မန္တလေးတိုင်း၊ မြင်းခြံအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၉ ဦးကို ထောင်အာဏာပိုင်များက စစ်ဆေးရန် ခေါ်ထုတ်သွားသောကြောင့် ကျန်သည့် နိုင်ငံရေးအကျဥ်းသားများက ယမန်နေ့ နေ့လယ်မှ စတင်၍ အစာငတ်ခံဆန္ဒပြနေကြသည်ဟု ထောင်နှင့်နီးစပ်သူများထံမှ သိရသည်။
မေ ၂၁ ညနေမှ စတင်၍ မြင်းခြံထောင် အမှတ် ၂ အိပ်ဆောင်ဝန်းရှိ ကိုကျော်မင်းနိုင်၊ ကိုသက်မောင်မောင်၊ ကိုကျော်ဇင်ဦး၊ ကိုကျော်မျိုးတင့်၊ ကိုစိုင်း(ခ)ကိုဇော်ဇော်အောင်၊ ကိုဥက္ကာတို့ကို ထောင်ဝန်ထမ်းများက သုံးသုတ်ခွဲ၍ အသီးသီးခေါ်ထုတ်သွားသည်။
နောက်တစ်နေ့တွင် ကိုကျော်တင့်ဦး၊ ကိုအောင်မျိုးသန့်၊ ကိုစိုးရာဇာတို့ကို လာရောက်ခေါ် ဆောင်သွား သည်ဟု သိရသည်။
ထိုသူများအားလုံးကို ယမန်နေ့ နေ့လယ်အထိ ထောင်သို့ပြန်လည်ပို့ဆောင်ခြင်းမရှိသေးသည့်အတွက် ကျန် နိုင်ငံရေးအကျဉ်းသားများက ထောင်မှပို့ဆောင်သည့် ထမင်းနှင့်ဟင်းများကို ငြင်းဆန်ကာ စတင် ဆန္ဒပြခဲ့ကြသည်။
“(ခေါ်သွားတာ) ဘာအကြောင်းကြောင့်လို့ မပြောဘူး။ ထောင်သားအားလုံးလည်း စိုးရိမ်နေကြတယ်။ ရိုက်နှက်ပြီး စစ်ဆေးနေတယ်လို့ပဲ သိရတယ်။ သူတို့ပြန်လွတ်လာဖို့အတွက် နိုင်ကျဉ်းတွေက ဆန္ဒပြနေတာ” ဟု မြင်းခြံထောင်နှင့် နီးစပ်သူ နိုင်ကျဉ်းဟောင်းတစ်ဦးက Myanmar Now ကို ယနေ့ ပြောသည်။
ခေါ်ထုတ်သွားသည့် နိုင်ကျဥ်းများ၏ အသက်အန္တရာယ်ကို စိုးရိမ်နေကြသည်ဟု ၎င်းက ဆိုသည်။
ခေါ်ထုတ်စစ်ဆေးခံနေရသော ထို နိုင်ကျဉ်း ၉ ဦး အနက် ကိုဥက္ကာဆိုသူသည် ရိုက်နှက်စစ်ဆေးရာမှ သေဆုံးသွားသည်ဟု ကြားသိရကြောင်း မုံရွာလူထု သပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ယမန်နေ့က သတင်းထုတ်ပြန်သည်။
သတင်းတိတိကျကျ သိနိုင်ရေးအတွက် စုံစမ်းရာတွင် ခက်ခဲနေကြောင်း မုံရွာလူထု သပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ အဖွဲ့ဝင် ကိုရှင်းသန့်က ပြောသည်။
“ရုပ်အလောင်း ထုတ်ပြတာတို့တော့ မရှိသေးဘူး၊ ထောင်ထဲက သတင်းထွက်လာတာပေါ့နော်။ ဘာဒဏ်ရာတွေနဲ့ ဘယ်လိုသေဆုံးလဲ အသေးစိတ်မသိရသေးဘူး။ အဲဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့လည်း တောက်လျှောက်စုံစမ်းနေတယ်။ ကျန်သူ အားလုံးလည်း အသက်အန္တရာယ် စိုးရိမ်နေရတယ်”ဟု သူက ဆိုသည်။
“ဘာအတွက်ခေါ်ထုတ်လဲဆိုတာ နိုင်ကျဉ်းတွေစုပြီး အကျဉ်းထောင်ကိုမေးတဲ့အခါ ထောင်ဝန်ထမ်းတွေက သူတို့ မသိပါဘူး။ ထောင်ပိုင်ကို တင်ပြပေးပါ့မယ်ပဲ အကြောင်းပြန်တယ်လို့ ပြောတယ်။ မိဘပြည်သူများ အနေနဲ့လည်း ထောင်တွင်းသတင်းတွေကို စိတ်ဝင်တစား စောင့်ကြည့်ကြဖို့ ဝန်းရံပေးဖို့ တောင်းဆိုချင်ပါတယ်”
မြင်းခြံအကျဉ်းထောင်တွင် ယမန်နေ့မှစတင်၍ အကျဉ်းသားများကို တန်းဖွင့်ပေးခြင်းမရှိဘဲ သော့ခတ် ပိတ်လှောင်ထားကြောင်း၊ ရဲနှင့်စစ်သားများမှာလည်း အကျဉ်းထောင်ဝန်းအတွင်းသာမက အုတ်ရိုးအတွင်း ၌ပင် အသင့်နေရာယူထားကြောင်း ကိုရှင်းသန့်က ဆိုသည်။
နိုင်ကျဥ်းတို့ ဆန္ဒပြနေစဥ် အကျဉ်းထောင်အတွင်း၌ လုံခြုံရေး အထူးတင်းကြပ်ကန့်သတ်ထားသော်လည်း ထောင်ပြင်ပ၌မူ ပုံမှန်အခြေအနေ တွေ့ရပြီး ထောင်ဝင်စာလည်း ပုံမှန်လက်ခံနေ သေးကြောင်း ယနေ့ နံနက်ပိုင်းတွင် စုံစမ်း သိရှိရသည်။
နိုင်ကျဉ်း ကိုကျော်မျိုးတင့်ဆိုသူသည် မန္တလေးတိုင်း၊ အမရပူရမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီထောက်ခံသူတစ်ဦး ဖြစ်သည်ဟု သိရကာ အာဏာ သိမ်းပြီးနောက် ၂၀၂၁ ခုနှစ်အတွင်း ဖမ်းဆီး ခံရသည်။
ထို့နောက် အကြမ်းဖက်ပုဒ်မဖြင့် ထောင်ချခံရပြီး မန္တလေးအိုးဘိုထောင်မှ မြင်းခြံထောင်သို့ ပြောင်းရွှေ့ ခံရသူဖြစ်သည် ဟု ၎င်းနှင့်ရင်းနှီးသူ အသက် ၄၀ အရွယ် မိတ်ဆွေတစ်ဦးကလည်း ပြောသည်။
“သူ့ကို ဖမ်းတုန်းကလည်း ဖမ်းအပြီး သူ့ Facebook ကို သုံးပြီး တော်လှန်ရေးသမားတွေကို အယောင်ဆောင်ဖမ်းတာတွေ လုပ်ဖူးတယ်။ သူ ကိုယ်တိုင်လည်း သူတို့(စစ်ကောင်စီ)လက်ထဲဆိုတော့ ဖော်ခဲ့တာတွေရှိတယ်။ အခုလည်း ဘာတွေကို ထပ်ပြီး စုံစမ်းချင်လို့၊ သိချင်လို့ ခေါ်ထုတ်သွားလဲ မသိဘူး ”ဟု ယင်းအမျိုးသားက ဆိုသည်။
မန္တလေးမှ အမျိုးသမီးတစ်ဦးက ၎င်း၏ ခင်ပွန်းသည်မှာ သတင်းထောက်ဟောင်းတစ်ဦးဖြစ်ပြီး
ဆူပူအောင်လှုံ့ဆော်မှုပုဒ်မ ၅၀၅(က)၊ အကြမ်းဖက်ပုဒ်မ၅၂(က)တို့ဖြင့် ထောင်ဒဏ် ၅ နှစ် ချမှတ်ခံထားရသည်၊ မြင်းခြံထောင်တွင်း အကျဥ်းသားများတွင် လက်ကိုင်ဖုန်း ရှိသည်ဟူသော စွပ်စွဲရှာဖွေနေသည်ဟူသော သတင်းကြောင့် စိတ်ပူမိသည်ဟု ပြောသည်။
“(ထောင်ထဲမှာ) ဖုန်းတွေ ရှိတယ်ဆိုပြီး စွပ်စွဲပြီး လာစစ်ဆေးကြတယ်လို့ကြားရတယ်။ လက်ရှိ အဆက်အသွယ်လည်း မရတော့ တအားစိုးရိမ်နေရတယ်။ ကြားရတဲ့သတင်းတွေကလည်း မကောင်းဘူး”
မြင်းခြံထောင်၌ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် အပါအဝင် မန္တလေး၊ မြင်းခြံ၊ တောင်သာတို့ မှ နိုင်ကျဥ်းများရှိနေသည်ဟု မုံရွာလူထုသပိတ်ဦးဆောင်ကော်မတီထံမှ သိရသည်။
ယမန်နှစ် ဇူလိုင်လအတွင်း အိုးဘိုထောင်နှင့် မုံရွာထောင်တို့မှ နိုင်ကျဉ်းတချို့ မြင်းခြံထောင်သို့ ပြောင်းရွှေ့ခံရပြီး ထိုအထဲမှ နိုင်ကျဉ်းတချို့ကို ထောင်ဝန်ထမ်းများ၊ ရာဇဝတ်အကျဉ်းသားများက ရိုက်နှက်ခဲ့ကြသည်ဟု Myanmar Now က သတင်းရေးသားခဲ့သည်။
မန္တလေးတိုင်း မြင်းခြံမြို့နယ်ရှိ အဆိုပါထောင်သည် အရပ်သားအစိုးရလက်ထက် ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် တစ်ကြိမ်၊ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၀ တွင် တစ်ကြိမ် ဆူပူမှုဖြစ်ပွားခဲ့ဖူးသည်။
၂၀၁၆ ထောင်ဆူမှုတွင် အကျဥ်းသားများက ထောင်ပိုင်ကို ပြောင်းရွှေ့ပေးရန်၊ နေထိုင်ရေးနှင့် ကျန်းမာ ရေးကျပ်တည်းမှုများကို ဖြေရှင်းပေးရန် တောင်းဆိုခဲ့ကြသည်။