
ယမန်နေ့ (ဩဂုတ် ၁၈) နံနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ကို တော်လှန်ရေးအင်အားစု သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီ၏ တန်ပြန်ထိုးစစ်ကြောင့် နာရီပိုင်းအတွင်း ပြန်လည်ဆုတ်ခွာခဲ့ရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ခရိုင်တပ်ရင်းများ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် ဒေသတွင်း တော်လှန်ရေးအင်အားစုက အနောက်မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ မုံရွာမြို့နှင့် မိုင် ၄၀ ကျော်သာ ကွာဝေးသည့် ဒီပဲယင်းမြို့ကို ဩဂုတ် ၁၅ ရက် ညနေပိုင်းမှ စတင်တိုက်ခိုက်ပြီးနောက် သုံးရက်အကြာတွင် မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။

တော်လှန်ရေးတပ်များ မြို့တွင်းခြေချအပြီး နာရီပိုင်းအကြာတွင်ပင် စစ်ကောင်စီက သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်ဖြင့် စစ်ကူများစေလွှတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကို ပြုလုပ်ခဲ့သည်ဟု တော်လှန်ရေးအင်အားစုက ဆိုသည်။
“(စစ်ကူလာတာက) အင်အား ၂၀၀ နီးပါးလောက်။ ဂျက်ဖိုက်တာကလည်း တစ်နေကုန်နီးပါးလောက် ဝဲတယ်။ Mi 35 ကလည်း ပစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ ပြန်ဆုတ်ပေးလိုက်ရတယ်” ဟု တိုက်ခိုက်ရာတွင် ပါဝင်သည့် ဒေသခံ တော်လှန်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
မုံရွာရှိ စစ်ဌာနချုပ်နှင့် မန္တလေးနန်းတွင်းရှိ အမှတ် (၇၀၄) ခြေမြန်တပ်ရင်းတို့မှ စစ်သားများကို ရဟတ်ယာဉ်ဖြင့် သယ်ဆောင်ကာ ဒီပဲယင်းမြို့အရှေ့ဘက် မူးဘောင်အနီး အောင်ချမ်းသာရွာမှတစ်ဆင့် အင်အားဖြည့်တင်းခဲ့ခြင်းဖြစ်သည်ဟု တော်လှန်ရေးအင်အားစုက ဆိုသည်။

ထိုစစ်ကောင်စီ တပ်ဖွဲ့ဝင်များ မြို့ထဲ ရောက်လာပြီးနောက် မြသိန်းတန်ကျောင်း၊ ကုန်းသာဦးကျောင်း၊ ဝန်ထမ်းအိမ်ရာနှင့် စာရင်းစစ်ရုံးတို့တွင် ဖြန့်ခွဲနေရာယူထားသည်ဟု တော်လှန်ရေးအင်အားစုများထံမှ သိရသည်။
လေကြောင်းမှ စစ်ကူမပို့ဆောင်မီ MI 35 အမျိုးအစား တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် မြို့ပတ်ဝန်းကျင်ကို ပစ်ခတ်ခဲ့သည်၊ ညနေ ၅ နာရီဝန်းကျင်တွင်လည်း မြို့အနောက်ဘက် တင်းတိမ်ရံရွာကို လေကြောင်းတိုက်ခိုက်မှု ရှိခဲ့သည်ဟု သိရသည်။
မြို့သိမ်းတိုက်ပွဲအတွင်း အညံ့ခံလာသည့် ပြည်သူ့စစ် ၂ ဦး၊ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်း ၄၁ ဦးနှင့် မိသားစုဝင် ၈၀ ကျော်ကို ထိန်းသိမ်းထားပြီး လိုအပ်သည့် ဆေးဝါးကုသမှုပေးထားကြောင်း စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က ယမန်နေ့က ထုတ်ပြန်သည်။
ဒီပဲယင်းမြို့ တိုက်ပွဲများနှင့်ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်းမရှိသေးသော်လည်း စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရန်ချန်နယ်များတွင် မြို့ထဲတွင် စစ်တပ်ပြန်လည်နေရာယူနိုင်ပြီဖြစ်ကြောင်း ယမန်နေ့ ညပိုင်းက စတင်ဖော်ပြခဲ့ကြသည်။
ရေဦး၊ ခင်ဦး၊ ရွှေဘို၊ ဘုတလင်၊ ကနီ၊ အရာတော်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ဒီပဲယင်းသည် အဆိုပါ မြို့နယ်များနည်းတူ လက်နက်ကိုင်ခုခံမှုအားကောင်းရာမြို့နယ်ဖြစ်သည်။
ခုခံသူများရှိနိုင်သည့် ဒေသကို မြေလှန်မီးရှို့ဖျက်ဆီးကာ အရပ်သားများကို ရက်ရက်စက်စက်သတ်ဖြတ်လေ့ရှိသည့် စစ်တပ်က လက်နက်ကိုင်ခုခံမှုအားကောင်းရာ ဒီပဲယင်းတွင်လည်း ရွာလုံးကျွတ်မီးရှို့ခြင်း၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတို့ကိုပါမချန် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
အာဏာသိမ်းပြီးနောက် စစ်တပ်နှင့် လက်အောက်ခံအဖွဲ့များ၏ မီးရှို့မှုဖျက်ဆီးများကို စာရင်းပြုစုနေသည့် Data for Myanmar အဖွဲ့၏ ယခုနှစ် ဇန်နဝါရီလကုန်ပိုင်းက ထုတ်ပြန်ခဲ့သည့် အချက်လက်များအရ စစ်ကိုင်းတိုင်းအတွင်း အိမ်ခြေ ငါးသောင်း (၅၀,၀၀၀) ကျော် ပြာကျခဲ့ရသည့်အနက် ဒီပဲယင်းမြို့မှ အများဆုံးဖြစ်ပြီး အိမ်ခြေ ၆၀၀၀ ကျော် ပါဝင်သည်။
၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းက ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာ စာသင်ကျောင်းကို လေကြောင်းပစ်ခတ်ပြီး မြေပြင်စီးနင်းမှုအတွင်း ကလေးငယ် ၇ ဦး အပါအဝင် ၁၃ ဦးသေဆုံးခဲ့ရသည့်ဖြစ်စဉ်မှာ အရပ်သားသတ်ဖြတ်ခံရမှု အဆိုးရွားဆုံးဖြစ်ရပ်များအနက် တစ်ခုဖြစ်သည်။

ဒီပဲယင်းသည် ၂၀၀၃ ခုနှစ် မေလက ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းကို စစ်တပ်ကျောထောက်နောက်ခံပေးထားသူများက ဝိုင်းဖွဲ့ကာ တိုက်ခိုက်ခဲ့သည့် ဒေသဖြစ်သည်။
ဒီပဲယင်းမြို့ကို တော်လှန်ရေးအင်အားစုများ သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ရေးအရ ရေရှည်ထိန်းထားနိုင်ရန် ကြိုတင်ပြင်ဆင်မှု အားနည်းခဲ့ကြောင်း မြို့သိမ်းတိုက်ပွဲတွင် ပါဝင်ခဲ့သော ဒေသတော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် 96 soldiers အဖွဲ့ တာဝန်ခံ ကိုဇေယျာလွင်က သုံးသပ်သည်။
“သိမ်းပြီးတဲ့နောက်မှာ ဒီမြို့ကို ဘယ်လိုဆက်ပြီးတော့ ပါဝင်တိုက်ခိုက်ခဲ့တဲ့ အဖွဲ့တွေက အတူတကွ ဆက်ပြီးတော့ ဘယ်အပိုင်းကဏ္ဍတွေ ဒီပဲယင်းမြို့ရဲ့ အရှေ့အနောက်တောင်မြောက် ဘယ်လို ကာကင်းတွေ ယူကြမလဲ။ ဘယ်လိုခံစစ်ပြင်ပြီးတော့ စစ်ရေးအရ ပြန်ထိန်းသိမ်းမယ်ဆိုတဲ့ Plan (အစီအစဉ်) မျိုးတွေ လေ့ကျင့်ပြင်ဆင်ထားတာမျိုး မရှိထားဘူး”
ထို့ပြင် လက်နက်ခဲယမ်းမလုံလောက်မှု၊ စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုတို့မှာ တော်လှန်ရေးအင်အားစုများ မြို့ကို ရေရှည်ထိန်းထားနိုင်ရေးအတွက် အဓိကအခက်အခဲများဖြစ်သည်ဟု ၎င်းက ဆိုသည်။
၂၀၂၁ ဖေဖော်ဝါရီလတွင် စစ်တပ်က အာဏာသိမ်းပြီး အရပ်သားများကို လမ်းပေါ်တွင် ပစ်သတ်ရာမှ နိုင်ငံအနှံ့လက်နက်ကိုင် ခုခံမှုများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့၏ ထိုးစစ်များ ဆက်တိုက် ပေါ်ပေါက်လာသည်။
တော်လှန်ရေးအင်အားစုက စစ်ကောင်စီတပ် အခက်တွေ့စေရန် ဒီပဲယင်းမြို့နယ်တွင် တိုက်ပွဲဖော်ခြင်း ဖြစ်နိုင်သည်ဟုလည်း လေ့လာသူတချို့က ယူဆနေသည်။
ရှမ်းမြောက်နှင့် ရခိုင်တွင် အရေးနိမ့်နေသည့် စစ်ကောင်စီသည် နိုင်ငံအလယ်ပိုင်းတွင် နယ်မြေများ ထပ်မံမဆုံးရှုံးစေရန် စစ်သားအများအပြားကို လေကြောင်းမှ အလျင်အမြန်ပို့ဆောင်ခဲ့သည်။
ဒီပဲယင်းမြို့တိုက်ပွဲအတွင်း စစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်၊ ဂျက်ဖိုက်တာ၊ Y 12 အမျိုးအစား သယ်ယူပို့ဆောင်ရေးလေယာဉ်တို့ဖြင့် လေကြောင်းမှ ၂၃ ကြိမ်ထက်မနည်း လာရောက်ပစ်ခတ်ခဲ့ပြီး ဗုံးသီး ၆၀ ထက်မနည်း ပစ်ချတိုက်ခိုက်ခဲ့သည်ဟု တော်လှန်ရေးအဖွဲ့များထံမှ သိရသည်။
ပြီးခဲ့သည့်ရက်က တိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒီပဲယင်းမြို့ပေါ်ရပ်ကွက်များသာမက အနီးဝန်းကျင် ကျေးရွာများမှ ထောင်နှင့်ချီသည့် ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းနေရသည်။
စစ်ကိုင်းတိုင်းအတွင်း ကောလင်း၊ ခမ်းပတ်၊ ရွှေပြည်အေး၊ မော်လူး၊ မြို့သစ်မြို့တို့ကို တော်လှန်ရေးအင်အားစုက ပြီးခဲ့သည့်နှစ်ကုန်ပိုင်းနှင့် ယခုနှစ်ဆန်းပိုင်းတို့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
ခရိုင်အဆင့်မြို့ဖြစ်သည့် ကောလင်းမြို့ကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးသည့်အတွက် ယခုနှစ်ဆန်း ဖေဖော်ဝါရီလတွင် တော်လှန်ရေးအင်အားစု လက်လွှတ်ခဲ့ရသော်လည်း ခမ်းပတ်မြို့နှင့် မော်လူးမြို့တို့တွင်မူ အုပ်ချုပ်ရေးယန္တရား လည်ပတ်လျက်ရှိသည်။