သတင်း

လက်ယက်ကုန်းရွာမှ အဖမ်းခံရသော ကလေးများ ဝါဒဖြန့်ရာတွင် အသုံးချခံနေရ

စစ်ကိုင်တိုင်း၊  ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်း တိုက်ခိုက်ခံရမှုအပြီး အဖမ်းခံရသည့် ကလေးငယ်များကို လေကြောင်းတိုက်ခိုက်မှု ဖုံးကွယ်ထားသည့် အသင့်ရေးသားထားသော စာရွက် ဖတ်ခိုင်းကာ  ရုပ်သံရိုက်ကူး ဝါဒဖြန့်ရန် စစ်ကောင်စီက ကြိုးပမ်းနေသည်။

စက်တင်ဘာ ၁၆ တွင် ထိုရွာရှိ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းကို လေကြောင်းပစ်ခတ်မှုအပြီး ဖမ်းဆီးခံထားရသည့် ကလေးများအနက် ၄ ဦးကို အောက်တိုဘာ ၂၃ တွင်  ပြန်လွှတ်ပေးပြီးနောက် ၂ ဦးကို ရုပ်သံရိုက်ကူးကာ ဝါဒဖြန့်ရန် ကြိုးပမ်းခြင်းဖြစ်သည်။

“ကလေးတွေကို ပြန်မလွှတ်ပေးခင် စာရွက်ထဲကစာသားတွေကို ဖတ်ခိုင်းပြီး၊ လိမ်ညာထွက်ဆိုခိုင်းပြီး ရိုက်ကူးရေးလုပ်ခဲ့တာ” ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြန်ကြားရေးတာဝန်ခံ ဦးနေဘုန်းလတ်က ပြောသည်။

Myanmar Now က ရရှိထားသည့် ကလေးငယ်များ ဖတ်ပြခဲ့ရသော စာများတွင် လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ကို ဖုံးကွယ်ထားပြီး အဆိုပါ စာသင်ကျောင်းနှင့် ကျေးရွာအတွင်း PDF များရှိနေသည်ကို အဓိက ပုံဖေါ်ထားသည်ကို တွေ့ရသည်။

Grade 7 တက်နေသည့် အသက် ၁၅ နှစ်အရွယ် ကလေးငယ် ၂ ဦး ဖတ်ပြခဲ့ရသည့် စာတွင် ကျေးရွာအတွင်း PDF များရှိနေခြင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နယ်မြေရှင်းလင်းရေးလာရောက်စဉ် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ ပစ်ခတ်မှုအတွင်း ဒဏ်ရာရသူတို့ကို စစ်ကောင်စီတပ်က ဆေးကုပေးသည်၊ ဆေးရုံသို့ ရဟတ်ယာဉ်ဖြင့် ပို့ပေးသည်ဟု အမွှမ်းတင်ထားသည်။

ဒေသခံများ၊ အဆိုပါ စာသင်ကျောင်းတွင် စေတနာဝန်ထမ်း တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ ဆရာမများက ထိုနေ့တွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု တစ်ညီတစ်ညွတ်တည်း ဆိုကြသော်လည် ကလေးငယ်များ ဖတ်ပြခဲ့ရသည့်စာတွင် လေကြောင်းပစ်ခတ်မှုကို ဖုံးကွယ်ထားသည်ဟု  ဦးနေဘုန်းလတ်က ထောက်ပြသည်။

“ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးနေသလိုပါပဲ။ ကလေးတွေကို ဖမ်းခေါ်သွားပြီး အခုလို လိမ်လည်ထွက်ဆိုခိုင်းတာကတော့ လူမဆန်တဲ့ လူသတ်ပွဲကြီးတစ်ခုကို ကိုယ့်ရှေ့မှာ မျက်မြင်ကိုယ်တွေ့တွေ့လိုက်ရလို့ စိတ်ဒဏ်ရာအကြီးကြီးရနေတဲ့ ကလေးတွေကို ထပ်မံပြီး စိတ်ဒုက္ခပေးတာဖြစ်ပါတယ်” ဟုလည်း ဦးနေဘုန်းလတ်က ပြောသည်။

ထိုနေ့ လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အခင်းဖြစ်ပွားခဲ့သည့် နေရာတွင် ဘုန်းကြီးကျောင်းအတွင်း PDF များရှိနေပြီး အဖျက်လုပ်ငန်းများ လုပ်ခြင်း၊ ဆက်ကြေးတောင်းခြင်းတို့ကြောင့် ရဟတ်ယာဉ်များနှင့် သွားရောက်ပြီး အလစ်အငိုက် ဝင်ရောက်စစ်ဆေးရာ ဒေသခံများကို လူသားဒိုင်းသဖွယ် အကာအကွယ်ယူပြီး တိုက်ခိုက်သည့်အတွက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့သည်ဟု ဖြေရှင်းထားသည်။

လက်ယက်ကုန်းဒေသခံ အမျိုးသားတစ်ဦးကမူ ထိုဗိုလ်ချုပ် ဗြောင်လိမ်ခြင်းဖြစ်သည်ဟု ဆိုသည်။

“ဘာ PDF မှ မရှိပါဘူးဗျာ၊ ကလေးတွေပညာရေးအတွက် သားသမီးချင်း ကိုယ်ချင်းစာပြီး ကျွန်တော်တို့က ဘုန်းတော်ကြီးကို အကူအညီတောင်းပြီးဖွင့်တဲ့ ကျောင်းပဲရှိတာပါ။ တခြား ကျွန်တော်တို့မှာ ဘာရည်ရွယ်ချက်မှ မရှိဘူး၊ သူတို့ကို ခုခံဖို့ အပ်တိုတစ်ချောင်းတောင် မရှိဘူး” ဟု စက်တင်ဘာ တတိယပတ်အတွင်းက Myanmar Now ကို ပြောဆိုထားသည်။

အောက်တိုဘာ ၂၃ ရက်နေ့တွင် ကလေး ၄ ဦးနှင့် စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမ ၃ ဦးတို့ ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း၊ ကလေးများတွင် လေကြောင်းပစ်ခတ်မှုကြောင့် ရရှိထားသော ဒဏ်ရာများ ကျန်ရှိနေသေးကြောင်း မျက်မြင်တွေ့ရသူအချို့က Myanmar Now ကို ပြောသည်။

“မျက်လုံးနားတွေမှာ၊ လက်တွေ၊ ခြေထောက်တွေမှာ ဒဏ်ရာတွေ ကျန်နေသေးတာတွေ တွေ့ရတယ်။ စဖြစ်တဲ့နေ့တည်းကရထားတဲ့ ဒဏ်ရာတွေပါ။ ကလေးတွေအကုန်လုံးကတော့ ကြောက်နေကြတုန်းပဲ” ဟု ပြောသည်။

ဒဏ်ရာရကလေးများ၊ စေတနာ့ဝန်ထမ်းဆရာ၊ ဆရာမများနှင့် အရပ်သားအချို့အပါအဝင် စုစုပေါင်း ၁၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ ၁၀ ဦးသာ ပြန်လည် လွတ်မြောက်လာသေးသည်။

ကျန်ကလေးငယ် ၂ ဦးမှာ ဒဏ်ရာပြင်းထန်၍ ရန်ကုန်နှင့် မုံရွာဆေးရုံများတွင် ဆေးကုသမှု ဆက်လက် ခံယူနေရဆဲဖြစ်သည်။ သို့သော် ကလေးငယ်များ၏ ကျန်းမာရေးအခြေအနေနှင့် ထိခိုက်ဒဏ်ရာရရှိမှု အသေးစိတ်ကို မသိရသေးဘဲ ဖြစ်နေသည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်ပြုလုပ်ပြီးနောက် အဆိုပါရွာတွင် စာသင်ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေးဘဲ ပြန်လည်လွတ်မြောက်လာသည့် ကလေးငယ်များသည်လည်း စိတ်ကျန်းမာရေး ထိခိုက်နေကြကြောင်း သိရသည်။

စက်တင်ဘာ ၁၆ ရက် လေကြောင်းပစ်ခတ်ခံရမှုကြောင့် စာသင်ကြားနေသော ကလေး ၇ ဦးနှင့် ကျေးရွာနေ အရပ်သား ၆ ဦး သေဆုံးခဲ့ရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button