ချင်းပြည်နယ်မြို့တော် ဟားခါးမြို့မှ မြို့မရဲစခန်းကို ယနေ့ (ဇူလိုင် ၂၀) ရက် နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီး နိုင်ငံရေးအကျဉ်းသား ၅၀ ကျော်အပါအဝင် အကျဉ်းသား ၆၂ ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးအဖွဲ့ ဟားခါး (CDF Hakha) ထံမှ သိရသည်။
ဟာခါးမြို့၊ ဈေးဟောင်းရပ်ကွက်ရှိ မြို့မရဲစခန်းကို ယနေ့နံနက် ၅ နာရီခွဲဝန်းကျင်တွင် စတင်စီးနင်းပြီးနောက် ၄၅ မိနစ်ခန့်အတွင်း ရဲစခန်းကို စီးနင်းသိမ်းပိုက်ကာ ထိုစခန်းတွင် ချုပ်နှောင်ထားသည့် အမျိုးသား ၄၉ ဦးနှင့် အမျိုးသမီး ၁၃ ဦးတို့ကို ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကယ်ထုတ်နိုင်ခဲ့သည့် အကျဉ်းသားများအနက် အာဏာသိမ်းပြီးနောက် တော်လှန်ရေးနှင့် ဆက်နွှယ်သည်ဟု အကြောင်းပြကာ နိုင်ငံရေးပြစ်မှုများဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၅၀ ကျော် ပါဝင်ကြောင်း CDF ဟားခါး တပ်မဟာ (၄) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“မိန်းကလေး သုံးလေးယောက်လောက်ပဲ နိုင်ငံရေးပြစ်မှုမဟုတ်ဘဲ သာမန်ပြစ်မှုနဲ့ ဖမ်းထားတာ ပါတာရှိတယ်။ ကျန်တာအများစုက တော်လှန်ရေးဖြစ်တဲ့အချိန်မှာ သူတို့ဖုန်းမှာ မသင်္ကာတာ တွေ့ရှိတဲ့ပြစ်မှုနဲ့ ဖမ်းထားခံရသူတွေလည်း ရှိတယ်” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။
ယနေ့ ကယ်ထုတ်ခဲ့သူများအနက် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သူ ဝန်ထမ်း ၇ ဦးနှင့် အကြမ်းဖက်ဥပဒေပုဒ်မဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခံထားရသူ ၁ ဦး လည်း ပါဝင်ကြောင်း ၎င်းက ဆိုသည်။
ရဲစခန်းစီးနင်းတိုက်ခိုက်ပြီး အကျဉ်းသားများကို ကယ်ထုတ်နိုင်ရေးမှာ ကာလရှည် အချိန်ယူ စီစဉ်ခဲ့ရသည့် စစ်ဆင်ရေးတစ်ခုဖြစ်ကြောင်း CDF ဟားခါး တပ်မဟာ (၄) တာဝန်ရှိသူက ဆိုသည်။
“အဓိက ရည်ရွယ်ချက်ကတော့ အကျဉ်းသားတွေ ကယ်ထုတ်ဖို့ပါ။ တော်လှန်ရေးတပ်သားတွေလည်း ပါတယ်။ တော်လှန်ရေးမှာ တစိုက်မတ်မတ်အားပေးတဲ့ ပြည်သူတွေလည်း ကျွန်တော်တို့ကြောင့် စွဲချက်တင်ခံထားရသူတွေလည်း ပါတယ်။ သူတို့ကို ကယ်ထုတ်ချင်တာနဲ့ ဒီလိုမျိုး စီစဉ်တာဖြစ်ပါတယ်” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။
အာဏာသိမ်းပြီးနောက် တော်လှန်ရေးနှင့် ဆက်နွှယ်သည်ဟု ယူဆသူများကို ဖမ်းဆီးပြီးနောက် စစ်တပ်ဗျူဟာအထိုင်ချရာ ရုန်းတောင်တွင် ဖမ်းဆီးစစ်ဆေးလေ့ရှိပြီး အမိန့်ဒီဂရီ ချမှတ်ပြီးသူများကို ဟားခါးမြို့မရဲစခန်းတွင် ချုပ်နှောင်ထားလေ့ရှိကြောင်း CDF ဟားခါး တာဝန်ရှိသူက ဆိုသည်။
ရဲစခန်းတွင် ရဲအင်အား ၅ ယောက်ခန့်သာ ရှိသည့်အနက် ပစ်ခတ်မှုတွင် ရဲ ၄ ဦး သေဆုံးပြီး အူဇီသေနတ် ၁၂ လက်၊ G 3 အမျိုးအစား သေနတ် ၁၁ လက်နှင့် G 4 အမျိုးအစား သေနတ် ၁ လက်တို့ သိမ်းဆည်းရမိကြောင်း ဟားခါး CDF ထံမှ သိရသည်။
ရဲစခန်းအနီးတွင် ရဲတပ်ဖွဲ့ဝင် မိသားစုများ နေထိုင်ရာ ရဲတန်းလျား၊ ရဲစခန်းအပေါ်ဘက်ရှိ လက်ဖက်ခြံနှင့် မြို့နယ် စုပေါင်းရုံးတို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေရာယူတပ်စွဲထားသော်လည်း စစ်ကူလာရောက်မှုမရှိခဲ့ကြောင်း CDF ဟားခါး တာဝန်ရှိသူက ဆိုသည်။
ပြည်နယ်မြို့တော် ဟားခါးတွင် စစ်ကောင်စီဝန်ကြီးများလိုက်ပါလာသည့် ယာဉ်တန်းကို ဧပြီလအတွင်းက ချင်းတော်လှန်ရေးအင်အားစုများက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စီးပွားရေးဝန်ကြီး၊ လူမှုရေးဝန်ကြီးနှင့် လူမှုရေးဝန်ကြီး၏ ယာဉ်မောင်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
မတူပီမြို့ကို ချင်းညီနောင်အဖွဲ့က တိုက်ခိုက်သိမ်းပိုက်ချိန်တွင် စစ်တပ်ဘက်က ဓားစာခံအဖြစ် အသုံးပြုထားသည့် နိုင်ငံရေးအကျဉ်းသား ၁၃ ဦး ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း CDF မတူပီ တပ်မဟာ (၁) က ဇူလိုင်လဆန်းပိုင်းတွင် ထုတ်ပြန်ထားသည်။