သတင်း

ကိုယ်ဝန်ဆောင်နှင့် ကလေးများအပါအဝင် ရှားတောဒေသခံ ၇ ဦး သတ်ဖြတ်ခံရ

တိုက်ပွဲဆက်နေသည့် ရှားတောမြို့နယ်အတွင်း စစ်ကူရောက်လာသည့် စစ်တပ်က တောတောင်အတွင်း ပုန်းအောင်းနေသည့် ကိုယ်ဝန်ဆောင်တစ်ဦး၊ မသန်စွမ်း အမျိုးသမီးနှစ်ဦး၊ အသက် ၃ နှစ်နှင့် ၅ နှစ်အရွယ် ယောင်္ကျားလေး နှစ်ဦး၊ ၇ နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် အမျိုးသားတစ်ဦး စုစုပေါင်း ၇ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။

ကရင်နီဒေသအတွင်း စစ်ကူရောက်လာသည့် စစ်တပ်က ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် ရှားတောမြို့နယ်မှ ဒေသခံ ၇ ဦးကို ဖေဖော်ဝါရီ ၅ ရက်နေ့က ဖမ်းဆီးသတ်ဖြတ်ခဲ့ရာ ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်များ ပါဝင်သည်ဟု သိရသည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး၊ မသန်စွမ်း အမျိုးသမီးနှစ်ဦး၊ အသက် ၃ နှစ်နှင့် ၅ နှစ်အရွယ် ယောကျ်ားလေး နှစ်ဦး၊ ၇ နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် အမျိုးသားတစ်ဦး စုစုပေါင်း ၇ ဦး သတ်ဖြတ်ခံရခြင်းဖြစ်သည်ဟု ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KHRG) တည်ထောင်သူ ဦးဗညားက ဆိုသည်။

တောတောင်များအတွင်း စစ်ရှောင်နေသည့် အထက်ပါဒေသခံများမှာ ရှားတောမြို့နယ်သို့ စစ်ကူလာသည့် စစ်သားများနှင့် ထိပ်တိုက်တိုးကာ ဖမ်းဆီးသတ်ဖြတ်ခံရခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

“မိသားစုသုံးစုကို ဖမ်းသွားပြီး လမ်းပြခိုင်းတယ်။ ပြီးတော့ လမ်းတစ်ဝက်မှာပဲ အကုန်လုံးကို သတ်ပစ်တာပေါ့နော်။ အခုနောက်ဆုံး သိရသလောက်ဆို ၆ ယောက် မဟုတ်ပါဘူး။ အမျိုးသားတစ်ယောက် ပါတယ်။ စုစုပေါင်း ၇ ယောက်ပါ။ အဓိက ဦးခေါင်းကို တေ့ပြီး ပစ်သတ်ခဲ့တာပါ”

ရုပ်အလောင်းများကို နာရီပိုင်းအတွင်း ပြန်လည်တွေ့ရှိပြီး  ဦးခေါင်းကို တေ့၍ ပစ်ခတ်ထားသည့် ဒဏ်ရာများနှင့် မျက်နှာရှိ ညိုမည်းဒဏ်ရာများအပြင် ခြေထောက်ကို ဓားဖြင့် လှီးဖြတ်ထားသည့် ဒဏ်ရာများလည်း တွေ့ရှိရသည်ဟု ဒေသတွင်းလူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်နေသည့် ကရင်နီလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားသည်။

စစ်ရှောင်ဒေသခံများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည်မှာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) လက်အောက်ခံ မိုင်းပျဉ်းမြို့အခြေစိုက် အမှတ် (၂၄၉) ခြေလျင်တပ်ရင်း (ခလရ-၂၄၉) ဖြစ်သည်ဟု ကရင်နီတပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောသည်။

ရှားတောမြို့နယ်အတွင်း စစ်ကူရောက်လာသည့် ခလရ-၂၄၉ နှင့် တိုက်ပွဲဖြစ်ပြီးနောက် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက သိမ်းယူခဲ့သည့် လက်နက်ခဲယမ်းတချို့။ (ဓာတ်ပုံ-ပေးပို့)

ခလရ-၂၄၉ တပ်ရင်းမှ အင်အား ၆၀ ကျော်ကို ဖေဖော်ဝါရီ ၅ ရက် နံနက်အစောပိုင်းတွင် ရဟတ်ယာဉ် သုံးစီးဖြင့် ရှားတောမြို့သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။​

စစ်ကူရောက်လာသည့် ထိုစစ်သားများကို ကရင်နီတော်လှန်ရေးတပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိသည့်နည်းတူ လက်နက်ခဲယမ်းလည်း သိမ်းယူနိုင်ခဲ့သည်ဟု ဗိုလ်မှူးကြီးဘုန်းနိုင်က ဆိုသည်။

နိုင်ငံအနှံ့တွင် စစ်မျက်နှာဖွင့်ထားရသည့် စစ်ကောင်စီသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲများတွင် ဆက်တိုက်အရှုံးပြနေသည်ကို တွေ့ရသည်။ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးပစ်ကူကို အားထားနေရသည့် စစ်တပ်က မကြာခဏ အရပ်သားများကိုပါ ပစ်ခတ်တိုက်ခိုက်နေသည်။

ယခုလ ၆ ရက်နေ့တွင် ကရင်နီဒေသ ဒီးမော့ဆိုမြို့နယ်ရှိ စာသင်ကျောင်းနှစ်ခုကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်လေးဦး၊ အရပ်သားတစ်ဦးအပါအဝင် ၅ ဦး သေဆုံးကာ ၂၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

လတ်တလော ရှားတောမြို့အနီးတစ်ဝိုက်တွင် တိုက်ပွဲများ နေ့စဉ်လိုလိုဖြစ်ပွားနေပြီး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသောကြောင့် ဒေသခံများ နီးစပ်ရာ တောတောင်များအတွင်း တိမ်းရှောင်နေရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း ရှားတောမြို့ပေါ်ကို စစ်တပ်က ဗုံးကြဲခဲ့ရာ နေအိမ် ၄၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့သည်။ ဇန်နဝါရီလအတွင်း ကရင်နီဒေသနှင့် နယ်မြေချင်း ထိစပ်နေသော ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ၊ ညောင်ရွှေ၊ ဆီဆိုင်၊ ဟိုပုံးတို့တွင်လည်း တိုက်ပွဲများဖြစ်ခဲ့သည်။

Show More

Related Articles

Back to top button