သတင်း

မြင်းခြံထောင်သို့ပြောင်းသည့် နိုင်ကျဉ်းများ ရိုက်နှက်ခံရ

နှိပ်စက်ညှဉ်းပန်းရာတွင် နာမည်ကျော်သည့် မန္တလေးတိုင်း၊ မြင်းခြံအကျဉ်းထောင်တွင် အခြားထောင်များမှ ပြောင်းရွှေ့လာသော နိုင်ငံရေးအကျဉ်းသားများကို ရိုက်နှက်နှိပ်စက်နေကြောင်း ထောင်တွင်းသတင်းရင်းမြစ်များက ပြောသည်။

ပြီးခဲ့သည့်လက မန္တလေး၊ မုံရွာထောင်တို့မှ နိုင်ကျဉ်းတချို့ မြင်းခြံထောင် အဆောင် ၁ နှင့် ၄ သို့ ရောက်လာပြီး ထောင်ဝန်ထမ်းများ၊ ရာဇဝတ်အကျဉ်းသားများက ရိုက်နှက်ကြသည်ဟု မြင်းခြံထောင် သတင်းရင်းမြစ်တစ်ခုထံမှ သိရသည်။

မုံရွာထောင်မှ ရောက်လာသူများထဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် အပါအဝင် နိုင်ကျဉ်း ၁၀၀ ခန့် ပါဝင်သည်ဟု သိရသည်။

အမှုပေါင်း ၁၀ မှု စွဲဆိုခံထားရသည့် ဒေါက်တာမြင့်နိုင်မှာ ထောင်ဒဏ် ၂၅ နှစ်အထိ ချမှတ်ခံထားရပြီး အမှုပြီးပြတ်ပြီးနောက် ဩဂုတ် ၂ တွင် ပြောင်းရွှေ့ခံရခြင်း ဖြစ်သည်ဟု မိသားစုဝင်တစ်ဦးက ဆိုသည်။ 

“ပြီးခဲ့တဲ့ ဇူလိုင် ၂၇ က အမှုအားလုံး ပြီးပြတ်သွားတော့ ထောင် ၂၅ နှစ် ကျသွားပြီပေါ့နော်။ ပြီးတော့ (ဩဂုတ်) ၂ ရက်နေ့မှာ မြင်းခြံထောင်ရွှေ့ပစ်လိုက်တယ်။ ဆရာနဲ့ မုံရွာမှာ ကျောင်းသားခေါင်းဆောင်လေးတွေရော အားလုံးပါသွားတယ်။ ကျွန်မတို့ကတော့ ၁၀၀ လောက်လို့ ကြားပါတယ်” ဟု ဒေါက်တာမြင့်နိုင်၏ ဇနီး ဒေါ်တင့်တင့်က ပြောသည်။

“မိသားစုကို အကြောင်းမကြားဘူး။ ဒါပေမဲ့ အမှုတွေက အကုန်လုံးလည်း ပြီးပြီ။ (ထောင်) ချလည်း ချပြီးပြီဆိုတော့ ဒေါက်တာမြင့်နိုင်တို့က အတွေ့အကြုံရှိခဲ့တဲ့လူဆိုတော့ ငါတို့ကို ထောင်ပြောင်းနိုင်တယ်တဲ့။ ပြောင်းမှာပဲတဲ့။ သူက ပြင်ဆင်ထားတာပေါ့” ဟု ဆက်ပြောသည်။

ဆက်လက်၍ “မြင်းခြံဆိုတာ ကျွန်မတို့ သွားတွေ့ဖို့ မလွယ်ဘူးလေ” ဟု ဒေါ်တင့်တင့်က ဆိုသည်။

မုံရွာထောင်မှ ရောက်လာသည့် နိုင်ကျဉ်းများကို တုတ်ဖြင့် ရိုက်နှက်ရန် အဆောင်မှူးများက အခန်းလူကြီးများ (စည်းကမ်းထိန်းအကျဉ်းသားများ) ကို စနစ်တကျညွှန်ကြားထားကြောင်း၊ အဆောင်မှူး မောင်မောင်သိန်းဆိုသူက အဆောင် ၄ မှ  အခန်းလူကြီး သိန်းထွန်းဆိုသူကို ညွှန်ကြားထားကြောင်း သိရသည်။

မန္တလေးထောင်မှ နိုင်ကျဉ်းများလည်း ရိုက်နှက်ခံရကြောင်း၊ ထိုဖြစ်ရပ်ကို ထောင်အာဏာပိုင်များထံ တင်ပြထားသော်လည်း အရေးယူမှု မရှိခဲ့ဘဲ မုံရွာထောင်မှ ပြောင်းလာသူများကိုပါ အလားတူပြုမူနေခြင်းဖြစ်သည်ဟု သိရသည်။ 

အဆောင် ၁ နှင့် ၄ တို့ရှိ နိုင်ကျဉ်းများကို အတင်းအဓမ္မ ခိုင်းစေနေသလို နားရက်မရှိ လုပ်ကိုင်နေရသူများထဲတွင် အချုပ်သားများ၊ သက်ကြီးအကျဉ်းသားများ၊ မသန်စွမ်းသူများလည်း ပါဝင်သည်ဟု ထောင်တွင်းရင်းမြစ်တစ်ခုက Myanmar Now ကို ပြောသည်။

အလုပ်မလုပ်လိုပါက ငွေကြေးပေး၊ လာဘ်ထိုးရခြင်းဖြစ်သောကြောင့် ငွေရလိုသည့် ထောင်အာဏာပိုင်တို့က နှိပ်စက်ညှဉ်းပန်းခြင်းကို ရည်ရွယ်ချက်ရှိရှိ အသုံးချခြင်းမှာ ခေတ်အဆက်ဆက် ကျင့်သုံးလာသည့် နည်းလမ်းဟောင်းဖြစ်နေသည်။

နိုင်ကျဉ်းများကို ရိုက်နှက်ခဲ့သည့် ရာဇဝတ်အကျဉ်းသားများမှာ သိန်းထွန်း (မြင်းခြံ) ၊ ကျော်ရဲနိုင် (မြင်းခြံ)၊ ကျော်စွာထွန်း (နွားထိုးကြီးမြို့နယ်၊ ညောင်ပင်ရွာ)၊ ဇော်အောင် (တောင်သာမြို့နယ်၊ ကန်သုံးဆင့်ရွာ)၊ သီဟနိုင် (မန္တလေး)၊ မျိုးသူအောင် (မြင်းခြံခရိုင်၊ ပင်လယ်ရွာ)၊ အောင်ကျော်ဌေး (ပုပ္ပါး) တို့ဖြစ်ကြသည်ဟု ဆိုသည်။

၎င်းတို့က နိုင်ကျဉ်းများကို ကန်ကျောက်၊ ရင်ဘတ်ကို လက်သီးဖြင့်ထိုး၊ ခန္ဓာကိုယ်ကို တုတ်ဖြင့် ရိုက်နေကြသည်ဟု သိရသည်။

နိုင်ကျဉ်းတို့ ရင်ဆိုင်နေရသည့် အခြေအနေများမှ လွတ်မြောက်ရေးမှာ အားလုံးနှင့် သက်ဆိုင်သည်ဟု မြန်မာနိုင်ငံအလယ်ပိုင်းဒေသမှ အသက် ၂၅ နှစ်အရွယ် သမဂ္ဂကျောင်းသားတစ်ဦးက ပြောသည်။

“စစ်အာဏာရှင်ခေတ်မှာ ပြည်သူတွေရဲ့ လူ့အခွင့်အရေးဆိတ်သုဉ်းနေသလို အကျဉ်းထောင်ထဲမှာ ရောက်နေတဲ့ အကျဉ်းသားတွေအတွက်လည်း အခြေခံလူ့အခွင့်အရေးဆိုတာတောင် မရှိဘူး။ စစ်အာဏာရှင်ဆိုတာ အော်လို့ ပြောလို့ရမဲ့အထဲ မပါဘူး” ဟု သူက မှတ်ချက်ပြုသည်။

“ပြည်သူတွေအနေနဲ့ တော်လှန်တိုက်ပွဲဝင်မှပဲ ရမယ်။ တော်လှန်ရေးကပဲ ဒီစနစ်ကြီးတစ်ခုလုံးကို ဖြိုဖျက်နိုင်မယ်။ အဆုံးဖြတ်ပေးနိုင်မယ်။ စားပွဲဝိုင်းထိုင် ကြေညာချက်ထုတ်တာလောက်နဲ့ အရာမထင်တော့ဘူး”

၎င်းကိုယ်တိုင်လည်းတိမ်းရှောင်နေရသလို မိတ်ဆွေ၊ သူငယ်ချင်းများလည်း အကျဉ်းထောင်အတွင်း ရောက်နေသည်ဟု သူက ဆိုသည်။

စစ်ကောင်စီသည် ဇူလိုင်လဆန်းမှစ၍ ရန်ကုန် အင်းစိန်ထောင်၊ မန္တလေးအိုးဘိုထောင်၊ မုံရွာထောင်နှင့် မွန်ပြည်နယ် ကျိုက်မရောထောင်၊ ကရင်ပြည်နယ် ဖားအံအကျဉ်းထောင်တို့မှ နိုင်ငံရေးအကျဉ်းသားများကို ကျိုက်မရော၊ ဒိုက်ဦး၊ သာယာဝတီနှင့် မြင်းခြံထောင်များသို့ ပြောင်းရွှေ့နေခြင်း ဖြစ်သည်။

ယမန်နှစ် မုံရွာမြို့ ဗန္ဓုလလမ်းနှင့် တိုင်းရင်းဆေးရုံလမ်းဆုံရှိ ပွင့်သစ်လက်ဖက်ရည်ဆိုင်ကို ရဲနှင့် စစ်တပ်က ဝင်စီးနင်းခဲ့ပြီးနောက် မတ် ၁၂ က တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့) 

စစ်ကောင်စီက ထိုသို့ နိုင်ငံရေးအကျဉ်းသားများကို ဝေးလံသည့် နေရာသို့ ရွှေ့လိုက်သဖြင့် မိသားစုဝင်များအနေဖြင့် ထောင်ဝင်စာပို့ရန် အခက်အခဲများစွာ ကြုံနေရသည်။

အချို့နိုင်ငံရေးအကျဉ်းသားများကိုလည်း တစ်လအတွင်း နှစ်ကြိမ် ထောင်ပြောင်းရွှေ့မှုများ ပြုလုပ်ခဲ့ပြီး စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြပွဲများတွင် ပါဝင်သဖြင့် ပုဒ်မ ၅၀၅-က ဖြင့် ထောင်ဒဏ် ၃ နှစ် ချခံရသည့် အသက် ၂၄ နှစ်အရွယ် ဗကသကျောင်းသား ကိုအောင်မင်းခိုင်သည်လည်း အင်းစိန်ထောင်မှ ဧပြီလအတွင်း ကျိုက်မရောထောင်သို့လည်းကောင်း၊ ဇူလိုင်လတွင် ပဲခူးတိုင်း သာယာဝတီထောင်သို့လည်းကောင်း ပြောင်းရွှေ့ခံရသည်။

ဇူလိုင်လဆန်းက ဖားအံထောင်မှ နိုင်ကျဉ်း ၁၀၀ ကျော်ကို သာယာဝတီထောင်သို့လည်းကောင်း၊ ကျိုက်မရောမှ သာယာဝတီသို့ နိုင်ငံရေးအကျဉ်းသား ၃၃ ဦးကိုလည်းကောင်း၊ ဩဂုတ် ၅ ရက်တွင် အင်းစိန်ထောင်မှ ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရွာသာကြီးနယ်မြေ) ဥက္ကဋ္ဌ ကိုခန့်သူအောင် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၂၄ ဦးကို သာယာဝတီထောင်သို့လည်းကောင်း ပြောင်းရွှေ့ခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်၂၂ ကလည်း မုံရွာထောင်တွင် တစ်နှစ်ကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ကျောင်းသားများဖြစ်သော ကိုကောင်းဆက်မိုး၊ ကိုစိုးစံလင်းနှင့် ကိုထက်အာကာကျော်တို့ကို ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့သည်။ 

မြို့နယ်တရားသူကြီးက အမိန့်ချမှတ်နေစဉ် ကျောင်းသားများမှ လက်သုံးချောင်းထောင်လျက် အသံတိတ်ကာ တရားရုံး၏အမိန့်အား သပိတ်မှောက်ခဲ့ကြကြောင်း မုံရွာမြို့ခံတစ်ဦးထံမှ သိရှိရသည်။

ယမန်နှစ် မတ်လ ၁၂ က မုံရွာမြို့တွင် စစ်အာဏာရှင်ဆန္ဒပြသပိတ်စစ်ကြောင်းသည် ရပ်ကွက်များအတွင်း လူထောင်ချီ လှည့်လည်ခဲ့ပြီးနောက် မွန်းတည့်ချိန်တွင် တက္ကသိုလ်ကျောင်းသားလူငယ်များ အများဆုံးလာသော ဗန္ဓုလလမ်းနှင့် တိုင်းရင်းဆေးရုံလမ်းဆုံရှိ ပွင့်သစ်လက်ဖက်ရည်ဆိုင်ကို ရဲနှင့် စစ်တပ်က  ဝင်စီးနင်းခဲ့သည်။

ယင်းနေ့က ကျောင်းသားများဖြစ်သော ကိုကောင်းဆက်မိုး၊ ကိုစိုးစံလင်းနှင့် ကိုထက်အာကာကျော်တို့ အပါအဝင် လူ ၂၀ ကျော် အဖမ်းခံရပြီး ကျန်သူများကို ပြန်လွှတ်ခဲ့သော်လည်း ထိုကျောင်းသား ၃ ဦးကို အမှတ် (၁) ရဲစခန်းသို့ ခေါ်ဆောင်သွားပြီးနောက် မုံရွာထောင်တွင် တစ်နှစ်ကျော်ကြာ ချုပ်နှောင် စစ်ဆေးနေခြင်း ဖြစ်သည်။

မုံရွာထောင်တွင်လည်း ဖိနှိပ်မှုများရှိနေပြီး နိုင်ကျဉ်းများအား စာဖတ်ခွင့်ပိတ်ပင်ခြင်း၊ ရိုက်နှက်ခြင်း၊ အမှုရင်ဆိုင်နေဆဲသူများအား လက်ထိတ်၊ သံခြေချင်းခတ်ရုံးထုတ်ခြင်းများပါ ပြုလုပ်နေသလို ပြီးခဲ့သည့် ဇွန် ၁ က ထောင်မှူးကြီး ကျော်ဝင်းဆိုသူက မုံရွာထောင်သို့ ပြောင်းရွှေ့လာသည်ဟု ထောင်တွင်းသတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စာရင်းများအရ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် ဩဂုတ် ၉ ရက်အထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၁၁၉၇၇ ဦးရှိပြီး ၎င်းတို့အနက်မှ  ၁၃၇၉ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button