အမေရိကန်နိုင်ငံ၏ ထိပ်တန်း ဟားဗတ်တက္ကသိုလ်ကျောင်းဆင်း အသက် ၄၂ နှစ်အရွယ် Pita Limjaroenrat သည် ပါတီခေါင်းဆောင် ဖြစ်လာခဲ့သည်။

၂၀၁၇ ခြေ/ဥ က ထိုင်းနိုင်ငံရေးကို စစ်တပ်ကြီးစိုးသော နိုင်ငံရေးပတ်ဝန်းကျင်အသွင် ပြောင်းလဲခဲ့ခြင်းကို ထိုင်းလူငယ်မျိုးဆက်များက လက်မခံနိုင်တော့ဘဲ ၂၀၂၀ ပြည့်နှစ်တွင် ဆန္ဒပြပွဲများဖြင့် စတင် တော်လှန်လာကြသည်။

ထိုင်းနိုင်ငံရေးကို စစ်တပ်ချုပ်ကိုင်မှု ဖယ်ရှားမည့် Demilitarization လုပ်မည့် နိုင်ငံရေးပါတီနှင့် ခေါင်းဆောင်မှုကို ထိုင်းလူငယ်ထုအကြား ရှာဖွေလာကြရာ Move Forward နှင့် Pita Limjaroenrat ကို မေလ ၁၄ ရက်နေ့ ရွေးကောက်ပွဲတွင် ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။

လက်ရှိအခြေအနတွင် Move Forward သည် အာဏာရ ညွန့်ပေါင်းအစိုးရ ဦးဆောင်ပါတီဖြစ်လာရန် အလားအလာကောင်းနေပြီး၊ Pita Limjaroenrat သည် ထိုင်းနိုင်ငံ၏ ၃၀ ဦးမြောက် ဝန်ကြီးချုပ် ဖြစ်လာမည်လားဆိုသည်ကို လာမည့် ရက်သတ္တပတ်များအတွင်း တွေ့မြင်ရမည် ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button