အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နိုင်ကျဉ်း ဦးဒိန်းဒေါင်ကို မြင်းခြံထောင်အစီအစဉ်ဖြင့်သာ မိသားစုက သင်္ဂြိုဟ်ရ

မြင်းခြံထောင်တွင် ထောင် ၂၄ နှစ်ချခံထားရသည့် ၈၈ မျိုးဆက် နိုင်ငံရေးအကျဉ်းသားတစ်ဦး ဆေးကုသခွင့် လုံလောက်စွာမရ၍ ကွယ်လွန်ခဲ့ပြီးနောက် မိသားစုဝင်များက ရုပ်အလောင်း ထုတ်ယူခွင့် မရကြောင်း သိရသည်။

မန္တလေးတိုင်း မြင်းခြံထောင်တွင် ဖမ်းဆီးခံထားရသည့် ၈၈ မျိုးဆက် ဦးစိုးမိုးနိုင် (ခ) ဦးဒိန်းဒေါင်သည် ဆေးဝါးကုသမှုလုံလောက်စွာမရရှိခြင်းကြောင့် စက်တင်ဘာလ ၁၅ ရက်တွင် ကွယ်လွန်သွားပြီး ရုပ်အလောင်းကို မိသားစုထံ ပြန်မပေးဘဲ ထောင်အာဏာပိုင်များ၏အစီအစဉ်ဖြင့်သာ သင်္ဂြိုဟ်ခဲ့သည်ဟု မိသားစုနှင့် နီးစပ်သူထံက သိရသည်။ 

ဦးဒိန်းဒေါင်ဟု လူသိများပြီး ထောင်ကျနေစဉ်၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်း၌ နှလုံးသွေးကြောကျဉ်းရောဂါ စတင်ဖြစ်ပွားခဲ့ပြီး  နှစ်နှစ်နီးပါး ဝေဒနာခံစားခဲ့ရသော်လည်း ကျန်းမာရေးအတွက် လုံလောက်စွာ ဆေးကုသမှု မရရှိကြောင်း ၎င်းမိသားစုနှင့် ရင်းနှီးသူအမျိုးသားတစ်ဦးက ဆိုသည်။

“သူ (ရောဂါ) ဖြစ်နေတာက နှစ်နှစ်လောက်ရှိပြီ။ ထမင်းမစားနိုင်တာလည်း နှစ်နှစ်လောက်ရှိပြီ။ ဆန်ပြုတ်ပဲ သောက်နေရတယ်။ ဒါတောင် စိတ်မာတယ်၊ တောင့်ခံရှာတယ်လို့ ပြောရမယ်။ ထောင်ထဲဆိုတော့ အဲဒီလို (လုံလောက်အောင်) ဆေးကုသပေးတာတွေက မရှိဘူး” ဟု ၎င်းက ပြောသည်။

စက်တင်ဘာလ ၁၅ ရက် ည ၁၀ နာရီဝန်းကျင်တွင် အသက် ၆၀ နှစ်အရွယ် ဦးဒိန်းဒေါင်သည် ရုတ်တရတ် အမောဖောက်လာခဲ့ပြီး ည ၁၁ နာရီခွဲခန့်တွင် မြင်းခြံဆေးရုံသို့ရောက်ရှိချိန် နှလုံးသွေးကြောကျဉ်းရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထို့နောက် မြင်းခြံထောင်အာဏာပိုင်များက ၎င်း၏ ရုပ်အလောင်းကို မိသားစုအား ထုတ်ယူခွင့်မပေးဘဲ ၎င်းတို့သတ်မှတ်နေရာတွင်တွသာ ယမန်နေ့ (စက်တင်ဘာလ ၁၆ ရက်) နေ့လယ်တွင် သင်္ဂြိုဟ်လိုက်သည်ဟု သိရသည်။

“သူ့သမီးဖြစ်သူ ထောင်ကို လိုက်သွားတယ်။ အလောင်းကို ထုတ်ယူသင်္ဂြိုဟ်ခွင့် မပေးဘူး။ ထောင်က သင်္ဂြိုဟ်တဲ့နေရာကိုတော့ မိသားစုတွေကို လိုက်ပို့ခိုင်းတယ်လို့သိရတယ်။ ဘယ်မှာ သင်္ဂြိုဟ်မှန်းတောင် မသိရသေးဘူး”ဟု အထက်ပါ မိသားစုနှင့်ရင်းနှီးသူအမျိုးသားက ပြောပြသည်။

ဦးဒိန်းဒေါင်နှင့်ပတ်သက်၍ အကျဉ်းသားတစ်ဦး နောက်ဆုံးအခြေအနေရောက်ရှိနေသည့်တိုင် ဆေးရုံသို့ အချိန်မီပို့ဆောင်ရန် နှောင့်နှေးကြန့်ကြာခဲ့ကြောင်း၊ ထိုအခြေအနေများကြောင့် မြင်းခြံဆေးရုံကြီးသို့ ရောက်ရှိချိန် အသက်ပါသွားခြင်းဖြကြောင်း  ဆေးရုံမှတ်တမ်းများကို ကိုးကား၍ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

မြင်းခြံထောင်၏ မြောက်ဘက် တစ်မိုင်ခန့်အကွာ ကားဖြင့်သွားပါက ငါးမိနစ်ခန့်အကွာအဝေးတွင် မြင်းခြံ ပြည်သူ့ဆေးရုံကြီးတည်ရှိသည်။ 

ဦးစိုးမိုးနိုင်(ခ)ဦးဒိန်းဒေါင်သည် မန္တလေးမြို့  အမရပူရမြို့နယ်တွင် နေထိုင်ပြီး နိုင်ငံရေးလှုပ်ရှားမှုများနှင့် ဖိနှိပ်ခံ တောင်သူ လယ်သမားအရေးများကို အားကြိုးမာန်တက်လုပ်ကိုင်ခဲ့သည်။ ထို့အပြင် ၎င်းသည် ၈၈ မျိုးဆက်ကျောင်းသားတစ်ဦးလည်းဖြစ်ပြီး၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတွင် မန္တလေးမြို့၏ ဦးဆောင်သူများအနက်မှ တစ်ဦးဖြစ်သည်။

၎င်းကို မန္တလေးမြို့မှ နိုင်ငံရေးအသိုင်းအဝိုင်းနှင့်ကျောင်းသားလူထုက ချစ်ခင်ကြပြီး ကိုယ်ကျိုးစွန့် နိုင်ငံရေးသမားတစ်ဦးအဖြစ် အသိအမှတ်ပြုကြသည်။

ဦးစိုးမိုးနိုင် ခေါ် ဦးဒိန်းဒေါင် (မျက်မှန်တပ်ထားသူ) ကို မန္တလေးကျုံးဘေး စည်ပင်ရုံးရှေ့၌ စစ်အာဏာရှင်ဆန့်ကျင်ရေးစာရွက်များ ကြဲချမှုဖြင့်  ၂၀၁၈ ခုနှစ် မေလအတွင်း တရားရုံးချိန်းတစ်ခုတွင် တွေ့ရစဉ်။ (ဓာတ်ပုံ -ပေးပို့) 

၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက် လူထုအရေးတော်ပုံများ၌ အားကြိုးမာန်တက် ဦးဆောင်ပါဝင်ခဲ့ပြီး မန္တလေးမြို့၏နာမည်ကျော် မြတောင်သပိတ်စစ်ကြောင်းကို ဦးဆောင်ခဲ့သူဖြစ်သည်။

ထို့အတွက် မန္တလေးမြို့၌ အစောဆုံးဖမ်းဝရမ်းထုတ်ခံရသူဖြစ်ပြီး ၎င်းသည် အာဏာသိမ်းပြီး ၁၀ လ အကြာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်း ဆန္ဒပြမှုနှင့် တော်လှန်ရေးအဖွဲ့များထံ ပစ္စည်းပေးပို့မှုဖြင့် ပြင်ဦးလွင်မြို့တွင် စစ်တပ်၏ ဖမ်းဆီးခြင်း ခံရသည်။ 

ထို့နောက် ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (က)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည) နှင့် ၅၂ (က) တို့ဖြင့် တရားစွဲဆိုခဲ့ပြီး ၂၀၂၂ ခုနှစ် မတ်လနှင့် မေလတို့အတွင်း ထောင်ဒဏ် ၂၄ နှစ် ချမှတ်ခံခဲ့ရသည်။ 

စစ်တပ်၏ အိုးဘိုထောင် တရားရုံးကို သပိတ်မှောက်သည့်အနေဖြင့် ရှေ့နေမငှားသလို အမှုကိုလည်း လျှောက်လဲချက် မပေးခဲ့သူဖြစ်သည်။ ထို့နောက် ၎င်းသည် အိုးဘိုထောင်တွင် ခြောက်လကျခံပြီးနောက် မြင်းခြံထောင် ပြောင်းရွှေ့ခံရသည်။

ဦးဒိန်းဒေါင်သည် ထောင်အတွင်း ဘဝတူနိုင်ကျဉ်းများအပေါ်ကို အားပေးကူညီစောင့်ရှောက်ခြင်းများ၊ လူငယ်များကိုစာပေနှင့်အသိပညာဝေမျှခြင်းများ လုပ်ကိုင်သည်ဟု မြင်းခြံထောင်အတွင်း ၎င်းနှင့် အတူနေထိုင်ခဲ့ရပြီး ပြန်လွတ်လာသည့် နိုင်ကျဉ်းအမျိုးသားတစ်ဦးကလည်း ဆိုသည်။

“ထောင်ထဲမှာဆိုလည်း သူ့အိမ်ကပို့တဲ့သူ့တစ်ယောက်စာ ထောင်ဝင်စာထုပ်လေးကို ထောင်ဝင်စာ မလာနိုင်တဲ့ ကလေးတွေ (လူငယ်တွေ) ကို ခေါ်ကျွေးထားတာ။ သူ့အနားမှာဆိုရင် ကလေးတွေဝိုင်းနေတတ်ပြီး အပျင်းပြေအောင် စာပေဗဟုသုတတွေ ပြောတယ်။ သမိုင်းကြောင်းတွေပြောပြတယ်။ ဂျပ်စက္ကူတွေနဲ့ပလတ်စတစ်ကြိုးတွေကျစ်ပြီး ဂစ်တာဖလက်တံတွေ လက်ကွက်တွေလုပ်ပြီး ဂစ်တာတီးလည်းသင်ပေးသေးတာ” ဟု အထက်ပါ နိုင်ကျဉ်းအမျိုးသားက ပြောသည်။

“ ဦးဒိန်း အပြင်ရောက်ရင်ဘာလုပ်မလဲမေးတော့ ငါ့အသက်အရွယ်နဲ့တော့ ဘာမှမလုပ်နိုင်တော့ပါဘူးကွာ။ စစ်ဘေးရှောင်စခန်းတွေသွားပြီး စစ်ရှောင်တွေနဲ့အတူဒုက္ခတွေ မျှဝေခံစားမယ်ပြောတယ်။ အခုတော့ အပြင်က ဘဝဆိုးတွေကို ဦးဒိန်း မမြင်မတွေ့သွားတာပဲကောင်းပါတယ်ဗျာ”ဟု ထောင်အတွင်း အတူနေထိုင်ခဲ့ဖူးသူက ဆိုသည်။

မြင်းခြံမြို့မြောက်ဘက် မြင်းခြံထောင်တွင် အကျဉ်းသား ၃၀၀၀ ဝန်းကျင် ဝင်ဆံ့ပြီး ထိုထောင်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ မှ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်အပါအဝင် နိုင်ကျဉ်းအများစုလည်းရှိနေသည်။ 

ဦးဒိန်းဒေါင်ကဲ့သို့ ရောဂါရှိသူ နိုင်ငံရေးအကျဉ်းသားများအား လုံလောက်သည့် ဆေးဝါးကုသခွင့် မပေးခြင်းနှင့် အရေးပေါ်အသက်ကယ်ရန် အချိန်မီမပို့ဆောင်ဘဲ ကြန့်ကြာစေခြင်းတို့ကြောင့် ယခုကဲ့သို့ အသက်ဆုံးရှုံးရမှုများဆက်တိုက်ဖြစ်ပွားနေကြောင်း PPNM က ထောက်ပြထားပြီး ယင်းကဲ့သို့ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် အကျဉ်းထောင်အာဏာပိုင်များနှင့် စစ်တပ်တွင် အပြည့်အဝ  တာဝန်ရှိကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

ဦးဒိန်းဒေါင်ဖြစ်စဉ်ကဲ့သို့ပင် ပြီးခဲ့သည့်ဇူလိုင်လအတွင်း မန္တလေးမြို့ အိုးဘိုထောင်တွင် ဆေးဝါးကုသခွင့် လုံလောက်စွာမရရှိခဲ့၍  နိုင်ငံရေးအကျဉ်းသား ကိုလှိုင်ဘွား သေဆုံးခဲ့ပြီးနောက် အလောင်းကို မိသားစုထံ ပြန်မပေးဘဲ ၎င်းတို့အစီအစဉ်ဖြင့်သာ ကြာနီကန်သုသာန်သို့ ပို့ဆောင်သင်္ဂြိုဟ်ခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းအကျဉ်းထောင်များတွင် အကျဉ်းသားများရပိုင်ခွင့်ဖြစ်သော ဆေးဝါးကုသခွင့် အခြေအနေများမှာ ဆိုးရွားလှသည်ဟု ထောင်မှလွတ်မြောက်လာသူများက ထုတ်ဖော် ပြောဆိုထားကြသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းများအရ ၂၀၂၁ စစ်တပ် အာဏာသိမ်းသည့်နေ့မှ ယခုနှစ် စက်တင်ဘာလ ၁၆ ရက်အထိ နွေဦးတော်လှန်ရေးကာလအတွင်း  ဖမ်းဆီးခံရသူ စုစုပေါင်း ၃၁၉၃၂ ဦး ရှိကာ ထိုအထဲမှ ထိန်းသိမ်းခံနေရဆဲဟု အတည်ပြုနိုင်သူ ၁၄၈၂၁ ဦး ရှိကြောင်း သိရသည်။ ထို့အပြင် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း  ၈၃၉၃ ဦး သေဆုံးခဲ့ရသည်။  

ထိုအချက်အလက်များမှာ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်သည်ဟု AAPP က ဆိုထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles