ဆောင်းပါး

ဒိုက်ဦးထောင်အတွင်းမှ စစ်ကောင်စီ၏ လူသတ်ပွဲများ

လမ်းမများပေါ်မှ ဆန္ဒပြပွဲများ၊ အညာနှင့် တိုင်းရင်းသားဒေသများမှ ကျေးရွာများ၊ စစ်ကြောရေးစခန်းများသည် စစ်ကောင်စီ၏ လူသတ်ပွဲကျင်းပရာ နေရာများဖြစ်ခဲ့သည်။

အာဏာသိမ်းပြီး ၂ နှစ် ကျော်ကြာလာချိန်တွင်တော့ စစ်ကောင်စီသည် ရက်စက်ကြမ်းကြုတ်သော လူသတ်ပွဲများကို အကျဉ်းထောင်များအတွင်းမှာပင် ဆင်နွှဲနေပြီး နိုင်ငံရေးအကျဉ်းသား (နိုင်ကျဉ်း) များနှင့် ပြစ်မှုကျူးလွန်ကြောင်း သံသယမှုဖြင့် ဖမ်းဆီးခံရသူအများအပြားကို ဖမ်းဆီးထားရာမှ နှိပ်စက်သတ်ဖြတ်ပစ်နေသည်။

နောက်ဆုံးရ ထောင်တွင်းလူသတ်ပွဲသတင်းသည် ဒိုက်ဦး (ကျိုက်ဇကော) အကျဉ်းထောင်မှ နိုင်ကျဉ်းများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသည့်သတင်းဖြစ်သည်။ ဒိုက်ဦးထောင်ထဲမှ စစ်တပ်က ခေါ်ထုတ်ပြီး သတင်းပျောက်သွားသည့် နိုင်ငံရေးအကျဉ်းသားများအနက်မှ ၇ ဦး၏ မိသားစုဝင်များ၊ နီးစပ်သူများနှင့် Myanmar Now က အဆက်အသွယ်ရခဲ့ပြီးနောက် အနည်းဆုံး ၄ ဦးမှာ သတ်ဖြတ်ခံလိုက်ရပြီးဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

သေဆုံးသွားသူများမှာ ဗကသဒုဥက္ကဋ္ဌ ကိုခန့်လင်းနိုင်၊ ကိုပြည့်ဖြိုးအောင်(ခ)ကိုပြည့်၊ ကိုဇင်မြင့်ထွန်း(ခ)ရာလေးနှင့် ကိုအောင်မျိုးသူတို့ဖြစ်ကြောင်း Myanmar Now က အတည်ပြုနိုင်ခဲ့ပြီး နောက်ထပ်သတ်ဖြတ်ခံရသူ၊ သတင်းအစအနပျောက်နေသူများလည်း ရှိကြသည်။

စစ်ကောင်စီ၏ ယုတ္တိမတန်သော အကြောင်းကြားစာများ

မိသားစုဝင်များသည် သတ်ဖြတ်ခံလိုက်ရသည့် နိုင်ကျဉ်းများ၏ ရုပ်အလောင်းများကိုပင် မြင်တွေ့ခွင့်မရဘဲ သေဆုံးပြီး ရက်အတော်ကြာမှ ထောင်မှ ပို့လိုက်သည့် အကြောင်းကြားစာများဖြင့်သာ သေဆုံးသွားပြီဖြစ်ကြောင်း သိရှိခဲ့ရခြင်းဖြစ်သည်။

သတ်ဖြတ်ခံလိုက်ရကြောင်း ထောင်ဘက်က ပို့သည့်စာကို ပဲခူးခရိုင် ဗကသဒုဥက္ကဋ္ဌ ကိုခန့်လင်းနိုင်၊ ကိုပြည့်ဖြိုးအောင်(ခ)ကိုပြည့်၊ ကိုဇင်မြင့်ထွန်း(ခ)ရာလေးနှင့် ကိုအောင်မျိုးသူတို့၏ မိသားစုဝင်များက ဇူလိုင် ၇ ရက်တွင် လက်ခံရရှိခဲ့ကြသည်။ စာထဲတွင် ဖော်ပြထားသည့် သေဆုံးသည့်ရက်မှာ ၂၀၂၃ ဇွန်လ ၂၇ ဖြစ်သောကြောင့် သတ်ဖြတ်ပြီး အနည်းဆုံး ၁၀ ရက်ကြာမှ မိသားစုဝင်များကို အသိပေးခြင်းဖြစ်သည်။

ကိုခန့်လင်းနိုင် သေဆုံးကြောင်း ဒိုက်ဦးအကျဉ်းထောင်မှ အရပ်ဝတ်တချို့ လာရောက်ကာ အကြောင်းကြားစာကို ပြပြီးနောက် ပြန်ယူသွားသည်ဟု ပဲခူးခရိုင် ဗကသဒုဥက္ကဋ္ဌ ကိုခန့်လင်းနိုင်၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက အတည်ပြုသည်။

“စာပို့ပြီး စာပြန်ယူသွားတယ်။​ ခန့်လင်းနိုင် နာမည်ရယ်၊ ထောင်ဝင်နံပါတ်ရယ်။ သေဆုံးသွားတာကို မိဘထံ အကြောင်းကြားတာပေါ့။ ဒိုက်ဦးထောင်အကျဉ်းဦးစီးတံဆိပ်ပါတယ်။ ထောင်တာဝန်ခံလက်မှတ်ပါတယ်” ဟု သူက ပြောသည်။

ပဲခူးခရိုင် ဗကသဒုဥက္ကဋ္ဌ ကိုခန့်လင်းနိုင်

ထိုနေ့၌ပင် သေဆုံးကြောင်း နောက်ထပ်အကြောင်းကြားစာတစ်စောင်သည် ကိုအောင်မျိုးသူ၏ နေအိမ်သို့ ရောက်လာခဲ့သည်။ သို့သော် စာအိတ်တွင် ကိုပြည့်ဖြိုးအောင်၏ မိသားစုကို လိပ်မူထားသော်လည်း စာအတွင်း၌မူ အခြားနိုင်ကျဉ်းတစ်ဦးဖြစ်သည့် ကိုအောင်မျိုးသူ သေဆုံးကြောင်းစာ ဖြစ်နေသည်။ ထိုအချိန်မှ သတ်ဖြတ်ခံလိုက်ရသည့်စာရင်းတွင် ကိုအောင်မျိုးသူလည်း ပါဝင်သွားခဲ့သည်။

“စာရင်းကတော့ အမှန် သူတို့ (စစ်ကောင်စီ) ပို့တဲ့ စာရင်းအတိုင်း ပို့ရတာ။ အထဲကစာကို ဖောက်ဖတ်ခွင့် မရှိဘူး။ စာအိတ်မှားထည့်လိုက်တာ ဖြစ်မယ်လို့ ပြောတယ်” ဟု ဒိုက်ဦးထောင်အာဏာပိုင်များက ဇူလိုင် ၈ တွင် ပြောသည်ဟု ကိုအောင်မျိုးသူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဒိုက်ဦးထောင်ဦးစီးအရာရှိ ဦးကျော်ဇေယျ၏ ကိုယ်စားလက်မှတ်ဖြင့် သတ်ဖြတ်ခံရသူများ၏ မိသားစုဝင်များထံ အကြောင်းကြားစာတွင် “ထောင်ပြောင်းစဉ် လမ်းတွင် ကားမှောက်ချိန် ထွက်ပြေးရန် ကြိုးစားသဖြင့် ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးကြောင်း” ရေးထားသည်။

ကားမှောက်သည့်နေရာကို မဖော်ပြဘဲ ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ထောင်ဘက်သို့ အကြောင်းကြားသည်ဆိုသဖြင့် သေဆုံးသူများသည် ပဲခူးနယ်နိမိတ်ထဲတွင် သတ်ဖြတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ယူဆနိုင်သည်။ စာများ၏ ကွဲပြားချက်မှာ တချို့ကို သာယာဝတီထောင်သို့ ပြောင်းရွှေ့စဉ် ကားမှောက်သည်ဟု ရေးသားထားပြီး တချို့ကိုမူ အင်းစိန်ထောင်သို့ ပြောင်းရွှေ့စဉ် ကားမှောက်သည်ဟု ရေးသားထားသည်။

ကိုမြတ်ကိုကိုလင်း (ခ) မင်းဘုန်းမဟာ

စစ်ကောင်စီသည် ဇူလိုင် ၆ ရက်နေ့ကလည်း အဆိုတော် လီလီနိုင်ကျော်ကို လုပ်ကြံမှုသံသယဖြင့် ဖမ်းဆီးခံထားရသည့် လူငယ်နှစ်ဦးကို ရန်ကုန်မြို့တစ်နေရာတွင် ထွက်ပြေးရန် ကြိုးစားသဖြင့် ပစ်ခတ်သတ်ခဲ့ကြောင်း ကြေညာခဲ့သေးသည်။ ထိုလူငယ်နှစ်ဦးအကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ယုတ္တိမတန်သော ကွဲလွဲချက်များစွာရှိနေပြီး စစ်ကောင်စီပြောသလိုမဟုတ်ဘဲ စစ်ကြောရေးစခန်းတွင် နှိပ်စက်ညှဉ်းပန်းခံရပြီး သေဆုံးခြင်း (သို့မဟုတ်) တမင်သတ်ဖြတ်ပစ်လိုက်ခြင်းက ပိုမိုဖြစ်နိုင်ကြောင်း သံသယဝင်နိုင်သည့် အချက်အလက်အချို့ ရှိနေသည်။

ဒိုက်ဦးနိုင်ကျဉ်းများ အကြောင်းကြားစာတွင်လည်း ရန်ကုန်အမှုကဲ့သို့ပင် ယုတ္တိမတန်သော ကွဲလွဲချက်များ၊ သံသယဝင်နိုင်သည့်  အချက်အလက်များရှိနေသည်။

ဒိုက်ဦးထောင်မှ နိုင်ငံရေးအကျဉ်းသား အယောက် ၄၀ နီးပါးပါသည့် ကားတန်းသည် ဒိုက်ဦးထောင်မှ ထွက်လာပြီး အင်းစိန်ထောင်နှင့် သာယာဝတီထောင်သို့ ပို့ဆောင်ပါက လမ်းကြောင်းမတူသည့်အတွက် သီးခြားပို့ဆောင်ရမည်ဖြစ်သည်။ ကား ၁ စီးထဲ စုပြုံတင်လာသည်ဆိုပါကလည်း ကားပေါ်တွင် ပါလာသည့် အခြားနိုင်ကျဉ်းများလည်း ရှိနေမည်ဖြစ်သည်။ ပို့ဆောင်ရာ အကျဉ်းထောင်မတူသည့် အကျဉ်းသားများ အဖြစ်အပျက်တစ်ခုထဲတွင် သေဆုံးသည်ဆိုသည်က ယုတ္တိမတန်သော ကွဲလွဲချက်များ ဖြစ်နေသည်။

ဒိုက်ဦးထောင်မှအထွက် လမ်းတွင် ကားမှောက်ပြီး ပစ်ကြခတ်ကြပါက လမ်းတစ်လျှောက် လူနေမြို့ရွာများ ရှိသောကြောင့် သတင်းကို မည်သို့မျှ ဖုံးဖိရနိုင်မည်မဟုတ်ကြောင်း ပဲခူး PDF ဒုတာဝန်ခံ ဦးကျော်ကျော်က ပြောသည်။

“(ဒိုက်ဦးထောင် တခြားနေရာတွေဆီ သွားတဲ့) ကြားမှာ ရွာတွေရှိတယ်။ လမ်းမှာ လူပြတ်တဲ့နေရာ လုံးဝမရှိပါဘူး”

“ကျနော်တို့ သုံးသပ်တာကတော့ တစ်နေရာတည်းမှာ အပြတ်ရှင်းတဲ့ပုံစံလို့ ယူဆထားပါတယ်” ဟု ဦးကျော်ကျော်က ပြောသည်။

ဒိုက်ဦးထောင်မှ သာယာဝတီထောင်နှင့် အင်းစိန်ထောင်များသို့ သွားရာလမ်းသည် မတူညီသည့်လမ်းကြောင်းများဖြစ်သည်။ ကားမှောက်ပြီး ပစ်ကြခတ်ကြပါက လမ်းတစ်လျှောက် လူနေမြို့ရွာများ ရှိသောကြောင့် သတင်းကို မည်သို့မျှ ဖုံးဖိရနိုင်မည်မဟုတ်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။

ဒိုက်ဦးထောင်တွင်း အကျဉ်းသားသတ်ဖြတ်မှုများက စစ်ကောင်စီထုတ်ပြန်သည့် ဇွန်လ ၂၇ ထက် စောနိုင်သည့် အထောက်အထားများလည်း ရှိနေသည်။

သတ်ဖြတ်ခံလိုက်ရသူများ၏ သတင်းကို ၎င်းတို့မိသားစုဝင်များ နောက်ဆုံးရရှိသည်မှာ မေလ ၂၅ ရက်နေ့တွင်ဖြစ်သည်။ ထိုနေ့က ၎င်းတို့သည် “တိုက်ပိတ်ခံလိုက်ရသည်” “ထောင်ပြောင်းခံလိုက်ရသည်” စသည့် သတင်းများ ကြားခဲ့ရကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

၁၅ ရက်တစ်ကြိမ် ပို့ခွင့်ရသည့် ထောင်ဝင်စာကို ဇွန်လလယ်ပိုင်းတွင် သွားပို့စဉ် ထောင်ဝင်စာကို လက်ခံထားသော်လည်း ဇွန်လကုန်တွင် သွားပို့သည့် ထောင်ဝင်စာကိုမူ ထောင်ဘက်က လက်မခံဘဲ ပြန်ပေးခဲ့ကြောင်း၊ အင်းစိန်နှင့် သာယာဝတီထောင် တစ်ခုခုသို့ ပြောင်းသည်ဟု သတင်းရသော်လည်း ထောင်ဘက်က တိတိကျကျ အဖြေမပေးကြောင်း မိသားစုဝင်အချို့က ဆိုသည်။

ထောင်ပြောင်းခံရသူများတွင် ပါသည့် ကိုမင်းဘုန်းမဟာ၊ ကိုဝေယံလွင်(ခ)ဂျာကြီးနှင့် ကိုအောင်သူရ လှိုင်(ခ)ဇီလောင်းတို့အကြောင်းကို အင်းစိန်ထောင်နှင့် သာယာဝတီထောင်တို့တွင် သွားရောက်စုံစမ်းသော်လည်း ရောက်မလာဘဲ သတင်းပျောက်နေသည်ဟု ၎င်းတို့၏ မိသားစုဝင်များနှင့် နီးစပ်သူများက ပြောသည်။

စစ်ကောင်စီထုတ် သတင်းများထဲမှ ဒိုက်ဦးထောင်

သတင်းအစအနပျောက်နေကြသူများ

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကမူ ထောင်ပြောင်းမည်ဟု ဆိုကာ ဇွန် ၂၇ တွင် ဒိုက်ဦးထောင်မှ ထုတ်သွားသူ ၃၇ ဦးအထိ ရှိကြောင်း ဇူလိုင် ၁၀ တွင် ထုတ်ပြန်သည်။ ထိုသူများကို သာယာဝတီနှင့် အင်းစိန်ထောင်များသို့ ထောင်ပြောင်းပို့ဆောင်ရန် ဖြစ်သည်ဟု ၎င်းတို့နားလည်ထားကြောင်း နိုင်ကျဉ်းအရေး ဆောင်ရွက်နေသူများက ဆိုသည်။

သို့သော် ထိုရက်တွင် သာယာဝတီထောင်သို့ ဒိုက်ဦးထောင်မှ ရောက်လာသူ ၁၁ ဦးသာရှိကြောင်း ကိုအောင်မျိုးသူ၏ မိသားစုနှင့် နီးစပ်သည့် နိုင်ငံရေးအကျဉ်းသားဟောင်း အမျိုးသားတစ်ဦးက ပြောသည်။

“…ကျန်တာ ပျောက်နေတယ်…” ဟု သူက ပြောသည်။

စစ်ကောင်စီ၏ နိုင်ကျဉ်းအဖြစ် ကိုယ်တိုင်ပင် ပဲခူးထောင်မှ ဒိုက်ဦးထောင်သို့ ထောင်ပြောင်းခံရဖူးသည့် ထိုသူက ထောင်ကပို့သည့်စာပါ အကြောင်းပြန်ချက်မှာ ယုတ္တိမရှိဟု ဆိုသည်။

“ထောင်ပြောင်းရင် အကျဉ်းဦးစီးက ဝန်ထမ်း ၂ ယောက်လောက်ပဲ လိုက်တာ သူတို့က ကားပေါ်တင်ပေးလိုက်တာပဲ ရှိတာ၊ ဒီဘက်ကို စစ်ကောင်စီက လုံခြုံရေးဆက်တာဝန်ယူတာ။ ထောင်ပြောင်းရင် ခြေချင်း က ၂ ယောက်ကို ၁ ကွင်းခတ်တာ အဲ့တော့ ထွက်ပြေးဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး” ဟု သူက ဆက်ပြောသည်။

ပဲခူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ စာရင်းအရ ဒိုက်ဦးထောင်မှ ထုတ်သွားသူ ၃၇ ယောက် ရှိပြီး အင်းစိန်ထောင်သို့ ရောက်နေသူ ၁၀ ဦး ဖြစ်သည်။ ၁၂ ဦး သေဆုံးကြောင်း သတင်းရထားပြီး ၁၅ ယောက်၏ သတင်းက အစအနပျောက်နေသည်ဟု ပဲခူး PDF ဒုတာဝန်ခံ ဦးကျော်ကျော်က ပြောသည်။

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၏ စာရင်းများကတော့ ဒိုက်ဦးထောင်မှ ထုတ်သွားသူ ၃၇ ဦးအနက် အင်းစိန်ထောင်သို့ ၁၇ ဦး နှင့် သာယာဝတီသို့ ၁၁ ဦးရောက်နေပြီး ကျန် ၉ဦးသည် သေဆုံး (သို့မဟုတ်) ပျောက်ဆုံး သူများဖြစ်နိုင်သည်ဟုဆိုသည်။

ကိုဇင်မြင့်ထွန်း(ခ)ရာလေး

စစ်ကောင်စီလက်တွင်းမှ အကျဉ်းသားများ

စစ်ကောင်စီက သတ်ဖြတ်လိုက်သည့် ကိုခန့်လင်းနိုင်သည် လွန်ခဲ့သည့် ၁ နှစ်ခွဲခန့်က ပဲခူးမြို့မှ မန္တလေးမြို့သို့ သွားစဉ် အမြန်လမ်းတွင် ဖမ်းခံခဲ့ရခြင်းဖြစ်ပြီး တောင်ငူနှင့် ပဲခူးမှ စစ်ကြောရေးစခန်းများမှတစ်ဆင့် ပဲခူးထောင်သို့ ပို့ခံခဲ့သည်။ ဖမ်းဆီးခံရစဉ်က အသက် ၁၉ နှစ်သာ ရှိသေးသော သူ့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၁၊ ၅၂ နှင့် ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က တို့ဖြင့် စစ်ကောင်စီက တရားစွဲတင်ခဲ့သည်။

၂၀၂၃ ခုနှစ်၊ ဧပြီလတွင် ပဲခူးထောင်မှ ပြစ်ဒဏ် ၁၀ နှစ်နှင့်အထက် ကျခံနေရသူတချို့ကို ဒိုက်ဦးထောင်သို့ ပြောင်းရွှေ့လိုက်ရာ ကိုခန့်လင်းနိုင်နှင့် အမှုတွဲတစ်ခုတည်းဖြစ်သည့် ယခု ထောင်ပြောင်းခံရပြီး အသတ်ခံရ၊ သတင်းပျောက် အစအနမရသော ကိုပြည့်ဖြိုးအောင်(ခ)ကိုပြည့်၊ ကိုမြတ်ကိုကိုလင်း(ခ)မင်း ဘုန်းမဟာ၊ ကိုအောင်မျိုးသူ၊ ကိုဝေယံလွင်(ခ)ဂျာကြီးတို့ ပါဝင်ခဲ့သည်။

အသတ်ခံရသည့် အသက် ၂၃ နှစ်အရွယ် အသက်ပြည့်ဖြိုးအောင်(ခ)ကိုပြည့်နှင့် အသက် ၂၇ နှစ်အရွယ် ကိုမြတ်ကိုကိုလင်း(ခ)မင်းဘုန်းမဟာတို့သည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၁ တွင်ပင် ပဲခူးမြို့၊ ရပ်ကွက်ကြီး (၆) ရှိ အဆောင်တစ်ခုတွင် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရသည်။

မင်းဘုန်းမဟာသည် အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်အထိ ပဲခူးလူငယ်အစည်းအရုံး၏ စည်းရုံးရေးတာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့ပြီး ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ခုနှစ်၊ မတ် ၁၀ က ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်တွင် ဖြိုခွင်းခံရသော ပညာရေးသပိတ်တွင် ပါဝင်ခဲ့သည့် ဗကသကျောင်းသားဟောင်းတစ်ဦးဖြစ်သည်။

အမှုတွဲတစ်ခုတည်းဖြစ်သည့် အသက် ၂၇ နှစ်အရွယ် ကိုဝေယံလွင်(ခ)ဂျာကြီးနှင့် အသက် ၄၃ နှစ်အရွယ် ကိုအောင်မျိုးသူတို့ သည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၄ တွင် ဟင်္သာတမြို့နယ်၊ မရိုးသောင်အုပ်စု၊ လယ်တီကျေးရွာတွင် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရသည်။

၎င်းတို့ကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် အမှုတွဲတစ်ခုတည်း စစ်ကောင်စီက ပဲခူးမြို့တွင် ဖြစ်ပွားခဲ့သည့် စစ်ကောင်စီ၏ အုပ်ချုပ်ရေးပစ်မှတ်များ ၉ ကြိမ်တိုက်ခိုက်ခံရမှုအတွက် စွပ်စွဲ တရားစွဲကာ ထောင် ၁၀ နှစ်မှ ၁၅ နှစ်အထိ အသီးသီးအမိန့်ချခဲ့သည်။

အသတ်ခံရသူ ကိုဇင်မြင့်ထွန်း(ခ)ရာလေးသည် ၂၀၂၂ ခုနှစ် မတ် ၁၀ က ဖမ်းဆီးခံရပြီး တစ်လအကြာ ဧပြီ ၅ တွင် ညောင်လေးပင်မြို့နယ်တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) ဖြင့် အမိန့်ချခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ထံမှ သိရသည်။ စစ်ကောင်စီ၏ သေဆုံးကြောင်း ပို့လာသော စာတွင်မူ ထောင်ဒဏ် (၅) နှစ် ကျခံရန် ရှိနေသည်ကို တွေ့ရသည်။

ထောင်ပြောင်းခံရပြီး သတင်းပျောက်နေသော ကိုအောင်သူရလှိုင်သည် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၁ က ပဲခူးမြို့တွင် ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့်ပင် ထောင်ဒဏ် ၄၁ နှစ် ကျခံထားရသူဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ကိုအောင်သူရလှိုင်

ယခု ထောင်ပြောင်းမည်ဆိုကာ ခေါ်ထုတ်သတ်ဖြတ်ခံရသူများသည် မေလ နောက်ဆုံးပတ်က ဒိုက်ဦးထောင်မှ ခေါ်ထုတ်စစ်ဆေးခံရသည်ဟု သတင်းထွက်ပေါ်ဖူးသူများလည်း ဖြစ်သည်။ ထိုစဉ်က ၂ ရက်အတွင်း PDF များနှင့် အဆက်အသွယ်ရှိသည်ဆိုကာ ကိုပြည့်ဖြိုးဟိန်း၊ ကိုအောင်သူရလှိုင်၊ ကိုဇင်မြင့်ထွန်း၊ ကိုအောင်မျိုးသူ၊ ကိုဝေယံလွင်နှင့် ၎င်းတို့နှင့် အမှုတွဲထဲမှ အသက် ၄၃ နှစ်အရွယ် ကိုသန့်ဇင်ဝင်းတို့ ခေါ်ထုတ် စစ်ဆေးခံခဲ့ရသည်။ထို့နောက် ကိုသန့်ဇင်ဝင်း အသတ်ခံလိုက်ရကြောင်း မေ ၂၇ တွင် ပဲခူးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ တွင် စစ်ဘက်ဆိုင်ရာထောက်လှမ်းရေးတပ်ရင်းတစ်ခုမှ ဗိုလ်မှူးသန်းထွဋ်နှင့် အဖွဲ့ကို နေပြည်တော်၏ တောင်ဘက် မိုင် ၄၀ ခန့်အကွာ၊ ရန်ကုန်-မန္တလေး အမြန်လမ်းအနီးတစ်ဝိုက်တွင် တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ရင်း ၃၅၀၁ က လုပ်ကြံသတ်ဖြတ်ခဲ့သည်။ အလားတူ လုံခြုံရေးအပြည့်နှင့် နေပြည်တော်မှ ထွက်ခွာလာသည့် စစ်ယာဉ်တန်းကို ရန်ကုန်-မန္တလေး အမြန်လမ်း ၁၆၉ မိုင်၊ ၄ ဖာလုံတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဇူလိုင်လ ၇ တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့သည်။

ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒုတာဝန်ခံ ဦးကျော်ကျော်က နှိပ်စက်သတ်ဖြတ်ခံလိုက်ရသည့် ၎င်းတို့၏ ရဲဘော်ရဲဘက်များအတွက် စစ်ကောင်စီထံ သတင်းစကားတစ်ခုပေးခဲ့သည်။

“ဒီရဲ့အကြွေးတွေကို ပြန်ဆပ်ရမယ်ဆိုတာ စစ်ကောင်စီကို ပြောချင်တယ်” ဟု ပဲခူး PDF ဒုတာဝန်ခံ ဦးကျော်ကျော်က ပြောသည်။

ထပ်မံဖြည့်စွက်ချက်

ယခုသတင်းဆောင်းပါး ရေးသားပြီးချိန်နောက်ပိုင်းတွင် ပျောက်ဆုံးစာရင်းဝင်နေသည့် နိုင်ကျဉ်း ၂ ဦး၏ မိသားစုများသည် အလားတူအကြောင်းပြချက်ဖြင့် ပစ်သတ်ခဲ့ကြောင်း ဒိုက်ဦးထောင်မှ ပေးပို့သည့် အကြောင်းကြားစာများ လက်ခံရရှိခဲ့သည်။ သေဆုံးကြောင်း ထပ်မံအတည်ပြုနိုင်သည့် နိုင်ကျဉ်းများမှာ ထောင်ဒဏ် တစ်သက် ချခံထားရသည့် ကိုနေအေး (ခ) အာကာထက်ပိုင်မျိုး နှင့် ထောင်ဒဏ် ၅ နှစ် ချခံထားရသည့် ကိုဘိုဘိုဝင်းတို့ ဖြစ်ကြသည်။

ထို့ကြောင့် ၂၀၂၃ ဇူလိုင် ၁၈ ရက်အထိ ဒိုက်ဦးထောင်တွင် ဖမ်းခံထားရစဉ် စစ်ကောင်စီ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရကြောင်း အတည်ပြုနိုင်သည့် နိုင်ကျဉ်းမှာ ၆ ဦးအထိရှိလာပြီး သေသည်ရှင်သည်ကို အတည်မပြုနိုင်သည့် နိုင်ကျဉ်း ၃ ဦး ရှိနေသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button