သတင်း

ဒိုက်ဦးထောင်တွင် အမျိုးသမီးနိုင်ကျဉ်း ၇ ဦး ရိုက်နှက်ခံရ

ပဲခူးတိုင်း၊ ဒိုက်ဦးထောင်မှ နိုင်ငံရေးအကျဉ်းသားများကို ထောင်ဝန်ထမ်းတို့က နံပါတ်တုတ်၊ လေးခွတို့ဖြင့် ရိုက်နှက် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ဩဂုတ် ၁၉ နံနက်ပိုင်းက ပဲခူးတိုင်း၊ ဒိုက်ဦးမြို့အကျဉ်းထောင် ဝန်ထမ်းတို့က နိုင်ငံရေးအကျဉ်းသူများကို ရိုက်နှက်ခဲ့သည်ဟု အကျဉ်းထောင်သတင်းရင်းမြစ်များက ပြောသည်။

ထိုနေ့ နံနက်ပိုင်း ဧည်သည်တွေ့ချိန်တွင် နိုင်ကျဉ်းအမျိုးသမီးတစ်ဦးကို ခန္ဓာကိုယ်အနှံ့ ရှာဖွေရာမှ ပြဿနာစတင်ခဲ့ခြင်းဖြစ်သည်ဟု ဒိုက်ဦးထောင်နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ပါဆယ်လာတွေ့တဲ့သူတွေကို ရှာတာ။ ခန္ဓာကိုယ်တွေကို ရှာတယ်။ တစ်ကိုယ်လုံးကို နှိုက်ချွတ်ပြီး ရှာတယ်။ CCTV တွေလဲ ရှိတာပဲ၊ အဲ့လိုမျိုးမရှာပါနဲ့လို့ ပြောတာကို ပါးရိုက်တာ။ ဆံပင်ကို ဆွဲပြီး အားကုန်ရိုက်တာ” ဟု ၎င်းက ပြောသည်။

ရိုက်နှက်ခံရသူသည် မကြာသေးမီက ကျိုက်မရောအကျဉ်းထောင်မှ ပြောင်းရွှေ့လာသူဖြစ်သည်ဟု သိရသည်။

ထို့နောက် ညနေပိုင်းတွင် ထောင်ဝင်စာဌာန တာဝန်ခံ စန်းနွယ်ဦးက အမျိုးသားထောင်ဝန်ထမ်းများကို ခေါ်ဆောင်လာပြီး အမျိုးသမီးအဆောင်သို့ လေးခွဖြင့် ပစ်သည်၊ ရာဘာတုတ်ဖြင့်လည်း သွားရောက် ရိုက်နှက်ခဲ့သည်ဟု အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောသည်။

“ယောကျ်ားတွေ အင်အားသုံးပြီးတော့မှ အခန်းထဲကို ဝင်လာပြီး ထောင်ပြောင်း ၇ ယောက်ကို ဆွဲထုတ်ပြီးတော့ ရိုက်တာ။ အဲဒီ ၇ ယောက်က တစ်ယောက်က နဖူးထိထားတယ်၊ လေးခွမှန်တာ။ တစ်ယောက်က မျက်လုံးနဲ့ ဗိုက်ချုပ်ရိုးထိတယ်။ ခြေထောက်နဲ့ လက်တွေကို ထိတယ်။ ဆံပင်တွေဆွဲပြီးတော့ တရွတ်တိုက် ဆွဲသွားတာတွေရောရှိတယ်” ဟု ၎င်းက ဆက်ပြောသည်။

ထိုရိုက်နှက်မှုကြောင့် ကျိုက်မရောအကျဉ်းထောင်မှ ပြောင်းရွှေ့လာသူ နိုင်ကျဉ်း ၃ ဦး အပါအဝင် ၇ ဦး ဒဏ်ရာရှိခဲ့သည်။

ရိုက်နှက်မှုတွင် အဓိကဦးဆောင်ခဲ့သူ ထောင်အရာရှိ စန်းနွယ်ဦးကို အရေးယူမည်၊ ထောင်တွင်းအခြေအနေ တည်ငြိမ်နေပြီဖြစ်သည်ဟု သိရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ပြောခွင့်ရ ကိုသိုက်ထွန်းဦးက ပြောသည်။

“အရေးယူပြတာ တရားဝင်မတွေ့ရသေးပေမဲ့ ထောင်အာဏာပိုင်တွေဘက်က အရေးယူ‌မယ်ဆိုတဲ့ သတင်းထွက်နေတယ်။ နိုင်ကျဉ်းသူတွေကတော့ လက်ရှိ ဆေးရုံတက်နေရတာမျိုး မရှိ‌သလို အရေးယူခံထားရတာမျိုးလဲ မရှိပါဘူး” ဟု ၎င်းက ပြောသည်။

သို့သော်လည်း လုံလောက်သည့် ဆေးဝါးကုသမှု မရရှိသည့်အတွက် ဒဏ်ရာရ နိုင်ကျဉ်းများ၏ ကျန်းမာရေးအခြေအနေ စိုးရိမ်နေရသည်ဟု သိရသည်။

ထောင်အာဏာပိုင်များကလည်း သတင်းအမှောင်ချထားသည်။

ထိုနေ့က နိုင်ငံရေးအကျဉ်းသားများကွန်ရက်၏ ထုတ်ပြန်ချက်တွင် ထောင်အရာရှိ စန်းနွယ်ဦးက အမျိုးသမီးအဆောင်အခန်းထဲထိ ဝင်ရောက်၍ အကျဉ်းသားတစ်ဦး၏ “ဆံပင်ကို ဆွဲ၍ ရိုက်နှက်ခေါ်ဆောင်သွားခဲ့ပါသည်” ဟု ဖော်ပြထားသည်။

ထိုလုပ်ရပ်ကို လက်မခံနိုင်သည့် အခြားအမျိုးသမီးနိုင်ကျဉ်းများက ကြားဝင်ဖြေရှင်းရာ ဝန်ထမ်းများက ဝိုင်းဝန်းရိုက်နှက်ခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။

ဒိုက်ဦးထောင်တွင် ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်စွာမရရှိ၍ ယခုနှစ်အတွင်း နိုင်ကျဉ်း ၂ ဦး သေဆုံးခဲ့သည်။ ထိုသူတို့မှာ ဖေဖော်ဝါရီ ၉ တွင် ပုဒ်မ ၅၀၅ နှင့် ထောင်ဒဏ် ၈ နှစ် ချခံရသူ အသက် ၆၈ နှစ်အရွယ် ဦးအေးဝင်၊ မတ် ၆ တွင် ပုဒ်မ ၅၂(က)၊ ၅၀(ည) တို့ဖြင့် ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခံထားရသူ ဦးခင်စိုးတို့ ဖြစ်သည်။

ရန်ကုန်-မန္တလေး မီးရထားလမ်းအနီးတွင် တည်ရှိပြီး ရန်ကုန်မြို့နှင့် မိုင် ၈၀ ကျော်ကွာဝေးသည့် ဒိုက်ဦးအကျဉ်းထောင်သည် စစ်အာဏာသိမ်းပြီးနောက် နိုင်ကျဉ်းများ အစုအပြုံလိုက် အသတ်ခံခဲ့ရသည့်ထောင်ဖြစ်ပြီး အကျဉ်းသားများကို နှိပ်စက်မှုများကြောင့်လည်း နာမည်ကြီးသည်။

၂၀၂၃ ဇူလိုင်လဆန်းပိုင်းက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗ.က.သ) ကျောင်းသားများ အပါအဝင် နိုင်ကျဉ်း ၁၂ ဦး သတ်ဖြတ်ခံခဲ့ရသည်။ ထောင်ပြောင်းချိန် ကားမှောက်ရာမှ ပစ်ခတ်ဖမ်းဆီးခဲ့ခြင်းဖြစ်သည် ထောင်အာဏာပိုင်များက တုံ့ပြန်ထားသည်။

စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သူ ပြည်သူ ၅၅၇၀ ဦး သတ်ဖြတ်ခံခဲ့ရသည်၊ အသတ်ခံခဲ့ရသူ ၂၃၀၀ ဝန်းကျင်၏ အမည်ကို သီးခြားစာရင်းပြုစုနေသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဩဂုတ် ၂၇ တွင် ထုတ်ပြန်ထားသည်။

ထို့ပြင် အာဏာသိမ်းမှုကို ဆန့်ကျင်၍ ဖမ်းဆီးခံထားရသူ ၂၀၇၉၂ ဦး ရှိပြီး သေဒဏ်ချမှတ်ခံရသူ ၁၆၇ ရှိသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

စစ်ကောင်စီကမူ ထိုအသင်းထုတ်ပြန်သော အဆိုပါ ကိန်းဂဏန်းများ မှားယွင်းနေသည်ဟု ယခင်က တုံ့ပြန်ခဲ့ဖူးသည်။

Show More

Related Articles

Back to top button