
မကြာသေးမီက ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့ကို တော်လှန်ရေးအင်အားစုက တိုက်ခိုက်သိမ်းပိုက်လိုက်ရာ နိုင်ငံရေးအကျဉ်းသား ၁၃ ဦး ပြန်လွတ်လာကြောင်း၊ ၎င်းတို့ကို စစ်ကောင်စီတပ်က ခိုင်းစေခဲ့သလို လူသားဒိုင်းအဖြစ် အသုံးပြုခဲ့ကြောင်း သိရသည်။
အသက် ၁၈ နှစ်နှင့် ၃၅ နှစ်ကြား အမျိုးသား ၁၂ ဦး၊ အသက် ၄၀ အရွယ် အမျိုးသမီး ၁ ဦး ဖြစ်သည်ဟု မတူပီတိုက်ပွဲတွင် ပါဝင်သည့် ချင်းပြည်သူ့ကာကွယ်ရေးတပ် (CDF) မတူပီ (တပ်မဟာ-၁) က သတင်းထုတ်ပြန်သည်။
ဇွန်လ (၆) ရက်နေ့တွင် စစ်ကောင်စီက ရဲစခန်းအချုပ်မှ နိုင်ငံရေးအကျဉ်းသားများကို စစ်တပ်စခန်းများဘက်သို့ ရွေ့ပြောင်း ချုပ်နှောင်ခဲ့သည်၊ တိုက်ပွဲအတွင်း စစ်ကြောင်းများတွင် ထည့်ခဲ့ပြီး ဒဏ်ရာရ စစ်သားများသယ်ဆောင်ရာတွင် အတင်းအဓမ္မ ခိုင်းစေခဲ့သည်ဟု ဇူလိုင် ၄ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လွတ်မြောက်လာသူထဲမှ ပညာရေးဝန်ထမ်း ဦးဗန်ကစ်လျန်၏ ပြောဆိုချက် ရုပ်သံလည်း ပါဝင်ပြီး သူက ၎င်းတို့ကို စစ်ကောင်စီတပ်က ခေါ်ဆောင်သွားစဉ် တော်လှန်ရေးတပ်များ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် လွတ်မြောက်လာခြင်းဖြစ်ကြောင်း ပြောထားသည်။
“စစ်ကောင်စီက အချုပ်သူအချုပ်သားတွေကို လူသားဒိုင်းအဖြစ် သုံးချင်ပုံရပါတယ်၊ ဒဏ်ရာရထားတဲ့ တပ်မတော်သားတွေကို ထမ်းခိုင်းပါတယ်။ ထမ်းခိုင်းပြီး တစ်လျှောက်လုံး ကျွန်တော်တို့ကို ခေါ်သွားပါတယ်” ဟု ဦးဗန်ကစ်လျန်က ပြောသည်။
လင်မယားနှစ်ယောက်လုံး အဖမ်းခံရပြီး ၄ နှစ်အရွယ် သားဖြစ်သူကို မိဘဆွေမျိုးများရှိရာ အဝေးသို့ ပို့ထားရကြောင်း၊ ၅၀၅ (က) ဖြင့် အမှုဖွင့်၊ တရားစွဲဆိုခံရချိန်တွင် ဇနီးဖြစ်သူမှာ စစ်ကောင်စီတပ်စခန်းတွင် သေဆုံးခဲ့ရကြောင်း အသက် ၃၅ နှစ်အရွယ်ရှိ ဦးဗန်ကစ်လျန်က ပြောသည်။
“(ကျွန်တော့်ကို ထောင်ဒဏ် ၃ နှစ်) ချပြီးတော့ ရက်ပိုင်းအလိုလောက်မှာပဲ ကျွန်တော့်ရဲ့ဇနီးသည်လည်း စစ်တပ်ထဲမှာ သတ်ခံရတယ်ဆိုတာ ပြန်သိရတယ်၊ အဲဒါတွေက ကျွန်တော့်အတွက် တကယ် ဝမ်းနည်းစရာတွေပဲ”
ဇနီးဖြစ်သူကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်ဟု CDF မတူပီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၎င်းတို့ ချုပ်နှောင်ခံထားရပြီး ခက်ခဲနေချိန်တွင် မတူပီမြို့အခြေစိုက် ခရစ်ယာန်အသင်းတော်များ၊ ရပ်မိရပ်ဖများက ကူညီထောက်ပံ့ကြောင်း ဦးဗန်ကစ်လျန်က ဆိုသည်။ အမေရိကန်နိုင်ငံအခြေစိုက် ခရစ်ယာန်အသင်းတော်တို့၏ ထောက်ပံ့မှုကိုလည်း ရရှိခဲ့သည်ဟု ဆိုသည်။
ဆက်လက်၍ ဦးဗန်ကစ်လျန်က စစ်ကောင်စီတပ်သည် အင်အားနည်းပါးလာနေပြီး တော်လှန်ရေးအင်အားစုများ အင်အားကောင်းလာသဖြင့် နိုင်ငံရေးအကျဉ်းသားများ စိတ်ဓာတ်မကျကြရန် အားပေးသည်။
“ကျွန်တော်တို့ နွေဦးတော်လှန်ရေးအောင်မြင်မယ်ဆိုတာ ဧကန်မုချပါပဲ။ အမျိုးမျိုးချုပ်နှောင်ခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဘာမှ စိတ်ဓာတ်ကျစရာမလိုဘဲနဲ့ မကြာမီရောက်လာတော့မယ်ဆိုတာ အားပေးလိုပါတယ်” ဟု ၎င်းက ဆိုသည်။
ဦးဗန်ကစ်လျန်သည် CDM ခေါ် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါင်ထားသူ ဖြစ်သည်။
ပြန်လွတ်လာသူများသည် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) အပါအဝင် ဖောက်ခွဲပုဒ်မ (၅) နှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် တရားစွဲခံခဲ့ရသူများဖြစ်ပြီး ၂ ဦးမှာ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံထားရသည်။
အသက်အငယ်ဆုံးမှာ ၁၈ နှစ်ဖြစ်ပြီး လွန်ခဲ့သည့် ၂ နှစ်က ဖမ်းဆီးခံထားရသူ ဖြစ်သည်။
မတူပီမြို့မရဲစခန်းတွင် ချုပ်နှောင်ခံထားရသည့် နိုင်ငံရေးအကျဉ်းသား အယောက် ၂၀ ရှိကြောင်း၊ ၁၃ ဦးသာ ရရှိထားပြီး ပျောက်နေသည့် ၇ ဦးကို ဆက်လက်ရှာဖွေနေကြောင်း မတူပီ (တပ်မဟာ-၁) တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။
ချင်းညီနောင်နှင့် မဟာမိတ်လက်နက်ကိုင်တပ်များသည် မတူပီမြို့ရှိ စစ်ကောင်စီတပ်ရင်း ၂ ရင်းနဲ့ စစ်ဗျူဟာကို ဇွန်လ ၉ ရက်တွင် စတင်ထိုးစစ်ဆင်ခဲ့ပြီး ဇွန်လ ၁၇ ရက်တွင် ခမရ (၃၀၄) တပ်ရင်းကို ဦးစွာသိမ်းသည်။
ကျန်ရှိသည့် စစ်ဗျူဟာကုန်းနှင့် ခလရ (၁၄၀) ကို ဇွန်လ ၂၉ ရက်တွင် အပြီးသတ်သိမ်းပိုက်ပြီး မတူပီမြို့ကို ထိန်းချုပ်လိုက်ခြင်းဖြစ်သည်။
တော်လှန်ရေးအင်အားစုက မတူပီမြို့ကို ထိန်းချုပ်လိုက်သော်လည်း မြို့အတွင်း စစ်လက်နက်အကြွင်းအကျန်များ မရှင်းလင်းရသေးသဖြင့် ဒေသခံ ၃၀၀၀ ခန့် အိမ်မပြန်နိုင်သေးကြောင်း စစ်ရှောင်များကို ကူညီနေသည့် အိန္ဒိယနိုင်ငံအခြေစိုက် ချင်းတိုင်းရင်းသူ အမျိုးသမီးတစ်ဦးက ဆိုသည်။
မတူပီမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ တိုက်လေယာဉ်က ဗုံးကြဲတိုက်ခိုက်သဖြင့် မြို့ရှိ ခရစ်ယာန်ဘာသာရေးဆိုင်ရာနေရာများဖြစ်သော ယူနီယံ ဓမ္မကောလိပ်၊ မတူပီ နှစ်ခြင်းအသင်းတော်နှင့် ထပ်ဒွန်း နှစ်ခြင်းဘုရားကျောင်းတို့သည်လည်း ပျက်စီးရကြောင်း (CDF) မတူပီ (တပ်မဟာ-၁) က သတင်းထုတ်ပြန်သည်။
ချင်းညီနောင်အဖွဲ့ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်တွင် ဖွဲ့စည်းသည်။
အဖွဲ့တွင် ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU)၊ ချင်းကာကွယ်ရေးတပ် (ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရေးတပ် (မတူပီ) တပ်မဟာ (၁) နှင့် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC) ဆိုသည့် အဖွဲ့ ၆ ဖွဲ့ ပါဝင်သည်။
မတူပီမြို့သိမ်းစစ်ဆင်ရေးတွင် ချင်းညီနောင်နှင့်အတူ အာရက္ခတပ်တော် (AA)၊ Yaw Army (YA)၊ ယောကာကွယ်ရေးတပ် (YDF) တို့ မဆုတ်မနစ် ပူးပေါင်းပါဝင်ခဲ့သည်ဟု ချင်းညီနောင်အဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။