သတင်း

စစ်တပ်ရောက်နေသော တန့်ဆည်နှင့် ရေဦးတွင် ၆ ဦး အသတ်ခံရ

ပျူစောထီးနှင့် စစ်တပ်က တန့်ဆည်တောင်ခြမ်းနှင့် ရေဦးနယ်စပ်တွင် ရွာသား ၂ ဦး၊ PDF ၂ ဦးကို သတ်လိုက်သည်၊ ၎င်းတို့အတွက် လမ်းကြောင်းရှင်းစဉ် အမျိုးသမီး ၂ ဦး သေဆုံးသည်ဟု သိရသည်။

(စိတ်မချမ်းမြေ့ဖွယ် အသေးစိတ် အကြောင်းအရာတချို့ ပါဝင်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်။)

မူးမြစ်အနောက်ဘက်ခြမ်း စစ်ကိုင်းတိုင်းအလယ်ပိုင်း တန့်ဆည်နှင့် ရေဦးမြို့နယ်တို့တွင် တော်လှန်ရေးသမားတချို့ အပါအဝင် ၄ ဦး အသတ်ခံရပြီး လက်နက်ကြီးပေါက်ကွဲမှုကြောင့် ဒေသခံအမျိုးသမီး ၂ ဦး သေဆုံးခဲ့သည်။

မတ် ၂၃ တွင် ရေဦးနှင့် တန့်ဆည်ကြား ချောင်းရိုးကျေးရွာတွင် အရပ်သားများဖြစ်သည့် ဦးမိုးဝင်း (၄၅ နှစ်)၊ ကိုဂျေလုံး (၃၈ နှစ်)၊ PDF တပ်ဖွဲ့ဝင်များဖြစ်သော ကိုစိုးသူ (၂၇ နှစ်)၊ ဝေဖြိုးအောင် (၁၈ နှစ်) တို့ အသတ်ခံရသည်။

မတ်လ ၂၁ ရက်က တန့်ဆည်မြို့ပေါ်မှ ပြန်ထွက်လာသော ပျူစောထီးများပါဝင်သည့် အင်အား ၁၅၀ ခန့်ရှိ စစ်ကြောင်းသည် တန့်ဆည်မြို့တောင်ဘက်ခြမ်းနှင့် တန့်ဆည်အောက်ဘက် ရေဦးမြို့နယ်အစပ်ထိပါ စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။

ထိုစစ်ကြောင်းသည် တန့်ဆည်မြို့တောင်ဘက် ၁၄ မိုင်အကွာ ချောင်းရိုးရွာတွင် ညအိပ်တပ်စွဲခဲ့ပြီး ယမန်နေ့ (မတ် ၂၄) တွင် ပြန်ထွက်သွားသည်ကို တွေ့ရသည်၊ ထို့နောက် ရွာအတွင်း ဝင်ရောက်ကြည့်ရှုကြစဉ် ရုပ်အလောင်းများကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်ဟု တန့်ဆည်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ရှိသူတစ်ဦးက ပြောသည်။

အရပ်သား နှစ်ဦးကို လူမဆန်သည့်နည်းဖြင့် သတ်ခဲ့သည်ဟု ဆိုသည်။

“တစ်ဦးကတော့ ရင်ခွဲတယ်၊ ခေါင်းဖြတ်တယ်။ ခေါင်းတစ်နေရာ ခန္ဓာကိုယ်ကတစ်နေရာ၊ ခေါင်းကို ပလတ်စတစ်ပုံးထဲ ထည့်ထားခဲ့တယ်.. နောက်တစ်ဦး (ရဲ့အလောင်း)ကတော့ ကြိုးနဲ့ ချည်ထားပြီး ရေထဲမှာ တွေ့တာ” ဟု ၎င်းက ပြောသည်။

 ဦးမိုးဝင်း၏ ဦးခေါင်းမဲ့ရုပ်အလောင်းတွင် ဘယ်ရင်အုံနှင့် ညာရင်အုံ နှစ်ဖက်စလုံး ဓားဖြင့် အခွဲခံထားပြီး ကိုယ်တွင်းကလီစာများ ဆွဲထုတ်ထားသည်ကို Myanmar Now က ကြည့်ရှုခွင့်ရသည့် မှတ်တမ်းဓာတ်ပုံများတွင် တွေ့ရသည်။ ရုပ်အလောင်းကို နောက်ပြန်ကြိုးတုပ်နှောင်လျက် တွေ့ရသည်။

အရပ်သားနောက်တစ်ဦးဖြစ်သည့် ကိုဂျေလုံး၏ အလောင်းတွင်မူ ဗိုက်တွင် ထိုးသွင်းဒဏ်ရာ ရှိနေပြီး လည်ပင်းနှင့် လက်တစ်ဖက်တွင် ကြိုးချည်ထားသည်ကို တွေ့ရသည်။

PDF တပ်သား နှစ်ဦးမှာ စစ်ကောင်စီစစ်ကြောင်းအခြေအနေ သွားရောက် ကင်းထောက်ကြခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ချောင်းရိုးကနေ (စစ်ကြောင်း) ထွက်ပြီထင်ပြီး ဝင်တာ နောက်ချန်ကင်းပုန်းနဲ့ မိသွားတာ၊ သူတို့နှစ်ယောက် ဖမ်းခံလိုက်ရတာ” ဟု ၎င်းက ပြောသည်။

ရေဦးနှင့် တန့်ဆည်အစပ်တွင် အသတ်ခံရသော PDF တပ်ဖွဲ့ဝင်နှစ်ဦးမှာ မည်သည့်တပ်ရင်းမှ ဖြစ်ကြောင်း မသိရသေးပေ။ 

မတ် ၂၄ နံနက် ၈ နာရီခန့်တွင် စစ်တပ်က ပစ်လိုက်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ရေဦးမြို့ မြောက်ဘက် ၅ မိုင်အကွာရှိ ပန်းကုံးရွာနှင့် ဗိုလ်ရုံရွာမှ ဒေသခံအမျိုးသမီးနှစ်ဦး သေဆုံးခဲ့သည်။

သေဆုံးသူများမှာ အသက် ၈၀ အရွယ် ဒေါ်အုံးရင်၊ သူ၏ တူမ အသက် ၄၀ အရွယ် ဒေါ်ကြူတို့ဖြစ်ကြောင်း သိရသည်။

စစ်ကြောင်းထိုးသည့်နေရာဝန်းကျင်ကို ရေဦးမြို့ပေါ်မှ စစ်ကောင်စီတပ်က ပစ်ခတ် လမ်းရှင်းလေ့ရှိရာ လူနေကျေးရွာများထဲ လက်နက်ကြီးကျည် မကြာခဏပေါက်ကွဲလေ့ရှိကြောင်း ရေဦးဒေသခံတစ်ဦးက ပြောသည်။ 

“စစ်ကြောင်းကို လမ်းရှင်းပေးတဲ့သဘောရှိတယ်၊ ပန်းကုံးကတော့ လူမနေတဲ့ အိမ်ကျတာ​….. အိမ်ပဲ ပျက်စီးသွားတာ၊ ဗိုလ်ရုံကတော့ အိမ်ဝင်းထဲကျတော့ အိမ်ချင်းကပ်နှစ်ယောက်ဆုံးသွားတာ.. စစ်ဘေးရှောင်တွေနေရာကျရင် သုံးလေးဆယ်ထက်နည်းမှာ မဟုတ်ဘူး သေကြမှာ” ဟု သူက ဆိုသည်။

အဆိုပါ စစ်ကြောင်းသည် ယခုလ ၁၈ ရက်နေ့မှ စတင်၍ ကန့်ဘလူမြို့နယ်ဘက်မှ ဝင်ရောက်လာပြီး တန့်ဆည် မြောက်ခြမ်းကျေးရွာများကို စီးနင်းခဲ့စဉ်ကလည်း နေအိမ် ၁၀၀ ခန့်ကို မီးရှို့စဉ် အမျိုးသမီးတစ်ဦး မီးခိုးမွှန်သေဆုံးသည်၊ ရွာသားတစ်ဦးကိုလည်း နှိပ်စက်သတ်ဖြတ်သွားသည်။

Show More

Related Articles

Back to top button