အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ခင်ဦးမြို့တွင် ကိုယ်ဝန်ဆောင်အပါအဝင် လေးဦး ပစ်သတ်ခံရ

စစ်ကိုင်းတိုင်းအတွင်း အတိုက်ခံရသော စစ်ကောင်စီစစ်ကြောင်းတစ်ခုက အရပ်သားများကို ရန်ပြု သတ်ဖြတ်ခဲ့သည်ဟု တော်လှန်ရေးအဖွဲ့များက ပြောသည်၊ စစ်ကောင်စီကမူ ထိုသတင်းကို ငြင်းဆိုသည်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က ကိုယ်ဝန်ဆောင်တစ်ဦးအပါအဝင် ဒေသခံ ၄ ဦးကို ပစ်သတ်ခဲ့ပြီး ခြေတစ်ဖက်မသန်သူကိုလည်း ပစ်ခတ်ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများက ပြောသည်။

ဇန်နဝါရီ ၁၂ နေ့လယ်တွင် အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကောင်စီ စစ်ကြောင်း ခင်ဦးအနောက်ခြမ်း ကျွန်းတောကြီးနှင့် မြင်းကျကျေးရွာအကြားတွင် တိုက်ခိုက်ခံရပြီးနောက် အရပ်သားများကို ရန်ပြုသွားခြင်း ဖြစ်ကြောင်း ကျွန်းတောကြီး ရွာသားတစ်ဦး၊ စစ်ကောင်စီကို တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည့် ဒေသအခြေစိုက် KSO တပ်ဖွဲ့မှ တာဝန်ခံတို့က ပြောသည်။

“တိုက်ပွဲက ပြီးသွားပြီးတော့ ရွာကနေ xxကြောင်း ထွက်သွားပြီဆိုပြီး ရွာကို ပြန်ဝင်လာတဲ့အချိန်မှာ xx တွေက ရွာကိုနောက်ကြောင်းပြန်ဝင်လာတဲ့အချိန် ပိတ်မိသွားကြတာ” ဟု KSO တပ်ဖွဲ့ တာဝန်ခံ ဗိုလ်လင်းရောင်က ပြောသည်။

“အနီးကပ်တွေ၊ ပစ်သတ်တယ်။ လည်ပင်း ဓားနဲ့ လှီးတာတွေ လုပ်သွားပြီးတော့ နေရာမှာပဲ အလောင်းတွေ ထားခဲ့တာ”

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ကျွန်းတောကြီးရွာမှ ကိုယ်ဝန် ၅ လ ရှိသူ အသက် ၃၉ နှစ်အရွယ် မရင်ရင်သွေး  ဦးခေါင်းကို ပစ်ခတ်ခံထားရသည့်အတွက် နောက်ဘက်တွင် ပွင့်ထွက်သွားသည်၊ မြင်းကျရွာမှ ၆၅ နှစ်အရွယ် ဦးလှဝင်း ရင်ဘက်တွင် သေနတ်ဒဏ်ရာတွေ့သည်၊ ၆၃ နှစ်အရွယ် ဦးမြင့်ဆွေ လည်ပင်း ခုတ်ခံထားရသည်၊ ကားဆိပ်ကျေးရွာမှ ၄၄ နှစ်အရွယ် ဒေါ်ယဉ်မိုး ရင်ဘတ်တွင် ကျည်ထိထားသည်ဟု တော်လှန်ရေးတပ်ဖွဲ့များအဆိုအရ သိရသည်။

ဒေါ်ယဉ်မိုး၏ ခင်ပွန်းဖြစ်သော၊ ခြေတစ်ဖက်မသန်စွမ်းသော ဦးရှမ်းကြီးဆိုသူလည်း ရန်ပြုခံရသည်ဟု ကျွန်းတောကြီးရွာသားက ဆိုသည်။

သူ၏ ကောင်းမွန်သည့်ခြေထောက်ကို စစ်သားများက သေနတ်ဖြင့် ပစ်ခတ်သွားသဖြင့် တော်လှန်ရေးအဖွဲ့များက ကုသမှုပေးထားကြောင်း သိရသည်။

စစ်ကောင်စီစစ်ကြောင်း ဇန်နဝါရီ ၁၂ ညနေတွင် ပြန်လည်ထွက်ခွာသွားမှ ဒေသခံတို့က ရုပ်အလောင်းများကို ကောက်ယူသင်္ဂြိုဟ်ပေးခဲ့ကြောင်း သိရသည်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ကလည်း  ဇန်နဝါရီ ၁၂ တွင် ခင်ဦးမြို့နယ် အနောက်မြောက်ခြမ်းမှ ဖြတ်လာသော အင်အား ၁၀၀ ခန့်ဝန်းကျင်ရှိ စစ်တပ် စစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

PLA သည် ရှမ်းမြောက်တိုက်ပွဲများတွင် မြောက်ပိုင်းမဟာမိတ်များနှင့်အတူ ပူးပေါင်းတိုက်ခိုက်နေသော တပ်ဖွဲ့လည်းဖြစ်သည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ယခုလဆန်းတွင် ရေဦးမြို့ဘက်မှ ထွက်ခွာခဲ့သည်၊ ခင်ဦးမြို့နယ်အတွင်း ဖြတ်သန်း၍ ရွှေဘိုမြို့အနီးရှိ အမှတ် (၈) လေ့ကျင့်ရေးတပ်အထိ စစ်ကြောင်းထိုးခဲ့ပြီး ရေဦးမြို့ဘက်သို့ ပြန်လာစဉ် အထက်ပါ ဖြစ်ရပ် ပေါ်ပေါက်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီ၏ တုံ့ပြန်ချက်

ပြည်သူ ၄ ဦးကို ပစ်သတ်သွားသည်ဟူသော ဖြစ်ရပ်မှာ “သတင်းတု၊ သတင်းအမှား” ဖြစ်သည်ဟု အာဏာသိမ်း စစ်ကောင်စီက ယမန်နေ့ (ဇန်နဝါရီ ၁၄) ရက်စွဲဖြင့် တုံ့ပြန်သည်။

ဖြစ်စဉ်အမှန်မှာ စစ်ကောင်စီလက်နက်ကိုင်တို့က “ဒေသခံပြည်သူများနှင့် အတူပူးပေါင်းကာ” လှုပ်ရှားနေခြင်းဖြစ်သည်၊ သတင်းဌာနများက ထိုလှုပ်ရှားမှု ထိခိုက်စေရန် အွန်လိုင်းတွင် လုပ်ကြံရေးသားခြင်း ဖြစ်သည်ဟု စစ်ကောင်စီထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒေသခံတို့ကို သတ်ဖြတ်ခဲ့သော အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ခင်ဦးမြို့နယ် အနောက်ခြမ်းတွင် တစ်ခုတည်းသာ ကျန်ရှိနေတော့သည့် ပျဉ်ထောင်ကျေးရွာတွင်း စစ်စခန်းမှ စစ်သားများကို လာရောက်ခေါ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း ဒေသတော်လှန်ရေးအဖွဲ့များက သုံးသပ်သည်။

အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် လက်နက်ကိုင်တော်လှန်ရေးစတင်စဉ်ကတည်းက ခင်ဦးမြို့နယ် အနောက်ခြမ်း ၄ နေရာတွင် စစ်ကောင်စီတပ်တို့က စခန်းထိုင်ထားခဲ့သော်လည်း ၂၀၂၃ နိုဝင်ဘာလအတွင်း စခန်း ၃ ခုကို စွန့်ခွာထားခဲ့သည့်အတွက် ပျဉ်ထောင်ကျေးရွာတွင်း စစ်စခန်းတစ်ခုသာ ကျန်ရှိနေခြင်းဖြစ်သည်။

ကျန်ရှိသည့် စစ်စခန်းကိုလည်း ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များက ပိတ်ဆို့ထားသည့်အတွက် ရိက္ခာလာပို့ခြင်း ဖြစ်နိုင်သည်ဟု ခင်ဦးအခြေစိုက်ကာကွယ်ရေးအဖွဲ့ဖြစ်သော KSO က ယူဆသည်။

ယခင်က ခင်ဦး၊ ရွှေဘိုမြို့နယ်တို့အတွင်းသို့ စစ်ကောင်စီတပ် မကြာခဏ လှည့်ပတ်သွားလာနေတတ်သော်လည်း ရှမ်းမြောက်ဒေသတွင် တိုင်းရင်းသားလက်နက်ကိုင် ညီနောင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး စတင်လိုက်ချိန် နောက်ပိုင်းတွင် လှုပ်ရှားမှု ငြိမ်သက်သွားသည်။

ယခုစစ်ကြောင်းမှာ ၁၀၂၇ စစ်ဆင်ရေးစပြီး တစ်လကျော်ကြာချိန်တွင် ပထမဆုံး ဝင်ရောက်လာသည့် စစ်ကြောင်းဖြစ်သည်။

ဝင်ရောက်လာစဉ်ကလည်း မြင်ဒေါင်းကျေးရွာအတွင်း ညအိပ်ရပ်နားစဉ် ကျေးရွာသား ၃၀ ခန့်ကို ဖမ်းဆီးကာ ၎င်းတို့စစ်စခန်းအတွက် လူသားဒိုင်းသဖွယ် အသုံးပြုခဲ့ပြီး မြင်ဒေါင်းကျေးရွာမှ ပြန်လည်ထွက်ခွာချိန်မှ ဖမ်းဆီးထားသည့် ရွာသားများအားလုံးကို ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများ ရပ်ဆိုင်းရန် အာဆီယံအသင်းက တောင်းဆိုခဲ့ဖူးသည်။ စစ်ကောင်စီကလည်း မြန်မာနိုင်ငံပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုရန် တုံ့ပြန်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles