အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မကွေးထောင်မှ အကျဉ်းသား ၄၇ ဦး ထောင်ဒဏ် ၇ နှစ်စီ ထပ်မံချမှတ်ခံခဲ့ရ 

တိုက်ပွဲဖြစ်သည့် ကာလတွင် ထွက်ပြေးရန် ကြံစည်သည်ဟူသော စွပ်စွဲချက်ဖြင့် အကျဉ်းသား အများအပြား နှစ်ရှည်ထောင်ဒဏ် ထပ်တိုးချမှတ်ခံထားရသည်ဟု မကွေးထောင် သတင်းရင်းမြစ်များက ပြောသည်။

မကွေးအကျဉ်းထောင်တွင် ယမန်နှစ်က အကျဉ်းသား ၄၈ ဦး ထောင်ဖောက်ရန် ကြိုးပမ်းသည် ဆိုသည့် စွပ်စွဲချက်ဖြင့် ထောင်ဒဏ် ခုနစ်နှစ်စီ ချမှတ်ခံရသည်၊ ထိုအထဲမှ တစ်ဦးမှာ နှိပ်စက် စစ်ကြောစဉ်က သေဆုံးခဲ့သည်ဟု မကြာသေးမီက ထိုထောင်မှပြန်လည်လွတ်မြောက်လာသူ အမျိုးသားတစ်ဦးထံက သိရသည်။

၂၀၂၅ ခုနှစ် ဧပြီလ ၁၃ ရက်တွင် အဆိုပါထောင်၌ ရှိနေသော စစ်သားများကို တော်လှန်ရေးအဖွဲ့က သွားရောက် တိုက်ခိုက်ပြီးနောက် ထိုဖြစ်ရပ်ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်ဟု အထက်ပါ နိုင်ငံရေးအကျဉ်းသားဟောင်း က ပြောသည်။

ထိုနှစ် ဇူလိုင်လတွင် အမိန့်ချခဲ့ခြင်းဖြစ်သည်၊  သေဆုံးသူမှာ နိုင်ငံရေးအကျဉ်းသား ကိုမြတ်ကို ဖြစ်သည်ဟု သူက ဆက်ပြောသည်။

“ထောင်ဖောက်ရန်ကြိုးပမ်းတယ်ဆိုပြီး ခေါင်းစဉ်တပ်ပြီးတော့ ပါဝင်ပတ်သက်ခြင်းမရှိတဲ့ အကျဉ်းသားတွေကို အပြင်းအထန်ရိုက်နှက် စစ်ဆေးတယ်။ ပြီးတော့ ထပ်တိုးထောင်ဒဏ်တွေ ချလိုက်တာ” ဟု အဆိုပါအမျိုးသားက ဆိုသည်။

”သူတို့ကတော့ ထောင်တွင်းလှုပ်ရှားမှုတွေမှာပါဝင် ဦးဆောင်လေ့ရှိသူတွေဆိုတော့ အခုလိုနှိပ်ကွပ်တာ” 

သေဆုံးသွားသူသည် ထောင်အတွင်း ဘာသာရေး လွပ်လပ်ခွင့်များအတွက် ထောင်အာဏာပိုင်များထံ တောင်းဆိုလေ့ရှိသူဟုလည်း သိရသည်။ ထိုအချက်ကို အခြေခံ၍ ထောင်အာဏာပိုင်များ၏ အငြိုးထားခြင်းခံရသူဖြစ်သည်ဟုလည်း ပြောသည်။

“အဲဒီအချိန်တုန်းက (အစ္စလာမ်ဘာသာဝင်များ၏) ဥပုသ်လဖြစ်နေတဲ့အချိန်မှာ သူ့ကို သီးသန့်ခေါ်ထုတ်သွားပြီးတော့ စစ်ကြောရေးလုပ်ရင်းနဲ့ လက်လွန်ပြီးသေသွားတာ။ သေဆုံးပြီးတော့ နှစ်ရက်နေတော့ အလောင်းကို သူ့မိသားစုတွေက ပြန်ထုတ်ခွင့်ရတယ်။ အစ္စလာမ်ဘာသာအရ သင်္ဂြိုဟ်ခွင့်ရတယ်”ဟု ဆိုသည်။

ထောင်ဒဏ် ထပ်မံချမှတ်ခံရသူများထဲတွင်  ကိုမင်းသွေး၊ မုံရွာမြို့မှ ဗုဒ္ဓအလင်းရောင်ဆရာတော် (ခ) ဦးစိုးသက်၊ မုံရွာမြို့နေ ရှေ့နေ ဦးမိုးဇော်ဦး၊ ပြင်ဦးလွင်မြို့နေ အစ္စလာမ်ဘာသာရေးဆရာ ဦးမြတ်ကို (ခ) ကဗျာဆရာ မီးသွေးဖြူ၊ ကိုကျော်ဇင်ဦး (ခ) ကဗျာဆရာ ကိုကျော်ကြီး စသည့် နိုင်ငံရေးအကျဉ်းသားများလည်း ပါဝင်သည်ဟု ဆိုသည်။

၂၀၂၂ ခုနှစ်အတွင်း ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာအနီး ဖမ်းဆီးခံခဲ့သည့်  မန္တလေးမြို့ခံ အသက် ၃၈ နှစ်အရွယ် ကဗျာဆရာ ကိုကျော်ကြီးမှာ NLD ပါတီဝင်တစ်ဦးဖြစ်သည်ဟု ၎င်း၏ မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ကိုကျော်ကြီးဆိုရင် ရိုက်ခံရတဲ့ဒဏ်တွေများပြီး၊ အစပိုင်းဆေးကုမပေးတော့ သူ့တင်ပါးပုပ်သွားတာ၊ ပုပ်သွားပြီး ခွဲထားရတာ။ သူ့ပေါင်သားကို လှီးထုတ်ပြီးတော့ အစားထိုးထားရတယ်၊ သူ့ကို လက်ရှိ အခြေအနေမှာက မသက်သာမှ ဆေးရုံခဏတင်လိုက်၊ ပြီးရင်တိုက်ထဲပြန်ထားလိုက်၊ အဲဒီလိုပုံစံမျိုး ဖြစ်နေတာ”ဟု သူက ပြောသည်။

မိသားစုနှင့်ရင်းနှီးသူ အမျိုးသမီးတစ်ဦးကို Myanmar Now က ဆက်သွယ်မေးမြန်းရာ ထိုသူက ထောင်တွင်း ဖြစ်ရပ်တစ်ခုကြောင့် ကိုကျော်ကြီး ထပ်တိုးထောင်ဒဏ်ချခံရသည်ဟု သိရကြောင်းပြောသည်။

“သူ့အိမ်ကလည်း မပြေလည်တော့ ဟိုးအစကတည်းက ထောင်ဝင်စာဆိုတာလည်း မပို့နိုင်ဘူး။ အစ်မတို့လည်း တခါတခါကူပေးပါတယ်။ အဲဒီမကွေးဖြစ်စဉ်ပြီးတဲ့နောက် သူနှိပ်စက်ခံရတဲ့ ဒဏ်ရာတွေ ရတယ်။ ကျန်းမာရေးဆိုးရွားနေတယ်လို့သိရတယ်။ နောက်ပိုင်း အဆက်အသွယ်မရသေးဘူး” ဟု အသက် ၄၀ အရွယ် ထိုအမျိုးသမီးက ပြောပြသည်။

ထောင်များတွင် သင့်လျော်သည့် အစားအစာ ချို့တဲ့သဖြင့် မိသားစု ထောင်ဝင်စာ ပေးပို့ခြင်းမှာ အကျဉ်းသားအတွက် လွန်စွာအရေးကြီးသည်။ 

၎င်းတို့ကို  တရားရုံးတင်စစ်ဆေးခြင်း မပြုဘဲ အမိန့်ချရာတွင် အသုံးပြုခဲ့သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က) တွင် အကြမ်းဖက်အုပ်စု သို့မဟုတ် အကြမ်းဖက်သမားများနှင့် ဆက်သွယ်ခြင်း၊ ၎င်းတို့၏ လုပ်ငန်းများတွင် ပါဝင်ခြင်း သို့မဟုတ် ထောက်ပံ့ကူညီခြင်းများအတွက် အမြင့်ဆုံးထောင်ဒဏ် ခုနစ်နှစ်အထိ ချမှတ်နိုင်သည်ဟု အာဏာသိမ်းခေါင်းဆောင်က ၂၀၂၁ ခုနှစ် ဩဂုတ်လအတွင်း လက်မှတ်ထိုးကာ ပြင်ဆင်ထားသည်။

ထောင်ဒဏ် ခုနစ်နှစ် ထပ်တိုးအမိန့်ချမှတ်ခံရသူများအနက် ကိုကျော်ကြီးသည် အကြမ်းဖက်ပုဒ်မ၅၂(က)၊ ၅၀(ည)တို့ဖြင့် ထောင်ဒဏ်နှစ် ၃၀ ချမှတ်ခံထားရပြီး ဖြစ်သည်။ 

ကိုမင်းသွေးသည် ပုဒ်မ ၅၂ (က) ဖြင့် ထောင်ဒဏ် ခုနစ်နှစ်ကျခံနေရသူဖြစ်သည်။ 

ဗုဒ္ဓအလင်းရောင်ဆရာတော် (ခ) ဦးစိုးသက်သည် ပုဒ်မ၅၂(က)၊ (ခ)၊  ရှေ့နေကိုမိုးဇော်ဦးသည်လည်း ပုဒ်မ၅၂ (က) ဖြင့် လေးနှစ်စီ ကျခံနေရသူများ ဖြစ်သည်။

ထောင်တွင်း ထူးခြားဖြစ်စဉ်များနှင့် ပတ်သက်၍ အကျဉ်းဦးစီးဌာနက သတင်းအမှောင်ချထားသည်။ 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက မကွေးထောင်အတွင်း အကျဉ်းသား အများအပြားကို ထိုသို့ ထောင်ဒဏ်ထပ်မံတိုးမြှင့်ထားသည်ကို သတင်းရရှိခဲ့ကြောင်း၊ ထောင်ပြောင်းရွှေ့ခံရသည်ဟုလည်း ကြားသိရကြောင်း ပြောသည်။

မကြာသေးမီကာလက မကွေးအကျဉ်းထောင်အတွင်းမှ ပေးပို့ခဲ့သည့် စာတစ်စောင်ကို Myanmar Now က ဖတ်ရှုခွင့်ရခဲ့သည်။ ထိုစာထဲတွင် အကျဉ်းသား အများအပြား ထပ်တိုးထောင်ဒဏ် ခုနစ်နှစ် ချမှတ်ထားကြောင်းပါရှိပြီး အကျဉ်းသားအချို့ကို အင်းစိန်ထောင်သို့ပြောင်းရွှေ့ခြင်း၊ အကျဉ်းထောင်အတွင်း ထောင်အရာရှိနှင့်ဝန်ထမ်းများက ဖိနှိပ်မှုများပြုလုပ်နေခြင်း စသည့်အခြေအနေများ ပါဝင်သည်။

ကျန်းမာရေးမကောင်းသော၊ ဒဏ်ရာရရှိထားသော အကျဉ်းသားများ သင့်လျော်သည့် ကုသမှု မရရှိခြင်း၊ ဆရာဝန်နှင့် ဆေးဝါး မလုံလောက်ခြင်း၊ အခန်းလွတ်များရှိသော်လည်း လူ ၃၀ သာဆံ့သည့် အဆောင်ခန်း တစ်ခုလျှင် လူ ၆၀ ကျော် နေထိုင်ရခြင်း၊ ရေချိုးသည့်အခါ တစ်ဦးလျှင် ခွက် ၂၀ သာ ချိုးရခြင်း စသည့် အခြေအနေဆိုးများနှင့် ရင်ဆိုင်နေရသည်ဟု အဆိုပါစာထဲတွင် ရေးသားထားသည်။

၂၀၂၅ ဧပြီလ တိုက်ခိုက်မှု

ထောင်သည် မကွေးမြို့နှင့် ဆယ်မိုင်ခန့်အကွာတွင် တည်ရှိပြီး မကွေး- ရေနံချောင်း ကားလမ်းဘေး၌  လယ်ကွင်းများကို မျက်နှာချင်းဆိုင် တည်ဆောက်ထားခြင်းဖြစ်ပြီး  အနီးတွင် အမှတ် (၂၅) ရဲတပ်ရင်း အခြေစိုက်ထားသည်။

ယမန်နှစ်က ထောင်တွင် ဖြစ်ပွားသော တိုက်ပွဲတွင် နှစ်ဖက်လက်နက်ကိုင်များ ထိခိုက်မှုမည်မျှ ရှိသည်ကို မသိရသော်လည်း   နိုင်ငံရေးအကျဥ်းသားနှစ်ဦးသေဆုံးခဲ့သလို၊ ၎င်းတို့အနက်တစ်ဦးမှာ ကိုစောရွှေအောင်ဖြစ်ကြောင်း သိရသည်။ နိုင်ကျဉ်းအချို့လည်း ဒဏ်ရာရသည်ဟု သိရသည်။

တိုက်ခိုက်မှုနှင့် ဆက်စပ်သည်ဟူသော စွပ်စွဲချက်ဖြင့်  အကျဥ်းသား စုစုပေါင်း ၄၀၀ ခန့် ရိုက်နှက်နှိပ်စက်ခံခဲ့ရကြောင်း၊ ခါး၊ ခြေထောက်၊ တင်ပါးတို့တွင် ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာပြင်းထန်သူ နိုင်ကျဉ်း ၂၀၀ ခန့် ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ၂၀၂၅ ခုနှစ် မေလ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။ 

ဒဏ်ရာပြင်းထန်သူများထဲတွင် မင်းဘူး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်း၊ ကိုဖြိုးဆိုသူတို့ ပါဝင်သည်ဟု PPNM က ဆိုသည်။ 

ထောင်အာဏာပိုင်များသည် တိုက်ခိုက်မှုဖြစ်စဉ်အပြီး တစ်လကျော်ကြာသည့်တိုင် ဒဏ်ရာရအကျဉ်းသားများကို ဆေးကုသခွင့်မပေးသေးသည့်အပြင် နိုင်ကျဉ်းအများစုကို တိုက်ပိတ်အရေးယူထားသည်ဟု ထိုစဉ်က PPNM ၏ ထုတ်ပြန်ချက်အရ သိရသည်။ 

တိုက်ပိတ်ခြင်းဆိုသည်မှာ လေနှင့်အလင်းရောင် ဝင်ရောက်မှု မရှိသလောက်နည်းပါးသည့် အခန်းကျဉ်းထဲတွင် အကျဉ်းသားကို ပိတ်လှောင်ထားခြင်း ဖြစ်သည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button