
ယမန်နေ့ (စက်တင်ဘာ ၂၇) နေ့လယ် ၁၂ ခွဲခန့်တွင် စစ်ကိုင်းတိုင်းအထက်ပိုင်း ဝန်းသိုမြို့နယ် ဘုန်းကြီးကျောင်းအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် စာသင်ကြားနေသည့် ကလေးငယ် ၁၈ ဦး ဒဏ်ရာရရှိသွားသည်။
အမှတ် (၁၂၀) ခြေမြန်တပ်ရင်းက ၁၅၅ မီလီမီတာကျည် ထည့်သွင်းပစ်ခတ်နိုင်သည့် ဟောင်ဝစ်ဇာအမြောက်ဖြင့် ပစ်ခတ်ခြင်းဖြစ်သည်ဟု ဆိုသည်။
မြို့အရှေ့ဘက် ၈ မိုင်ခန့် အကွာရှိ ဂျိုးထောင်ရွာ ခန္တီဝံသာရာမဘုန်းကြီးကျောင်းအတွင်း ကျည် ၃ လုံး ကျရောက်ပေါက်ကွဲပြီး ဒဏ်ရာရရှိသည့်ကလေးများအနက် ၆ ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က ယနေ့ သတင်းထုတ်ပြန်ထားသည်။
အရပ်ဘက် စစ်ဘက် ခွဲခြားမှုမရှိ ကျိုးကြောင်းမဲ့ပစ်ခတ်မှုသည် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်သည်ဟု NUG ၏ ထုတ်ပြန်ချက်က ဆိုသည်။
တိုက်ခိုက်ခံရစဉ် စာသင်နေသည့် ကလေးအရေအတွက်၊ စာသင်ကျောင်း၏ အခြေအနေတို့ကို ကျည်ကျရောက်ပေါက်ကွဲရာ ကျေးရွာရှိ ဒေသခံများထံ Myanmar Now က ဆက်သွယ်၍ မရနိုင်သေးပါ။
စစ်ကောင်စီနှင့် တိုက်ပွဲမကြာခဏဖြစ်နေသည့် ဝန်းသိုမြို့နယ်တွင်လည်း တယ်လီဖုန်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ထားသည်။
ဒေသခံများနှင့် ဆက်သွယ်မှုရှိသည့် ကောလင်း PDF တာဝန်ရှိသူတစ်ဦးကမူ ဘုန်းတော်ကြီးကျောင်းပေါ်သို့ လက်နက်ကြီးနှစ်လုံး ကျရောက်ပေါက်ကွဲသဖြင့် ကလေးငယ်များ ဒဏ်ရာပြင်းထန်ခဲ့သည်ဟု သိရကြောင်း ပြောသည်။
“ဘုန်းကြီးကျောင်းပေါ်ကို နှစ်လုံးကျတယ်၊ ကလေးခြောက်ယောက်က ဒဏ်ရာပြင်းထန်တယ် ပြောတယ်။ ပထမနေ့က (တိုက်ပွဲ) ဖြစ်တာ မကျေနပ်လို့ လျှောက်ပစ်တာ” ဟု သူက ဆိုသည်။
စက်တင်ဘာ ၂၅ ရက်နေ့က ဝန်းသိုမြို့ပေါ်ရှိ စစ်ကောင်စီစစ်ဆေးဂိတ်ကို ကောလင်းနှင့် ဝန်းသိုမြို့နယ် PDF ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကို ဆိုလိုခြင်းဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးခဲ့ပြီး MA 1 သေနတ် ၂ လက်၊ ပြောင်းချော ၂ လက်၊ ကာဘိုင် ၂ လက်နှင့် ဆက်သွယ်ရေးစက်တစ်လုံး ရရှိခဲ့သည်ဟုလည်း ပြောသည်။
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင်မူ ထိုတိုက်ခိုက်မှုကြောင့် ပြည်သူ့စစ် ၄ ယောက် သေ၊ ၅ ယောက် ဒဏ်ရာရသည်ဟု ဖော်ပြကြသည်။
ပြင်းထန်သည့် ခုခံမှုနှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီက တပ်စခန်းဝန်းကျင် ရွာများကို လက်နက်ကြီးဖြင့် မကြာခဏ ပစ်ခတ်လေ့ရှိသည်။ နေအိမ်များ၊ စာသင်ကျောင်းများ၊ စစ်ဘေးရှောင်စခန်းများပေါ်တွင် ပေါက်ကွဲသဖြင့် ကလေးသူငယ်များ အပါအဝင် အရပ်သားသေဆုံးမှု အများအပြားရှိခဲ့သည်။
စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများကိုလည်း ပြုလုပ်နေရာ ၂၀၂၂ ခုနှစ် ဧပြီလမှ ၂၀၂၃ ခုနှစ် ဇူလိုင်လအထိ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၆၈၇ ကြိမ် ပြုလုပ်ခဲ့သည်ဟု ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး UNHRC ၏ စက်တင်ဘာလအစီရင်ခံစာတွင် ဖော်ပြသည်။
တစ်ဆက်တည်းတွင် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ပိုဆိုးရွားလာနေကြောင်း စက်တင်ဘာ ၂၆ ရက်တွင်ကျင်းပသည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအစည်းအဝေးတွင် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk က အစီရင်ခံခဲ့သည်။
လူ ၁၀ ဦးနှင့်အထက် သေဆုံးသည့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၂၂ ကြိမ် ဖြစ်ခဲ့ပြီး စစ်ကိုင်းတိုင်းအတွင်း နေအိမ်ပေါင်း ၇၅,၀၀၀ ကျော် မီးရှို့ ဖျက်ဆီးခံခဲ့ရသည်ဟု Volker Türk က ဆိုသည်။
ဒေသအသီးသီးတွင် အိုးအိမ်စွန့်ခွာထွက်ပြေးရသူများ ထပ်မံပေါ်ပေါက်နေပြီး ပြင်းထန်သည့် တိုက်ပွဲများနှင့် စစ်ရေးလှုပ်ရှားမှုများ ပေါ်ပေါက်လာနေသည်၊ စစ်ကိုင်းတိုင်းအတွင်း စစ်ဘေးရှောင်နေရသူ ၈၁၀,၀၀၀ ရှိသည်ဟု ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ၏ စက်တင်ဘာလ ၈ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကချင်ပြည်နယ်နှင့် နီးစပ်သည့် စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသများဖြစ်သည့် ဝန်းသို၊ ကောလင်း၊ ကသာ၊ ထီးချိုင့်မြို့နယ်တို့တွင် သက်တမ်းရင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ ကူညီမှုဖြင့် စစ်ကောင်စီကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြသည်။
ဝန်းသိုမြို့ဖြစ်ရပ်နှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ၊ ယခင် အရပ်ဘက်ပစ်မှတ် ပစ်ခတ်မှုကို သတင်းထုတ်ပြန်သည့်အခါ အကြမ်းဖက်သမားရှိသည့်နေရာကို တိုက်ခိုက်ခြင်းသာဖြစ်သည်ဟု အကြောင်းပြတတ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။