သတင်း

စစ်တပ်၏တိုက်ခိုက်မှုကြောင့် ကလေး ၅၀၀ နီးပါး သေဆုံးဟု NUG ပြော

အာဏာသိမ်းပြီး သုံးနှစ်နီးပါးကာလအတွင်း စစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့် ကလေးငယ် ၄၉၁ ဦး သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် အများဆုံး သေဆုံးကြပြီး ကျေးရွာတွင်းစီးနင်းမှု၊ တိုက်ပွဲကျန် လက်နက်များပေါက်ကွဲမှုတို့တွင် သေဆုံးသူများလည်း ရှိသည်ဟု သိရသည်။

“ကလေးတွေရှိတဲ့ကျောင်းတွေ ဒါတွေကို ပစ်ခတ်ခြင်းက ကလေးများအပေါ်မှာ ပစ်မှတ်ထား တိုက်ခိုက်တာ ဖြစ်သလို သတ်ဖြတ်တာက လူကြီးတွေနဲ့ အတူကြုံတွေ့ရတဲ့ ကလေးတွေရဲ့အန္တရာယ်ဖြစ်ပါတယ်” ဟု NUG အစိုးရ၏ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

စစ်တပ်၏ ဖျက်ဆီးခြင်းခံရသည့် စာသင်ကျောင်း ၁၁၉ ကျောင်း၊ ဆေးခန်း ၃၉၁ ခု ရှိပြီး ယခုနှစ်အတွင်း အရပ်သားပစ်မှတ်များကို ရည်ရွယ်သည့်တိုက်ခိုက်မှု ပိုမိုပြားများလာကြောင်း သူက ဆိုသည်။

“လက်နက်ကြီးနဲ့ တိုက်ခိုက်တာ လေကြောင်းတိုက်ခိုက်တာ ပိုများလာတာ တွေ့ရတယ်။ မြေပြင်၊ ခြေလျင် တိုက်ခိုက်မှုပိုင်းက သူတို့ သိပ်မလုပ်နိုင်တော့ဘူး။ ဒီနေရာမှာ ကျူးလွန်တဲ့နေရာမှာ စစ်ပွဲဆိုင်ရာထက် အဲနေရာဒေသမှာ ရှိတဲ့ အရပ်သား Community တစ်ခုလုံးကို ပျက်စီးအောင်လုပ်တဲ့ ရည်ရွယ်ချက် တွေ့ရပါတယ်”

၂၀၂၁ စက်တင်ဘာမှစပြီး အရပ်သားများနေထိုင်သည့် နေရာများ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများ၊ ကျန်းမာရေး စောင့်ရှောက်သည့်နေရာများကို ဖျက်အားပြင်းလက်နက်များဖြင့် ၂၃၅၁ ကြိမ် ပစ်ခတ်ခဲ့ကြောင်း NUG ဘက်က ဆိုသည်။

လက်နက်ကြီးဟုဆိုရာတွင် ၆၀ မမ ဗုံးသီးအထက် ပေါက်ကွဲအားပြင်းထန်ပြီး ထိခိုက်ဖျက်ဆီးမှုကြီးမားသည့် လက်နက်များကို NUG က ဆိုလိုခြင်းဖြစ်သည်။

NGU အနေဖြင့် ကလေးများ ထိခိုက်မှုမရှိစေရေးအတွက် တစ်နိုင်ငံလုံးမှ ကျောင်းပေါင်း ၅၀၀ ခန့်တွင် ဗုံးခိုကျင်းများ တူးထားသလို NUG လက်အောက်ခံကာကွယ်ရေးတပ်ဖွဲ့များကိုလည်း စာသင်ကျောင်းများအတွင်း တပ်မစွဲကြရန် တင်းတင်းကျပ်ကျပ် တားမြစ်ထားသည်ဟု ယနေ့ရှင်းလင်းပွဲတွင် NUG အစိုးရအဖွဲ့ဝင် ဒေါက်တာဇော်ဝေစိုးက ထုတ်ဖော်ပြောဆိုသည်။

ယနေ့ အွန်လိုင်းမှတစ်ဆင့် ပြုလုပ်သော NUG သတင်းစာရှင်းလင်းပွဲကို ဦးအောင်မျိုးမင်းနှင့် ဒေါက်တာဇော်ဝေစိုးတို့က ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး NUG ကျောင်းများမှ ဆရာ၊ ဆရာမတချို့လည်း တက်ရောက်ရှင်းလင်းခဲ့ကြသည်။

စက်တင်ဘာ ၂၇ ရက်နေ့က စစ်ကိုင်းတိုင်းအထက်ပိုင်း ဝန်းသိုမြို့နယ်တွင် ဟောင်ဝစ်ဇာ လက်နက်ကြီးကျည်များ ဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲသဖြင့် စာသင်နေသည့် ကလေးငယ်အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု ကျောင်းတာဝန်ခံ ဆရာမတစ်ဦးက ပြောသည်။

ထိုပစ်ခတ်မှုအတွင်း ဆရာမတစ်ဦးနှင့် ကလေးငယ် ၂၀ ဦး ထိခိုက်ဒဏ်ရာရှိသည့်အနက် ၇ ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် အရေးပေါ်ကုသမှုခံယူခဲ့ရကြောင်း ဆိုသည်။

“ကလေးတွေက သွေးတွေနဲ့ ရွှဲပြီး ပြေးလာတယ်၊ ရုတ်ရုတ်သဲသဲနဲ့ တကယ့်ငရဲခန်းလိုပဲ… ကလေးတွေက သွေးတွေ အလိမ်းလိမ်းနဲ့ ကျွန်မမျက်စိထဲက မထွက်နိုင်ဘူး။ အခုချိန်ထိ ဆရာမတွေရော မိဘတွေရော သွေးလန့်ပြီး ညတိုင်းကျရင် ငုတ်တုတ်ထထိုင်တဲ့အထိဖြစ်ခဲ့တယ်” ဟု ဆရာမတစ်ဦးက ပြောပြသည်။

အဆိုပါသတင်းနှင့် ပတ်သက်ပြီး ကလေးငယ် ၁၈ ဦး ဒဏ်ရာရခဲ့ကြောင်း စက်တင်ဘာ ၂၈ တွင် Myanmar Now က ကနဦး သတင်းဖော်ပြထားသည်။

ယခုနှစ် ဧပြီလက ကန့်ဘလူမြို့နယ်အတွင်းရှိ ပဇီကြီးကျေးရွာပြည်သူ့အုပ်ချုပ်ရေးရုံးခန်း ဖွင့်ပွဲအခမ်းအနားကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲ၊ ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ခဲ့ရာ ကလေးငယ် ၃၂ ဦး အပါအဝင် အရပ်သား ရာဂဏန်း သေဆုံးခဲ့သည်။

ထို့ပြင် ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းကလည်း စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီက ရဟတ်ယာဉ်နှစ်စီးဖြင့် ပစ်ခတ်ခဲ့ရာ ကလေးငယ် ၆ ဦးအပါအဝင် အရပ်သား ၁၃ ဦး သေဆုံးခဲ့သည်။

ယခုနှစ် ဧပြီအတွင်းကလည်း ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့ အရှေ့မြောက်ဘက် ၁၀ မိုင်ကျော်အကွာ၊ ဝေဘူလမြို့ရှိ အထက်တန်းကျောင်းကို လေတပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ကျောင်းပိတ်ထားသောကြောင့် အထိအခိုက်မရှိခဲ့ပေ။ 

စစ်ကောင်စီတပ်က ဒေသတွင်း စစ်ကြောင်းထိုးလာရာတွင် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းများတွင် စခန်းချ နေရာယူလာသည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာအတွင်း စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ကျေးရွာတွင် စစ်တပ်ထွက်သွားပြီးနောက် မပေါက်ကွဲဘဲ ကျန်ခဲ့သည့် ၄၀ မမ ဗုံးသီးကျည်ကို ဆော့ကစားခဲ့သည့် ၅ နှစ်အရွယ် ကလေးတစ်ဦးနှင့် ညီဝမ်းကွဲ ၁၀ လသားအရွယ် ကလေးတစ်ဦး သေဆုံးခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်

Show More

Related Articles

Back to top button