သတင်း

နှစ်ဆန်းတစ်ရက်နေ့တွင် ဒီပဲယင်းမြို့ဝန်းကျင်ကို လေတပ် ဗုံးကြဲ

လက်နက်ကိုင်ခုခံမှု အားကောင်းသည့် မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းနေရာတချို့တွင် စစ်ကောင်စီက စစ်ကြောင်းပြန်ထိုးနေသလို လေတပ်က ဗုံးကြဲတိုက်ခိုက်မှုများ ရှိနေသည်ဟု ဒေသခံများက ပြောကြသည်။

စစ်ကိုင်းတိုင်းအလယ်ပိုင်း ဒီပဲယင်းမြို့အနီး ကျေးရွာများကို လေတပ်က ယမန်နေ့ (ဧပြီ ၁၇) ညပိုင်းတွင် ဗုံးကြဲခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ည ၇ နာရီခွဲခန့်က မြို့အနောက်ဘက် တစ်မိုင်အကွာ အင်တန်းရွာနှင့် တောကျောင်းရွာတို့အကြား ၃ လုံး၊ မဲသည်ရွာနှင့် ယင်းဒွေရွာအကြားတွင် ၃ လုံး ကျရောက် ပေါက်ကွဲသည်၊ လယ်ကွင်းပြင်ထဲ ဗုံးကွဲခြင်းကြောင့် ထိခိုက်သူမရှိခဲ့ဟု ဒေသခံများက ဆိုသည်။

အဆိုပါကျေးရွာများအနီး ကာကွယ်ရေးအဖွဲ့များ၏ စစ်ရေးလှုပ်ရှားမှုမရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဒီပဲယင်းမြို့နယ်တာဝန်ရှိသူတစ်ဦးက ပြောသည်။

“သင်္ကြန်အပြီးမှာ ဒီပဲယင်းကို ဝင်တိုက်မယ်ဆိုပြီး စစ်တပ် xx ဖြန့်တဲ့သတင်းပေါ့ဗျာ​၊ အဲသတင်းအမှားကြောင့် ပစ်တာ၊ ဒီပဲယင်းမြို့ပတ်ဝန်းကျင်က တောသူတောင်သားတွေ ညပိုင်းဆိုတော့ (လယ်) ရေယူတဲ့သူတွေ၊ ငါးထိုးတဲ့သူတွေရဲ့ မီးရောင်မြင်တော့ အစိုးရိမ်လွန်ပြီး (စစ်တပ်ကို) သတင်းပို့တယ် ထင်ပါတယ်ဗျာ” ဟု ထိုအမျိုးသားက ပြောသည်။

ဒီပဲယင်းမြို့အဝင်အထွက်တွင် တည်ရှိသော စစ်ကောင်စီ စစ်ဆေးရေးဂိတ်များကို ကာကွယ်ရေးအဖွဲ့များက မကြာခဏဝင်ရောက်တိုက်ခိုက်သဖြင့် အဆိုပါဂိတ်များမရှိတော့ဘဲ မြို့တွင်းရှိ အခြေစိုက်တပ်စခန်းများမှ စစ်သားများသည်လည်း စခန်းအပြင်မထွက်တော့ဟု ဒေသခံများအဆိုအရ သိရသည်။

မြို့တွင်းရှိ စစ်သားများက အစိုးရိမ်လွန်ပြီး စစ်ကူတောင်းခြင်းကြောင့် လေတပ်က ဗုံးကြဲခြင်း ဖြစ်နိုင်ကြောင်း ရေဦးမြို့နယ်အမတ် ဦးမြင့်ထွေးက ဆိုသည်။

“Telegram ကနေ သူ့တို့ဘာသာသူတို့လော်ပြီး သူတို့ဘာသာသူတို့ ကြဲသွားတာ။ မြို့သိမ်းဖို့လည်း အစီအစဉ်မရှိဘူး။ (ကာကွယ်ရေးအဖွဲ့) အစည်းအဝေးတွေလည်း မရှိဘူး” ဟု သူက ပြောသည်။

ဒီပဲယင်းကို ဗုံးကြဲမှုနှင့် ပတ်သက်ပြီး စစ်တပ်က သတင်းထုတ်ပြန်ခြင်း မရှိသေးသလို စစ်တပ်၏ ဝက်ဆိုက်တွင်လည်း ဒီပဲယင်းမြို့နယ်အတွင်း ဖြစ်ရပ်များအကြောင်းကို ပြီးခဲ့သည့် ရက်ပေါင်း ၃၀ အတွင်း ဖော်ပြထားခြင်း မရှိပေ။

အာဏာသိမ်းထားသည့် နှစ်များအတွင်း စစ်ကောင်စီသည် လက်နက်အင်အား အားနည်းနေသေးသည့် အညာဒေသကို အဆက်မပြတ်စစ်ကြောင်းထိုးခဲ့သော်လည်း ယမန်နှစ် အောက်တိုဘာမှ စတင်သည့် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့၏  ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီက စခန်းပေါင်းရာနှင့်ချီ လက်လွှတ်ခဲ့ရပြီးနောက် အညာဒေသတွင် စီးနင်းတိုက်ခိုက်မှုများ လျော့နည်းသွားခဲ့သည်။

သို့သော်လည်း စစ်တပ်သည် ၂၀၂၃ ဒီဇင်ဘာ ၁၆ ရက်ခန့်ကလည်း ဒီပဲယင်းအရှေ့ခြမ်းကို စစ်ကြောင်းထိုးခဲ့သေးသည်။

တရုတ်၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ဇန်နဝါရီလဆန်းတွင် စစ်တပ်နှင့် ညီနောင်မဟာမိတ်အဖွဲ့များ ယာယီအပစ်အခတ်ရပ်ထားခဲ့သော်လည်း ထိုအချိန်မှာပင် လက်နက်ကိုင်ခုခံမှု အားကောင်းရာ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းနေရာတချို့တွင် စစ်ကောင်စီက တစ်ကျော့ပြန် စစ်ကြောင်းထိုးခဲ့သည်။

ဇန်နဝါရီ ၁၈ က ရေဦးမြို့ဘက်မှ လာသည့် စစ်သား ၈၀ ဝန်းကျင်ခန့်က ဒီပဲယင်းမြို့ကို ဖြတ်သန်းကာ မြို့အရှေ့ဘက်ရွာများကို စစ်ကြောင်းထိုးစဉ် ဓားစာခံဖမ်းသွားသည့်သူများအနက် ၄ ဦး နှိပ်စက်သတ်ဖြတ်ခံခဲ့ရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥပဒေအထောက်အကူပြု တာဝန်ယူခဲ့သူ အသက် ၃၀ ဝန်းကျင်အရွယ် မခင်နှင်းဌေးကို မီးရှို့သတ်ဖြတ်သလို အမျိုးသား ၃ ဦး၏ အလောင်းများကို တစ်စစီဖြတ်တောက်ထားခဲ့ခြင်းဖြစ်သည်။

ထိုစဉ်က ရေဦးနှင့် ဒီပဲယင်းကြား ကျေးရွာ ၁၄ ရွာမှ လူ နှစ်သောင်းဝန်းကျင် ထွက်ပြေးခဲ့ရပြီး ဖေဖော်ဝါရီလအတွင်းကလည်း ဒီပဲယင်းနှင့် နယ်မြေကပ်လျက်ဖြစ်သော ရွှေဘိုအနောက်ခြမ်းသို့ စစ်ကြောင်းထိုးခဲ့သဖြင့် ဒေသခံအများအပြား ထွက်ပြေးခဲ့ရသည်။

ထိုအတောအတွင်း နယ်မြေထိစပ်နေသော ခင်ဦး၊ ရေဦး၊ တန့်ဆည်မြို့နယ်တို့တွင် မတ်လကုန်အထိ ဆက်တိုက်စစ်ကြောင်းထိုးခဲ့သဖြင့် သတ်ဖြတ်ခံရသူများ၊ နေအိမ်ပျက်စီးရမှုများ၊ ထွက်ပြေးတိမ်းရှောင်ရမှုများ ရှိခဲ့သည်။

ဖေဖော်ဝါရီ ပထမပတ်က ဒီပဲယင်းသို့ တိမ်းရှောင်လာကြသော ရွှေဘိုအနောက်ခြမ်းမှ ဒေသခံများ။ (ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်ညီနောင်များ)

Show More

Related Articles

Back to top button