သတင်း

ဒီးမော့ဆိုတွင် စာသင်ကျောင်းပေါ် ဗုံးကျပြီး ကလေး ၄ ဦးသေ၊ ၁၀ ဦး ဒဏ်ရာရ

လေတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကယားပြည်နယ်တွင် ကျောင်းတက်နေသည့် ကလေးများ သေဆုံး၊ ဒဏ်ရာရသွားသည်။ ဗုံးထိသည့်နေရာသည် တိုက်ပွဲနယ်မြေမဟုတ်ဟု သိရသည်။

ယနေ့ (ဖေဖော်ဝါရီ ၅) မွန်းတည့်ချိန်တွင် လေတပ်က ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းရွာများကို ဗုံးကြဲခဲ့ရာ စာသင်ကျောင်းတစ်ကျောင်းမှ ကလေး ၄ ဦး သေဆုံး၊ ၁၀ ဦး ထက်မနည်း ဒဏ်ရာရသွားကြောင်း ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF) က အတည်ပြုသည်။

မြက်လဲကျေးရွာအုပ်စု ဒေါဆီအီးကျေးရွာ စာသင်ကျောင်း ဖြစ်သည်ဟု KNDF (ဗဟို) သတင်းနှင့် ပြန်ကြားရေးဌာန၏ ပြောဆိုခွင့်ရှိသူ စောသာအယ်စိုးက ပြောသည်။

“နေ့လယ် ၁၁ နာရီ ၄၅ မိနစ်လောက်မှာ စာသင်ကျောင်းပေါ် တည့်တည့်လာကြဲတာပါ။ စာသင်ကျောင်းပေါ် ဗုံး တည့်တည့်ကျခဲ့တာပါ” ဟု သူက ပြောသည်။

ကျောင်းတက်နေချိန် သေဆုံးသွားသူတို့မှာ အသက် ၁၁ နှစ်မှ ၁၃ နှစ်ကြားအရွယ်များ ဖြစ်သည်ဟု ဆိုသည်။

လေယာဉ်နှစ်စီးဖြင့် ရှစ်ကြိမ်ခန့် ပျံဝဲပြီးမှ ဗုံးကြဲခဲ့သလို စစ်ကောင်စီ မြေပြင်တပ်ကလည်း အဆိုပါ နေရာအနီးဝန်းကျင်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KNDF ပြောဆိုခွင့်ရှိသူက ပြောသည်။

ဗုံးကြဲချသည့်နေရာသည့် တိုက်ပွဲနယ်မြေ မဟုတ်ဘဲ စစ်ဘေးရှောင် ပြည်သူများ ခိုလှုံနေသောနေရာ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

၂၀၂၃ နိုဝင်ဘာ ၁၁ ရက်နေ့တွင် အစပြုသည့် “ ၁၁.၁၁ စစ်ဆင်ရေး” အတွင်း မြို့တော်လွိုင်ကော်ကို သိမ်းယူနိုင်ရန် ကရင်နီ တော်လှန်ရေးအင်အားစုများက ကြိုးစားနေရာ မြို့၏ နေရာအများအပြားကို ထိန်းချုပ်ထားနိုင်ဆဲဖြစ်သည်။

စာသင်ကျောင်းများကိုလည်း တော်လှန်ရေးအင်အားစု၏ ထိန်းချုပ်ရာနယ်မြေများတွင် ဖွင့်လှစ် သင်ကြားကြပြီး စစ်ရှောင်ကလေးအများစု တက်ရောက်ကြသည်။

အလားတူ ကရင်နီဒေသအများစုကို တော်လှန်ရေးအင်အားစုက ထိန်းချုပ်ထားကြပြီး ယခုနှစ်ဆန်းတွင် လွိုင်ကော်အပြင် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ၊ ညောင်ရွှေ၊ ဆီဆိုင်တို့တွင်ပါ တိုက်ပွဲများပြင်းထန်နေသည်။

ယင်းသို့ စစ်ကောင်စီတပ် အရေးမလှဖြစ်နေခြင်းကြောင့် စစ်ဘေးရှောင်တို့ခိုလှုံသည့် နေရာများကို လေကြောင်းမှ ဗုံးကြဲရန် စစ်တပ်ကို အားပေးထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကြိုတင်လှုံ့ဆော်မှုများရှိနေခဲ့သည်။

ယခုဖြစ်ရပ်နှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးသလို ပြီးခဲ့သည့် ၇ ရက်အတွင်းတွင်လည်း ထိုဒေသနှင့် ပတ်သက်သည့် စစ်ရေးဖြစ်ရပ်များ ထုတ်ပြန်ထားသည်ကို မတွေ့ရပေ။

စစ်ကောင်စီ လေတပ်သည် တော်လှန်ရေးအင်အားကောင်းရာ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကရင်၊ ကရင်နီ၊ ကချင်၊ ရခိုင် စသည့် ဒေသများကို သွားရောက် တိုက်ခိုက်စဉ် စာသင်ကျောင်းများ၊ ကျေးရွာများအပေါ် ကျရောက်ပေါက်ကွဲမှုများ ရှိနေရာ ကလေးငယ် အများအပြား သေဆုံးခဲ့ရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် သုံးနှစ်နီးပါးကာလအတွင်း စစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့် ကလေးငယ် ၄၉၁ ဦး သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ၂၀၂၃ အောက်တိုဘာ ၄ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောထားသည်။

ကျေးရွာတွင်းစီးနင်းမှု၊ တိုက်ပွဲကျန် လက်နက်များပေါက်ကွဲမှုတို့တွင် ကလေးများ သေဆုံးသလို သေဆုံးမှုအများဆုံးမှာ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဖြစ်သည်ဟု သိရသည်။

Show More

Related Articles

Back to top button