ပြီးခဲ့သည့်သီတင်းပတ် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့သိမ်းစစ်ဆင်ရေးအတွင်း နိုင်ငံရေးအကျဉ်းသားများကို ရဲအချုပ်ခန်းမှ ကယ်ထုတ်နိုင်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အမှတ် (၁) စစ်ဒေသက ယမန်နေ့ (သြဂုတ် ၂၀) တွင် သတင်းထုတ်ပြန်သည်။
မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်စခန်းနှင့် မိုင် ၄၀ ကျော် ကွာဝေးသည့် ဒီပဲယင်းကို NUG လက်အောက်ခံတပ်များက ၃ ရက်ကြာတိုက်ခိုက်ခဲ့ပြီး သြဂုတ် ၁၈ နံနက်ပိုင်းတွင် မြို့ကို ထိန်းနိုင်ခဲ့သည်။ နာရီပိုင်းခန့်အကြာတွင် စစ်ကောင်စီ၏ တန်ပြန်ထိုးစစ်ကြောင့် တော်လှန်ရေးတပ်များသည် မြို့တွင်းမှ ပြန်လည်ဆုတ်ခွာခဲ့ကြရသည်။
- အသိမ်းခံရသည့် ဒီပဲယင်းမြို့ကို စစ်ကောင်စီပြန်လည်ထိန်းချုပ်
- ဒီပဲယင်းမြို့ကနေ တော်လှန်ရေးတပ်တွေ ဘာကြောင့် ပြန်ဆုတ်ရသလဲ
သြဂုတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် မြို့နယ်ရဲစခန်းရှိ နိုင်ငံရေးအကျဉ်းသားအများစုပါဝင်သော အချုပ်သား ၂၀ ခန့်ကို ကယ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစုထံမှ သိရသည်။
အများစုမှာ လူလတ်ပိုင်း အရွယ်များဖြစ်သည်၊ သက်ကြီးပိုင်းအရွယ် အမျိုးသမီးတစ်ဦး ပါဝင်သည်ဟု တော်လှန်ရေးအင်အားစုက ဆိုသည်။
ထောင်ဒဏ်နှစ်ရှည်ချနိုင်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် အမှုဖွင့်ခံထားရသူ အများအပြားပါဝင်သည်ဟုလည်း တော်လှန်ရေးအင်အားစုက ဆိုသည်။
အသေးစိတ် အချက်အလက်များကို သိရှိနိုင်ရန် Myanmar Now က ဆက်သွယ် မေးမြန်းနေဆဲဖြစ်သည်။
နိုင်ကျဉ်းများကို မိသားစုထံ ပြန်အပ်ထားပြီး ဖြစ်သည်ဟု ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဒီပဲယင်း ပကဖ) တာဝန်ခံ ကိုသစ္စာက ပြောသည်။
ထိုးစစ်အတွင်း စစ်သားနှင့် ရဲတချို့ စခန်းစွန့်ခွာ ထွက်ပြေးသွားချိန်တွင် အချုပ်သားများကို ဆက်လက် ပိတ်လှောင်ထားခဲ့သည်၊ အသံပေး ဆက်သွယ်နိုင်သဖြင့် ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည့် 96 soldiers PDF အဖွဲ့မှ စစ်ဆင်ရေးတာဝန်ခံ ရဲဘော်မန်းလေးက ပြောသည်။
“အချုပ်သားတွေဆိုရင် အသံပေးဆိုတော့မှ ဝိုင်းအော်ကြတာ။ နှစ်ခါ၊ သုံးခါ အော်ခိုင်းတော့၊ အော်တော့မှ အချုပ်သားတွေမှန်း သိတာ” ဟု သူက ပြောသည်။
မြို့သိမ်းတိုက်ပွဲအတွင်း လက်နက်ချ အညံ့ခံသည့် ပြည်သူ့စစ် ၂ ဦး အပါအဝင် စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်း ၄၁ ဦးနှင့် မိသားစုဝင် ၈၀ ကို ထိန်းသိမ်းထားသည်ဟု စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဩဂုတ် ၁၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ဖမ်းဆီးရမိထားသူများကို ဂျီနီဗာကွန်ဗင်းရှင်းနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ထားသည်၊ တရားစွဲဆိုရန် လိုအပ်သူများကို ဝန်ကြီးဌာန လမ်းညွှန်ချက်နှင့်အညီ ဆက်လက်ဆောင်ရွက်သားမည်ဟု မြို့နယ်ပကဖတာဝန်ခံ ကိုသစ္စာက ပြောသည်။
ဖမ်းဆီးရမိထားသူများထဲမှ မီးသတ်၊ ကျန်းမာရေး၊ ပညာရေးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများကို အရေးယူရေးနှင့် ပတ်သက်ပြီး ကြားကာလဗဟိုအစိုးရ၏ သက်ဆိုင်ရာ ကော်မတီထံ တင်ပြထားသည်၊ တရားစွဲဆိုရန် မလိုအပ်သူများကိုလည်း စစ်ကောင်စီနှင့် ထပ်မံ မပူးပေါင်းရန် ကတိခံဝန်ချက်ထိုးစေမည်ဟု ပကဖတာဝန်ခံက ဆိုသည်။
ရဲစခန်း၊ ထွေအုပ်ရုံး၊ ဝန်ထမ်းအိမ်ရာ၊ ရွှေဇာလီဘုရားကုန်း၊ စာရင်းစစ်ရုံး၊ ဇွဲစားသောက်ဆိုင်နှင့် အထက်တန်းကျောင်းတွင် အင်အား ၈၀ နီးပါးဖြင့် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များကို NUG လက်အောက်ခံ ရွှေဘိုခရိုင် PDF တပ်ရင်းများ၊ ပကဖများ၊ ဒေသကာကွယ်ရေးအဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့သည်။
မြို့သိမ်းပြီး နာရီပိုင်းအကြာတွင် စစ်တပ်ကလေကြောင်းဖြင့် ပစ်ခတ်ကာ စစ်အင်အားဖြည့်တင်းလာဖြင့် တော်လှန်ရေးအင်အားစု ဆုတ်ခွာခဲ့ရပြီးနောက် စစ်တပ်က မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည်။
ဒီပဲယင်းမြို့သိမ်းတိုက်ပွဲတွင် တော်လှန်ရေးပူးပေါင်းအဖွဲ့များဘက်မှ ၄ ဦးသေဆုံးကြောင်း၊ စစ်ကောင်စီဘက်မှ ၁၈ ဦး သေဆုံးကာ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျန်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားကြောင်း အမှတ် (၁) စစ်ဒေသက ကြေညာသည်။
လက်နက် ၂၂ လက်နှင့် ခဲယမ်းများအပြင် ငွေကျပ် သိန်း ၃၄၀ ကျော် သိမ်းဆည်းရမိသည်ဟု ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဩဂုတ် ၁၈ ရက်နေ့ ညနေပိုင်း မြို့ထဲဝင်ရောက်သည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ကုန်းသာဦးကျောင်း၊ ပုပ္ဖာရုံကျောင်းအပါအဝင် နေရာတချို့တွင် ဖြန့်ခွဲနေရာယူထားပြီး အနီးဝန်းကျင် ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်၊ ၂၀ ရက်နေ့ နံနက်ပိုင်းက စတင်ကာ မြို့ပေါ်ကို နှစ်ရက်ဆက်တိုက် မီးရှို့နေသည်ဟု ဒေသခံများက ဆိုသည်။
“မနေ့က ဒီပဲယင်း အနောက်ကွက်သစ်ကို မီးရှို့နေတာ။ မီးခိုးတွေမြင်နေရတယ်။ ဒီနေ့လည်း မီးရှို့နေတယ်။ ဒီနေ့က ဆရာစံခန်းမရဲ့ အနောက်ဘက်ဝန်းကျင်လောက်က မီးခိုးတွေတက်လာတာ တွေ့ရတယ်” ဟု စစ်ရှောင်အရေးကူညီပေးနေသည့် ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့မှ ကိုဖြိုးက ပြောသည်။
စစ်တပ်၏ လက်နက်ကြီးနှင့် လေကြောင်းရန်ကြောင့် မြို့ပေါ်ရပ်ကွက်နှင့် အနီးဝန်းကျင်ကျေးရွာများမှ ထောင်နှင့်ချီသည့် ဒေသခံတို့မှာ နေရပ်မပြန်ရဲသေးဘဲ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။
ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှစတင်ကာ နိုင်ငံအနှံ့ မြို့သိမ်းတိုက်ပွဲများ ပေါ်ပေါက်လာရာ ထိုမြို့များရှိ အကျဉ်းထောင်၊ ရဲစခန်းတို့တွင် ချုပ်နှောင်ထားသည့် အကျဉ်းသားများကို ကယ်ထုတ်နိုင်ခဲ့သည်။
- မန်းအချုပ်ကားပေါ်က PDF တွေကို သည်းထိတ်ရင်ဖို ဘယ်လိုကယ်တင်ခဲ့လဲ
- စစ်တပ်က ဓားစာခံလုပ်ထားသော နိုင်ကျဉ်း ၁၃ ဦး မတူပီတိုက်ပွဲတွင် ပြန်လွတ်
- ဟားခါးရဲစခန်းကို ချင်းတော်လှန်ရေးတပ်များ ဝင်စီးပြီး နိုင်ငံရေးအကျဉ်းသား ၅၀ ကျော်ကို ကယ်ထုတ်
ပြီးခဲ့သည်လက ချင်းတော်လှန်ရေးအင်အားစု၏ ချင်းပြည်နယ် မတူပီမြို့သိမ်းတိုက်ပွဲအတွင်း စစ်တပ်က လူသားဒိုင်းအဖြစ် အသုံးပြုခဲ့သည့် နိုင်ငံရေးအကျဉ်းသား ၁၃ ဦး ပြန်လည်လွတ်မြောက်လာသည့်နည်းတူ ပြည်နယ်မြို့တော် ဟားခါးမြို့ ရဲစခန်းကို တော်လှန်ရေးအင်အားစုက စီးနင်းတိုက်ခိုက်ပြီး နိုင်ငံရေးအကျဉ်းသား ၅၀ ကျော်ကို ကယ်ထုတ်နိုင်ခဲ့သည်။