ဆောင်းပါး

လက်ယက်ကုန်းရွာ စာသင်ကျောင်းလေး ကမ္ဘာပျက်သည့်နေ့

ကျောင်းတက်ခေါင်းလောင်းထိုးပြီးမကြာမီ စစ်ရဟတ်ယာဉ်များပျံသန်းလာသံ ထွက်ပေါ်လာသဖြင့် ဒေါ်အေးမြင့်တို့ ဆရာ၊ ဆရာမများသာမက မူလတန်းနှင့် အလယ်တန်းကလေးများပါ  ပုန်းခိုစရာ ကတိုက်ကရိုက်ရှာဖွေကြသည်။  

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့အနောက်ဘက် ၁၄ မိုင်အကွာ လက်ယက်ကုန်းရွာကလေးရှိ ထိုစာသင်ကျောင်းအတွင်း ရုတ်ရုတ်သဲသဲ ဖြစ်နေစဉ် လက်နက်ကြီးကျည် ၃ လုံး ဆက်တိုက်ကျရောက် ပေါက်ကွဲသလို ရဟတ်ယာဉ်များပေါ်မှ စစ်သားများ ဆင်းလာကြသည်။

စက်တင်ဘာ ၁၆ ရက်နေ့က ပစ်မှတ်ထား တိုက်ခိုက်ခံရသည့် နေရာမှာ စာသင်ကျောင်းရှိရာ ဘုန်းကြီးကျောင်းဝင်းအတွင်းနှင့် ကျေးရွာဆေးပေးခန်း ဝန်းကျင်ဖြစ်သည်ဟု ဒေသခံများနှင့် ဆရာမ ဒေါ်အေးမြင့်က ဆိုသည်။

“ကျွန်မတို့ခေါင်းပေါ် လေယာဉ်သံကြားရင် လက်နက်ကြီးကျပြီပဲ၊ လက်နက်ကြီးပစ်ပြီးတာနဲ့ တစ်ပြိုင်နက် စက်သေနတ်က တိုက်ရိုက်ပဲ၊ တစ်ချိန်လေးမှ မလပ်ဘူး သူတို့ပစ်တာ၊ တစ်နာရီလုံးပစ်တာ” ဟုလည်း ဆရာမ ဒေါ်အေးမြင့်က ပြောသည်။

ထိုပစ်ခတ်မှုကြောင့် ကလေး ၇ ဦးသေဆုံးခဲ့ပြီး မြေပြင်ထိုးစစ်ကြောင့် လူကြီး ၆ ဦး သေဆုံးခဲ့ရသည်။

အနိဋ္ဌာရုံမြင်ကွင်းများ

လက်နက်ကြီး ပစ်သံများရပ်သွားပြီး မကြာမီတွင် ခြင်းကြားများလွယ်ထားပြီး စစ်ဖိနပ်များစီးထားသည့် စစ်သားများ ဘုန်းကြီးကျောင်းထဲ ရောက်လာပြီး အားလုံးထွက်လာရန် အမိန့်ပေးတော့သည်။ 

“တအား သေနတ်တွေပစ်ပြီးတော့ ဝင်လာကြတာ။ ထွက်ခဲ့ ထွက်ခဲ့ တဲ့၊ ခေါင်းငုံ့ထား တဲ့၊ မဖော်နဲ့ တဲ့၊ ဖော်ရင်ပစ်သတ်လိုက်မှာ တဲ့၊ အဲ့ဒီတော့ ကျွန်မတို့လည်း အသာလေး ခေါင်းငုံ့နေရတာ” ဟု ဒေါ်အေးမြင့်က ဆိုသည်။

ကြောက်လန့်တကြား ထွက်လာကြသည့် ကလေးငယ်များ၏ ထိတ်လန့်နေသော မျက်ဝန်းများနှင့် မျက်လုံးကျွတ်ထွက် ဒဏ်ရာမှသည် လက်များ ဖွာလန်ကြဲသည်အထိ ဒဏ်ရာအပြင်းအထန်ရနေသည့် မြင်ကွင်းကို ခိုးကြောင်ခိုးဝှက်ကြည့်ခဲ့ရသော်လည်း ဒေါ်အေးမြင့် တစ်သက် မေ့ပျောက်ရနိုင်မည်မထင်ပေ။

“ကလေးတွေက သူတို့ကြောက်တော့ ဒီလောက်ဒဏ်ရာရတာကို မငိုရဲကြဘူး၊ မငိုနိုင်ရှာဘူး၊ မငိုရဲ ရှာဘူး၊ အံကြိတ်ပြီးခံရရှာတာ၊ သူတို့က မငိုနဲ့ အသံမထွက်ကြနဲ့ဆိုတော့“ ဟု ဒေါ်အေးမြင့်က Myanmar Now ကို ငိုယိုကာ ပြန်လည်ပြောပြသည်။

ဓာတ်ပုံ – ဒီပဲယင်းမြို့နယ် စစ်ရှောင် ထောက်ပံ့ရေး လူမှုကွန်ရက်စာမျက်နှာ

စစ်ကောင်စီတပ်သားများ စုရုံးစေသည့်နေရာသို့ ထိုကျောင်းတွင်ပင် တက်နေသည့် ဒေါ်အေးမြင့်၏ သားသမီး ၃ ဦးအနက် ၂ ဦးက အနားသို့ ရောက်လာချိန်တွင် သူတို့ သူငယ်ချင်းများနှင့် ဝမ်းကွဲညီ၏ ထိခိုက်ဒဏ်ရာများအကြောင်းကို သိလာခဲ့ရသည်။

ထိခိုက်ဒဏ်ရာပြင်းထန်သည့် ကလေးငယ်များအနက် ဒေါ်အေးမြင့် တူတော်စပ်သူ ၇ နှစ်အရွယ် Grade 1 ကျောင်းသား မောင်ဘုန်းတေဇလည်း ပါဝင်သည်။ ဒဏ်ရာပြင်းထန်မှုကြောင့် မိခင်ကို လာရောက်ခေါ်ယူပေးရန် မောင်ဘုန်းတေဇ၏ အော်ဟစ်သံကြောင့် စစ်သားများကို တောင်းပန်သည့်အခါ ခေါ်ယူခွင့် ရခဲ့သည်။  

လက်နှင့် ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး ဒဏ်ရာရထားသည့် ကလေးငယ်က နာကျင်မှုများကြောင့် ဆန္ဒတစ်ခုတည်းကို ထပ်တလဲလဲတောင်းဆိုနေခဲ့သည်ဟု ဒေါ်အေးမြင့်က ငိုရင်း ပြောပြသည်။

“နာလွန်းလို့၊ သားသားကို သတ်လိုက်ပါ မေမေရာတဲ့၊ ကလေးက တအားအော်ပြီးတော့ သူ့ကို သတ်ခိုင်းတယ်၊ သား မနေနိုင်လို့ပါဗျာ၊ သတ်ပါဗျာ တဲ့” ဟု ဒေါ်အေးမြင့်က ပြန်ပြောပြသည်။

ခန္ဓာကိုယ်တစ်ခုလုံး ပြာနှမ်းနေသည့် ကလေးငယ်ကို သက်သာလိုသက်သာငြား အောက်ဆီဂျင်ပေးကာ ကုသမှုအချို့ ပေးခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ 

ကလေးငယ်ရုပ်အလောင်းကို ကိုယ်တိုင်သင်္ဂြိုဟ်ခွင့်ပေးရန် စစ်သားများကို အတန်တန်တောင်းပန်ခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရသည်။

“ကျွန်မတို့က အလောင်းတောင်းတယ် ရှိခိုးပြီးတော့လည်း တောင်းပန်တယ်၊ သူ့အမေက ဒါလေးတော့ ကျွန်မ လက်ကလေးနဲ့ သင်္ဂြိုဟ်ခွင့်ပြုပါလို့ ပြောတယ်၊ ဒါပေမဲ့ မပေးဘူး သူတို့က အတည်မပြုရသေးလို့ တဲ့၊ ဘာကို အတည်ပြုမှာလဲ၊ ဘယ်လိုအတည်ပြုမှာလဲ၊ ကျွန်မတို့လက်ထဲတင် သေသွားတာကို” ဟု ဒေါ်အေးမြင့်က ဆို့ဆို့နင်နင့် ပြန်လည်ပြောပြသည်။

ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းဝင်းတစ်ခုအတွင်း ဖြစ်ပျက်နေသည့် အနိဋ္ဌာရုံမြင်ကွင်းနှင့် ငိုယိုသံသဲ့သဲ့များကြား စစ်ကောင်စီတပ်သားတို့က ကျောင်းသူကျောင်းသားများနှင့် ကျောင်းဝင်းအတွင်းရှိနေသူအားလုံးကို စုဝေးစေရန် အမိန့်ပေးသံ ထပ်မံထွက်လာသည်။ 

စုဝေးထိုင်ခိုင်းပြီး တစ်ဖက်သို့ လှည့်နေကြရန် စစ်ကောင်စီတပ်သားတို့က ထပ်ဆင့်အမိန့်ပေးသည်။

သို့သော် ဒေါ်အေးမြင့်က မသိမသာ ခိုးကြည့်လိုက်ရာ ကိုယ်ခန္ဓာအပိုင်းအစများကို ကောက်ပြီး ပီနံအိတ်ဖြင့် ထုတ်ကာ ယူဆောင်သွားသည့် စစ်ကောင်စီတပ်သားများ၏ လုပ်ရပ်ကို မြင်တွေ့ခဲ့ရသည်။

ဓာတ်ပုံ – ဒီပဲယင်းမြို့နယ် စစ်ရှောင် ထောက်ပံ့ရေး လူမှုကွန်ရက်စာမျက်နှာ

ဓားစာခံများ  

စစ်ကောင်စီ၏ ပစ်ခတ်မှုအပြီး ဒဏ်ရာပြင်းထန်သည့် စေတနာ့ဝန်ထမ်း ဆရာ ၂ ဦးအပါအဝင် ကျောင်းသား၊ ကျောင်းသူ ၁၇ ဦးကို ၈ မိုင်ခန့်အကွာရှိ စစ်တပ်အခြေချတပ်စွဲထားရာ ရေဦးမြို့ တိုင်းရင်းဆေးရုံသို့ ခေါ်ဆောင်သွားခဲ့သည်၊ ဓားစာခံအဖြစ် ဒေသခံ ၆ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဒေသခံများက ဆိုသည်။

ဆေးကုပေးမည့် အကြောင်းပြချက်ဖြင့် ခေါ်ဆောင်သွားသူများအနက် ဒဏ်ရာပြင်းထန်သည့် ကလေး ၂ ဦး သေဆုံးခဲ့ကြောင်း ရေဦးမြို့ခံ လူမှုရေးအဖွဲ့အစည်းများထံမှ သိရသည့်အချက်အလက်ကို အခြေခံပြီး လက်ယက်ကုန်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ သို့သော် ဤဆောင်းပါးတင်ပြချိန်အထိ နောက်ဆုံးအခြေအနေကို Myanmar Now က စုံစမ်းမရသေးပါ။

ဆေးကုသမှုခံရယူနေရသည့် ကျောင်းသားများအနက် ဒဏ်ရာပြင်းထန်သည့် ခြေထောက်တစ်ဖက် ဆိုးဆိုးရွားရွားထိခိုက်သွားသည့် အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်နှင့် မျက်စိတစ်ဖက် ထိခိုက်ထားသူ အသက် ၈ နှစ်အရွယ် ယောက်ျားလေးတစ်ဦး၏ မိဘများကို မုံရွာသို့ လိုက်လာရန် စစ်တပ်ဘက်က ဆက်သွယ်အကြောင်းကြားလာသည်ဟု ဒေသခံများက ဆိုသည်။

ကလေး ၂ ဦး၏ မိဘဆွေမျိုးများက အသုံးစရိတ် ရှာဖွေပြီးနောက် မုံရွာသို့ လိုက်သွားသော်လည်း တွေ့ဆုံခွင့် ရ၊ မရ အသေးစိတ်ကို မသိရသေးကြောင်း အထက်ပါလက်ယက်ကုန်းရွာခံ အမျိုးသားက ပြောသည်။ ဖမ်းဆီးခေါ်ဆောင်သွားသူအချို့၏ အခြေအနေကိုလည်း မသိရသေးသည့်အတွက် မိဘဆွေမျိုးများ၊ ဒေသခံများက စိုးရိမ်ပူပန်နေကြသည်။ 

ရေဦးမြို့သို့ ခေါ်ဆောင်သွားသည့် ကျောင်းသား၊ ကျောင်းသူများ၊  စေတနာ့ဝန်ထမ်း ဆရာများနှင့် ဓားစာခံများ၏ အခြေအနေကို စစ်တပ်က သတင်းအမှောင်ချထားသည်။

ဓာတ်ပုံ – ဒီပဲယင်းမြို့နယ် စစ်ရှောင် ထောက်ပံ့ရေး လူမှုကွန်ရက်စာမျက်နှာ

စိတ်ဒဏ်ရာ

ထိုနေ့က စာသင်ကျောင်းလေးထဲတွင် စာအံသံတွေအစား တိုက်ခိုက်ရေး ရဟတ်ယာဉ်သံ၊ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲသံ၊ သေနတ်သံများကြား ထွက်ပြေးလွတ်မြောက်လာသည့် ကျောင်းသားငယ်လေးများလည်းရှိသည်။ သူတို့ထဲတွင် ညောင်ဇီးကုန်းရွာ အလယ်တန်းကျောင်းသား မောင်ဇေယျနှင့် အစ်မဖြစ်သူ ပြုံးပြုံးလည်း ပါဝင်သည်။

“အပြင်မှာ ပစ်နေခတ်နေတော့ သတိဝင်လာပြီးတော့ သူက အခန်းထဲ ပြန်ဝင်တာ။ အဲဒီမှာ အပိုင်းပိုင်းပြတ်တွေလည်း တွေ့တယ်၊ ကလေးတစ်ယောက်က မျက်လုံးကြီး ပြုးထွက်ပြီးနေတာ တွေ့တယ်။ မှန်တာတွေ ပြုတာတွေက ဘယ်သူတွေလဲတော့ မသိဘူးပေါ့။ သွေးတွေလည်း အိုင်လို့ပေါ့။ အုတ်တံတိုင်းကျော်ချပြီးတော့ အိမ်ကြိုအိမ်ကြား၊ စည်းရိုးကြို စည်းရိုးကြားက ပြေးတာပေါ့” ဟု လွတ်မြောက်လာသည့် ကျောင်းသား၏ ဖခင်ဖြစ်သူက သူ့သား၏ စွန့်စားခန်းကို ပြန်ပြောပြသည်။

သွေးသံရဲရဲ ဖြစ်နေသည့် သူငယ်ချင်းများ၏ ရုပ်အလောင်း၊ အပြင်းအထန်ဒဏ်ရာရပြီး ညည်းညူနေသည့် အတန်းဖော်များကို ထိတ်လန့်တုန်လှုပ်ဖွယ်မြင်ရပြီးနောက် မပြုံးပြုံးမှာ နာမည်နှင့် လိုက်ဖက်အောင်ပင် မပြုံးနိုင်တော့။

မောင်ဇေယျတို့ကဲ့သို့ ကျောင်းသားငယ်များမှာ ကိုယ်ခန္ဓာပေါ် ဒဏ်ရာမရသော်လည်း ဖျောက်ဖျက်မရသည့် စိတ်ဒဏ်ရာ ထင်ကျန်ရစ်သည်။ လေယာဉ်ဟု သူတို့ ခေါ်ကြသည့် ရဟတ်ယာဉ်သံကြားလျှင်ပင် ကလေးငယ်များ ထိတ်လန့်တုန်လှုပ်နေကြပြီး ညဘက်အိပ်ပျော်ဖို့က မိဘများရင်ဆိုင်နေရသည့် စိန်ခေါ်မှုကြီးဖြစ်လာသည်။

“အရင်တုန်းကတော့ ကျောင်းကို စာတော်အောင်လုပ်မယ်။ အောင်အောင်လုပ်မယ်ပေါ့။ ကျူရှင်လည်း လိုက်တယ်။ ကျောင်းလည်း လိုက်တယ်။ စိတ်အားထက်သန်တာပေါ့။ ခုတော့ ဒါမျိုးတွေဖြစ်ပြီးတော့ (ကျောင်းကို) မလိုက်ချင်တော့ဘူး” ဟု မောင်ဇေယျ၏ ဖခင်က ဆိုသည်။

ဓာတ်ပုံ – ဒီပဲယင်းမြို့နယ် စစ်ရှောင် ထောက်ပံ့ရေး လူမှုကွန်ရက်စာမျက်နှာ

ရွာအတွင်းက ကမ္ဘာပျက်နေ့

ထိုနေ့က လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ရုံသာမက ရဟတ်ယာဉ် နှစ်စီးဖြင့် စစ်သား ၈၀ ခန့်ကို ချပြီး ရွာကို နှစ်ဖက်ညှပ် စီးနင်းပစ်ခတ်မှုကြောင့် အရပ်သား ၇ ဦး သေဆုံးခဲ့သည်။ မူးမြစ်အနီး ငါးရှာနေသည့် ဖခင်ဖြစ်သူနှင့် လိုက်ပါလာသည့် ၁၃ နှစ်အရွယ် ကလေးငယ်မှာ လေကြောင်းပစ်ခတ်မှုအတွင်း သေဆုံးခဲ့ရသည်။ 

ထို့အပြင် ရွာအနီးတွင် နွားကျောင်းနေသည့် အမျိုးသမီး ၁ ဦး၊ ရွာထိပ်တွင် တွေ့ရသည့် အမျိုးသား ၃ ဦးတို့ကို စစ်ကောင်စီတပ်သားတို့ ပစ်သတ်ခဲ့သည်ဟု ဒေသခံတို့က ဆိုသည်။ ရုပ်အလောင်းများကို မူးမြစ်အတွင်းမှ ဆယ်ယူရရှိခဲ့ကြောင်းလည်း လက်ယက်ကုန်းရွာခံ အမျိုးသားက ပြောသည်။ 

“တောထဲမှာ နွားကျောင်းနေတဲ့ (အမျိုးသမီး) ကို ပစ်သတ်တာ၊ နားကပ်ပါ ဖြုတ်ယူသွားတာ၊ ပစ်သတ်ထားခဲ့တာ၊ ရုပ်ကိုမပီဘူး၊ ရက်ရက်စက်စက်ကိုလုပ်တာ၊ ဦးနှောက်တွေက နဖူးဘက်ကို ထွက်နေတာ” ဟု အထက်ပါ ဒေသခံက ပြောသည်။

စစ်သားများ ရွာထဲ ဝင်လာစဉ် နေအိမ်တွင်း ပုန်းနေသည့်  ၄၉ နှစ်အရွယ် အမျိုးသားကိုလည်း ပစ်သတ်ခဲ့သေးသည်၊ ထို့အပြင် ရွာအတွင်း စီးနင်းစဉ် တွေ့သည့် ဒေသခံများကို အနီးကပ်တေ့ပစ်ခဲ့ရုံသာမက နေအိမ်အချို့ကို မွှေနှောက်ပြီး ရွှေ၊ ငွေ၊  အဖိုးတန်ပစ္စည်းများ ယူဆောင်သွားသည်ဟု ဒေသခံများက ဆိုသည်။

သတ်ဖြတ်၊ လုယက်မှုများမှာ စစ်ကြောင်းထိုးသည့်ရွာများတွင် ဖြစ်ပျက်လေ့ရှိသည်ဟု ဒေသခံတို့ထံမှ သိရပြီး စစ်ကောင်စီကမူ ထိုပြောဆိုချက်များနှင့် ပတ်သက်ပြီး ဖြေရှင်းချက်ထုတ်လေ့ မရှိပေ။

အိမ်ခြေ ၃၅၀ ကျော်ရှိပြီး စိုက်ပျိုးရေးဖြင့် အသက်မွေးကြသည့် လက်ယက်ကုန်းရွာခံများမှာ ယခုအခါ ရွာကို ပစ်ပြီး ဘေးလွတ်ရာ ရှောင်ကြရသည်။ စစ်တပ်က ထိုနေ့တွင်းချင်း ပြန်ထွက်သွားသော်လည်း စစ်ကြောင်းထပ်ထိုးလာမည်ကို စိုးရိမ်ကြသောကြောင့် ရွာခံတို့ နေရပ်မပြန်ရဲကြသေးပေ။

ဓာတ်ပုံ – ဒီပဲယင်းမြို့နယ် စစ်ရှောင် ထောက်ပံ့ရေး လူမှုကွန်ရက်စာမျက်နှာ

ဒီပဲယင်းဒေသသည် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ယာတန်း ၂၀၀၃ ခုနှစ်တွင် တိုက်ခိုက်ခံရသည့် ဒေသဖြစ်သည်။ ထိုတိုက်ခိုက်မှုကို စီစဉ်ခဲ့သည့် စစ်ဗိုလ်ချုပ်များက ၎င်းတို့၏လက်ချက်ဖြစ်ကြောင်း ဝန်ခံခြင်း မရှိခဲ့သလို  ဒေါ်အောင်ဆန်းစုကြည်ကလည်း လူတချို့ သေဆုံးပြီး ၎င်းအပါအ၀င် နောက်လိုက်အများအပြား ဖမ်းဆီးထိန်းသိမ်းခံရမှု၊ အကြမ်းဖက်ခံရမှုနှင့် အဆုံးသတ်ခဲ့သည့် ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး ကြေအေးပေးခဲ့သည်။

၂၀၂၁ တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ပစ်မှတ်ထားတိုက်ခိုက်သည့်နေရာထဲတွင် ဒီပဲယင်းဒေသလည်း ပါဝင်သည်။ ရဟတ်ယာဉ် ၄ စီးနှင့် စစ်သားများ ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် လက်ယက်ကုန်းရွာ ကလေးငယ်များ၊ ရွာသားများ သေဆုံးသည့် ဒီပဲယင်းမြို့အတွင်း အရပ်သားအများအပြား သေဆုံးသည့် တိုက်ခိုက်မှုတစ်ခု ဖြစ်လာသည်။

တူညီသည့်ဖြစ်ရပ်မှာ တိုက်ခိုက်သူများက သတ်ကွင်းအတွင်းရှိနေသူများကို ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။ 

ဒေါ်အောင်ဆန်းစုကြည်နှင့် ယာဉ်တန်းတွင် ပါဝင်သူများ ဖမ်းဆီး အကျဉ်းချခံရပြီး လပေါင်းများစွာအကြာတွင် ပြန်လည်လွတ်မြောက်လာသည်။ လက်ယက်ကုန်းရွာမှ အဖမ်းခံရသည့် ဆရာ ဆရာမများ၊ ကျောင်းသူကျောင်းသားများ၊ ဒေသခံများ၏ ကံကြမ္မာမှာ ထိုဖြစ်ရပ်နှင့် မတူညီပေ။  လက်ယက်ကုန်းတွင် အဖမ်းခံရသူများထဲမှ ၃၃ နှစ်အရွယ် ကိုအောင်စောထွေးကို စစ်သားများက ပစ်သတ်ပြီး အလောင်းကို လမ်းတွင် စွန့်ပစ်ထားခဲ့သည်။

ဓာတ်ပုံ – ဒီပဲယင်းမြို့နယ် စစ်ရှောင် ထောက်ပံ့ရေး လူမှုကွန်ရက်စာမျက်နှာ

“ဘာ PDF မှ မရှိပါဘူးဗျာ”

လက်ယက်ကုန်းစာသင်ကျောင်းကို အနီးအနားရွာများကပင် ကျောင်းလာတက်ကြသဖြင့် ကလေးဦးရေ ၂၀၀ ကျော် ရှိသည့် ထိုကျောင်းနှင့် ရွာကို ဝင်ရောက်စီးနင်းခဲ့ကြောင်း စစ်ကောင်စီ ပြောခွင့်ရသူက ပြောသည်၊ ကချင်လွတ်လပ်ရေးအဖွဲ့  (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ လက်နက်များ သယ်ဆောင်မည်ဖြစ်သည့်အတွက် စီးနင်းခြင်းဟု ဖြေရှင်းချက်ထုတ်သည်။

ဘုန်းကြီးကျောင်းအတွင်း ခိုအောင်းနေပြီး အဖျက်လုပ်ငန်းများ လုပ်ဆောင်ခြင်း၊ ဆက်ကြေးတောင်းခံခြင်းကြောင့် စစ်သည်များကို ရဟတ်ယာဉ်များနှင့် ပို့ဆောင်ကာ အလစ်အငိုက် ဝင်ရောက်စစ်ဆေးရာ ဒေသခံများကို လူသားဒိုင်းသဖွယ် အကာအကွယ်ယူပြီး တိုက်ခိုက်သည့်အတွက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့သည်ဟု ဆိုသည်။ 

သို့သော် စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင်လည်း ကလေးသူငယ်များ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုအခြေအနေတို့နှင့် ပတ်သက်ပြီး တစ်လုံးတစ်ပါဒမျှ မပါဝင်ပေ။ 

ဒေသခံများကမူ စစ်ကောင်စီ၏ ထုတ်ပြန်ချက်ကို ပယ်ချသည်။ ထိုနေ့က မြေပြင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိသလို ကျေးရွာအတွင်း PDF များ မရှိကြောင်း ဒေသခံများက ဆိုသည်။

“ဘာ PDF မှ မရှိပါဘူးဗျာ၊ ကလေးတွေပညာရေးအတွက် သားသမီးချင်း ကိုယ်ချင်းစာပြီး ကျွန်တော်တို့က ဘုန်းတော်ကြီးကို အကူအညီတောင်းပြီးဖွင့်တဲ့ ကျောင်းပဲရှိတာပါ။ တခြား ကျွန်တော်တို့မှာ ဘာရည်ရွယ်ချက်မှ မရှိဘူး၊ သူတို့ကို ခုခံဖို့ အပ်တိုတစ်ချောင်းတောင် မရှိဘူး” ဟု လက်ယက်ကုန်းရွာခံ အမျိုးသားတစ်ဦးက ပြောသည်။

ဓာတ်ပုံ – ဒီပဲယင်းမြို့နယ် စစ်ရှောင် ထောက်ပံ့ရေး လူမှုကွန်ရက်စာမျက်နှာ

စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် ရက်စက်ကြမ်းကြုတ်သည့် စစ်ရာဇဝတ်မှုဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဆိုသည်၊ ဖမ်းဆီးထားသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများကို အမြန်ဆုံးပြန်လွှတ်ပေးရန်လည်း တောင်းဆိုထားသည်။ 

ကလေးများ ပညာသင်နိုင်ရေးအတွက် အစဉ်တစိုက်ဆောင်ရွက်နေသည့် ကုလသမဂ္ဂရန်ပုံငွေဖြင့် လည်ပတ်နေသည့် UNICEF အဖွဲ့က လက်ယက်ကုန်းဖြစ်စဉ်အပြီး လေးရက်အကြာ စာသင်ကျောင်းအပါအဝင် အရပ်သားများ နေထိုင်သည့်နေရာကို လေကြောင်းသုံးတိုက်ခိုက်မှုအတွင်း ကလေးငယ်များ သေဆုံးရသည့်အတွက် မိသားစုများနှင့် ထပ်တူဝမ်းနည်းရသည်ဟု ထုတ်ပြန်သည်။

ထို့အပြင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ်ကလည်း စစ်ကောင်စီ၏ အဆိုပါ လုပ်ရပ်ကို ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း စက်တင်ဘာ ၂၁ တွင် ထုတ်ပြန်သည်။ 

“ကျောင်းများနှင့် ဆေးရုံများကို တိုက်ခိုက်မှုများသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပြင်းထန်စွာရှုတ်ချကန့်ကွက်ထားသည့် လက်နက်ကိုင်ပဋိပက္ခများအတွင်း ကလေးသူငယ်များအပေါ် ကျူးလွန်သည့် ကြီးလေးသောချိုးဖောက်မှု” ဟု ကုလ ကြေညာချက်တွင် ပါရှိသည်။

ကလေးသူငယ်များအပါအဝင် အရပ်သားပြည်သူများ၊ အရပ်ဘက်ဆိုင်ရာ ပစ္စည်း၊ အဆောက်အအုံများကို တိုက်ခိုက်ခြင်းမပြုရန်လည်း တိုက်တွန်းထားပြီး “မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံတကာရာဇဝတ်မှုများကို ကျူးလွန်ခဲ့သူများအားလုံး တာဝန်ခံမှုရှိစေရန် ဆောင်ရွက်ရမည်” ဟုလည်း ကြေညာချက်က ဆိုသည်။

ဓာတ်ပုံ – ဒီပဲယင်းမြို့နယ် စစ်ရှောင် ထောက်ပံ့ရေး လူမှုကွန်ရက်စာမျက်နှာ

ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကမူ နိုင်ငံတကာ၏ တုံ့ပြန်ချက်ကို အားမလိုအားမရဖြစ်မိသည်ဟု ပြောသည်။

“စစ်အာဏာရှစ်စနစ်သည် ဘယ်သူသေသေ ငတေမာရင်ပြီးရော စိတ်ဓာတ်နဲ့ လုပ်နေတာ။ အဲဒါကို နိုင်ငံတကာအနေနဲ့ အမြန်ဆုံး ပြည်သူတွေဘက်က ရပ်မလား၊ ခွပြီးတော့ ထိုင်မလား၊ မပြတ်မသားဆုံးဖြတ်ချက်တွေ၊ စိုးရိမ်ပူပန်တယ်ဆိုတဲ့ စကားလုံးတွေနဲ့ပဲ သွားမလား၊ ကျွန်တော်တို့ ပြည်သူတွေက စောင့်ကြည့်နေတယ်” ဟု သူက မှတ်ချက်ပြုသည်။ 

ကလေးငယ်အများအပြား သေဆုံးရသည့် လက်ယက်ကုန်းရွာတွင်မူ ၎င်းတို့ ရင်ဆိုင်ခဲ့ရသည့် လေကြောင်းတိုက်ခိုက်ခံရမှုကဲ့သို့ ဖြစ်ရပ်ဆိုးမျိုး မည်သည့်ဒေသတွင်မှ မပေါ်ပေါက်စေရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက ထိရောက်စွာကူညီရန် မျှော်လင့်နေကြသည်။

အကြမ်းဖက်မှုများ ရပ်တန့်သွားမည့်နေ့ကိုလည်း မျှော်လင့်နေကြသည်ဟု ဒေါ်အေးမြင့်အပါအဝင် လက်ယက်ကုန်းဒေသခံများက ပြောသည်။

“ကျွန်မတို့ရွာအပါအဝင် တစ်နိုင်ငံလုံး လိုချင်နေတာက စစ်မှန်တဲ့ဒီမိုကရေစီ၊ ဒီစစ်အာဏာရှင်ချုပ်ငြိမ်းဖို့။ အဲဒီ ၂ ချက်သာရရင် ကျွန်မတို့ အကုန်လုံးပြည့်စုံတယ်၊ လုံလောက်တယ်၊ ဘယ်အထောက်အပံ့မှလည်း မလိုချင်ဘူး” ဟု တပည့်များကို  မျက်စိရှေ့တွင် မရှုမလှဆုံးရှုံးခဲ့ရသည့် စေတနာ့ဝန်ထမ်း ကျောင်းဆရာမ ဒေါ်အေးမြင့်က ပြောလိုက်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button