သတင်း

စစ်တပ်ပြန်ဝင်လာသော ဒီပဲယင်းတွင် ဒေသခံ ၄ ဦး နှိပ်စက်သတ်ခံရ

စစ်ကိုင်းတိုင်း ဒီပဲယင်းတွင် စစ်တပ် ဖမ်းသွားသူ ၁၅ ဦးထဲမှ ၄ ဦး၏ ရုပ်အလောင်း အပိုင်းအစများကို ဒေသခံတို့ တွေ့လိုက်ရသည်။ အမျိုးသမီး ၁ ဦး၏ အလောင်းလည်း ပါဝင်သည်။ သတ်ဖြတ်ရသည့် အကြောင်းရင်းကို မသိရသေးပေ။

(စိတ်မချမ်းမြေ့ဖွယ် အကြောင်းအရာတချို့ ပါဝင်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်။)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း စစ်ကောင်စီတပ် ဖမ်းဆီးသွားသည့် အရပ်သားများအနက် ၄ ဦး၏ ဒဏ်ရာဒဏ်ချက်များရှိနေသော ရုပ်အလောင်းများကို ယနေ့ (ဇန်နဝါရီ ၁၉) နံနက်ပိုင်းက  လက်ယက်ကုန်းရွာအတွင်း တွေ့ရှိရကြောင်း ဒေသခံများထံမှ သိရသည်။

ဒီဇင်ဘာ ၁၈ တွင် အင်အား ၈၀ နီးပါးရှိ စစ်ကြောင်းတစ်ခုက မြို့အရှေ့ခြမ်း မဲအိုးရွာကို စီးနင်းခဲ့ပြီး ဒေသခံ ၁၅ ဦးကို ဖမ်းဆီးသွားသည်၊ နောက်တစ်နေ့တွင် ကပ်လျက်တည်ရှိသောရွာအတွင်း ရုပ်အလောင်းတချို့ကို ဒေသခံတို့ တွေ့လိုက်ရသည်။

သတ်ဖြတ်ခံထားရသူများမှာ ဦးဇော်ဝင်း၊ ဦးထွန်း၊ ကိုအောင်မြင့်ကျော်၊ အသက် ၃၀ ဝန်းကျင်အရွယ် မခင်နှင်းဌေး ဆိုသူတို့ ဖြစ်သည်။ 

“အမျိုးသား သုံးဦးမှာ ခြေတွေ၊ လက်တွေ၊ ခေါင်းတွေဖြတ်ပြီး သတ်ထားတယ်။ အမျိုးသမီး ၁ ဦးကိုလည်း ရက်ရက်စက်စက် နှိပ်စက်ပြီးတော့မှ ရုပ်ပျက်ဆင်းပျက် ရုပ်မပီတော့တဲ့အထိ သတ်ထားတာ တွေ့ရတယ်” ဟု စစ်ရှောင်အရေးကူညီရေးအဖွဲ့တစ်ဖွဲ့ဖြစ်သော ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့မှ ကိုဖြိုးက ပြောသည်။

“အမျိုးသမီးကတော့ မျက်နှာက မပီတော့ဘူး။ မီးလည်းရှို့ထားတာ တွေ့ရတယ်။ သူကတော့ မခင်နှင်းဌေးလို့ ယူဆရတယ်။ လည်ပင်းမှာ ပယင်းဆွဲကြိုးလေး ဝတ်ထားတယ်ပေါ့ဗျာ။ သွေးအိုင်ထဲမှာလည်း ပယင်းလုံးလေးတွေ ကျနေတာ တွေ့ရတယ်လို့ ရှင်းလင်းရေးအဖွဲ့တွေ ပြောတယ်”

မခင်နှင်းဌေးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥပဒေအထောက်အကူပြု တာဝန်ယူခဲ့သူ၊  ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်လည်း ပါတီအောင်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သူဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးသတ်ဖြတ်သည့် အကြောင်းရင်းကို မသိရသေးပေ။ အာဏာသိမ်း စစ်ကောင်စီတပ်က အရပ်သားများကို ဖမ်းဆီးပြီး ခန္ဓာကိုယ်အစိတ်အပိုင်းများ ဖြတ်တောက်သတ်ဖြတ်ခြင်းကို စစ်ကိုင်းတိုင်းတွင် မကြာခဏ ဖြစ်ပေါ်နေသည်။

မဲအိုးရွာစီးနင်းခံရစဉ် ဒေသခံ ၅၀ ကျော် ဖမ်းဆီးခံရပြီး ထိုနေ့ညနေ ရွာမှ ပြန်အထွက်တွင် လူ ၁၅ ဦးကို လက်ပြန်ကြိုးတုပ်၍ လက်ယက်ကုန်းရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု မြေပြင်သတင်းအချက်အလက်များကို ကိုးကားပြီး ကိုဖြိုးက ပြောသည်။

“လောလောဆယ်ဆယ် ရှင်းလင်းပြီးသလောက် Dead Body ၄ ခု အတည်ပြုလို့ရခဲ့တယ်။ တခြား Dead Body တွေ ရှိနေဦးမလားဆိုတာတော့ တခြား ရှင်းလင်းရေးတွေ ပြီးမှသာ အတည်ပြုလို့ရမယ်” ဟု သူက ဆိုသည်။

အခြား ဖမ်းဆီးခံရသူများ၏ ကံကြမ္မာကို  မသိရသေးပေ။ 

ထင်သာမြင်သာရှိသည့် အုတ်ခုံတစ်ခုပေါ်တွင်  သတ်ဖြတ်ခံရသူတစ်ဦး၏ ဦးခေါင်း၊  ခြေနှစ်ဖက်၊ လက်နှစ်ဖက် တင်ထားပြီး ခန္ဓာကိုယ်မှာ မြေပြင်ပေါ်တွင် ရှိနေသည်ကို  ဒီပဲယင်းမြို့နယ်စစ်ရှောင်ကူညီရေးအဖွဲ့ထံမှ ရရှိသည့် မှတ်တမ်းဓာတ်ပုံများတွင် တွေ့ရသည်။ အခြားရုပ်အလောင်း၏ ခြေလက်များ ဖြတ်တောက်ခံထားရသည်ကိုလည်း တွေ့ရသည်။

လက်ယက်ကုန်းရွာခံများ ဘေးလွတ်ရာ တိမ်းရှောင်နေကြပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်အတွက် ဒေသခံတို့ နေရပ် မပြန်ရဲသေးကြောင်း သိရသည်။

လုံခြုံမည်ဟု ယူဆရသည့် နေရာများတွင် နေထိုင်နေရသည်ဟု လက်ယက်ကုန်းရွာခံတစ်ဦးက ပြောသည်။

“လက်နက်ကြီးတွေနဲ့ ဟိုက ထုနေလို့၊ တစ်ခါ ပြန်ထွက်နေရလို့၊ ရှုပ်ယှက်ခတ်ပြီးတော့ ကြောက်ပြီးတော့ ပြေးလွှားနေရတာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အဆိုပါ ဒေသခံက ယနေ့နံနက် ၁၁ နာရီဝန်းကျင်တွင် ပြောသည်။

စစ်ကောင်စီ ခြေမြန်တပ်ရင်းများ ဖြစ်သော ၇၁ နှင့် ၇၀၈ တို့မှ စစ်သားများ ပါဝင်သည့် ထိုစစ်ကြောင်းသည် ရေဦးမြို့ဘက်မှထွက်လာပြီးနောက် ဒီပဲယင်းမြို့ပေါ်တွင် တစ်ညတပ်စွဲကာ ယမန်နေ့မှစတင်၍ မြို့အရှေ့ဘက်ခြမ်းကို စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

ထိုစစ်ကြောင်းရန်ကြောင့် ရေဦးနှင့် ဒီပဲယင်းအစပ်မှ ကျေးရွာများဖြစ်သည့် အောင်ချမ်းသာ၊ ရွာရှည်၊ ပျော်ဘွယ်၊ မစိုးရိမ်၊ မဲအိုး၊ ညောင်ကြီးကုန်း၊ မရကန်၊ ညောင်လှ၊ ဆည်ကြီး၊ ဇိန့်ဇွန်း၊ ကျုံပေါက်သာ ၊ ငရုတ်တုံ၊ မုတ်ဆီ၊ မူးဆုံ စသည့် ကျေးရွာ ၁၄ ရွာခန့်မှ ဒေသခံ နှစ်သောင်းဝန်းကျင်သည် ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ထံမှ သိရသည်။

ဒီပဲယင်းမြို့နယ်တွင် စစ်ကြောင်းထိုးပြီး အရပ်သားများဖမ်းဆီးသတ်ဖြတ်ခံနေရသည့်အခြေအနေနှင့် ပတ်သက်ပြီး  စစ်ကောင်စီကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီကလည်း ပြီးခဲ့သည့် ၁၀ ရက်အတွင်း ထိုဒေသအခြေအနေကို သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

ရှမ်းပြည်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီက စခန်းပေါင်းရာနှင့်ချီ လက်လွှတ်ခဲ့ရပြီးနောက် တရုတ်၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ဇန်နဝါရီလဆန်းတွင် စစ်တပ်နှင့် ညီနောင်မဟာမိတ်အဖွဲ့များ ယာယီအပစ်အခတ် ရပ်ထားချိန်နှင့်တစ်ပြိုင်နက်မှာပင် လက်နက်ကိုင်ခုခံမှု အားကောင်းရာ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်း နေရာတချို့တွင် စစ်ကောင်စီက တစ်ကျော့ပြန် စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။

 ရှမ်းမြောက်တွင် တိုက်ပွဲပြင်းထန်နေချိန်  မြန်မာနိုင်ငံအလယ်ပိုင်းတွင် စစ်ကောင်စီ စစ်ကြောင်းထိုးမှုများ သိသိသာသာ လျော့နည်းသွားခဲ့သော်လည်း ၂၀၂၃ ဒီဇင်ဘာ ၁၆ ရက်နေ့ခန့်ကလည်း ဒီပဲယင်းအရှေ့ခြမ်းကို စစ်ကြောင်းထိုးခဲ့သေးသည်။

ဒီပဲယင်းနှင့်ကပ်လျက်ရှိ ခင်ဦးမြို့နယ်တွင်လည်း ဇန်နဝါရီ ၁၂ ရက်နေ့တည်းက စစ်ကြောင်းထိုးလျက်ရှိပြီး ကိုယ်ဝန်ဆောင် အပါအဝင် ဒေသခံ ၄ ဦးကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့သည်။

စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့များ အခြေစိုက်ရာ မုံရွာမြို့ တစ်ဖက်ကမ်းရှိ ဆားလင်းကြီးမြို့နယ်တွင်လည်း ဇန်နဝါရီ ၁၇ ရက်နေ့က အင်အား ၁၀၀ ဝန်းကျင်ပါဝင်သည့် စစ်ကြောင်း ရောက်လာပြီး နေအိမ် ၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။

စစ်ကောင်စီ၏လက်နက်ကိုင်များနှင့် ဝေးရာတွင် မဖြစ်မနေ နေထိုင်ကြရမည်ဟု စစ်ရှောင်အရေး ကူညီနေသည့် ကိုဖြိုးက ဆိုသည်။

“တိုင်းရင်းသားဒေသတွေက အပစ်ခတ်ရပ်စဲရေးတွေ လုပ်နေပြီးတော့ စစ်ကောင်စီက ဒီဘက်က သာမန်ပြည်သူတွေ၊ လက်နက်ကိုင်အစုအဖွဲ့မဟုတ်တာတွေ၊ တော်လှန်ရေးကာလမှာမှ လက်နက်ကို မြင်ဖူးကျပြီးတော့ လက်နက်ကိုင်ကြတဲ့သူတွေ ရှိတဲ့နေရာကို ဦးတည်တိုက်ခိုက်လာနိုင်ခြေရှိတဲ့အတွက် ပြည်သူတွေအနေနဲ့ သတိဝီရိယထားပြီးနေကြဖို့ ပြောချင်ပါတယ်” ဟု ကိုဖြိုးက ဆိုသည်။

Show More

Related Articles

Back to top button